"ထိုက်ပန်" မြို့က "ထင်းလုံ" သိုင်းသင်တန်းကျောင်းမှာ ပညာသင်ယူနေတဲ့ လူငယ်လေး "ကျူရှု" ဟာ စိတ်မမှန်ဘဲ အရူးကြီးတစ်ပိုင်းဖြစ်နေတဲ့ "ရန်ချုံထင်" ရဲ့လက်က ထွက်ပြေးရင်း "ဖုံးလိန်တောင်" က "အမုန်းစံအိမ်" ကို မမျှော်လင့်ဘဲ ရောက်သွားခဲ့ပြီး သူ့ဘဝရဲ့ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံရပါတော့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က "မိုးထိဂိုဏ်း" ရဲ့ တတိယခေါင်းဆောင် "ရန်ချုံထင်" ဟာ ဂိုဏ်းချုပ် နာမကျန်းဖြစ်နေခိုက် "မိုးမြေတခွင်သိုင်းကျမ်း" ကို ခိုးယူ ထွက်ပြေးရင်း "ကျိဖု" နဲ့ "လူချီ" တို့ ညီအစ်မ ရှိရာ "အမုန်းစံအိမ်" ကို ရောက်လာခဲ့ပါတယ်။
"ကျိဖု" နဲ့ "လူချီ" တို့နှစ်ဦးလုံးဟာ "ရန်ချုံထင်" ကို ချစ်ကြိုက်ခဲ့ကြပြီး "ရန်ချုံထင်" က "လူချီ" ကို ရွေးချယ်သွားခဲ့တဲ့အတွက် အချစ်ကြီး သလောက် အမျက်ကြီးတဲ့ "ကျိဖု" ဟာ "လူချီ" ကို ချောက်ထဲတွန်းချ လုပ်ကြံခဲ့တဲ့အပြင် ယောက်ကျားတွေကို မုန်းတီးမှုတွေနဲ့ပဲ တစ်သက်လုံး ထင်ရာစိုင်း နေထိုင်ခဲ့ပါတော့တယ်။
နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ပြီးနောက် မမျှော်လင့်ဘဲ "အမုန်းစံအိမ်" ကို ရောက်လာတဲ့ လူငယ်လေး "ကျူရှု" ဟာ ချောက်ထဲပစ်ချခံခဲ့ရပေမယ့် အသက်မသေခဲ့ဘဲ အဖွားအို "လူချီ" နဲ့ ဆုံတွေ့ခဲ့ပြီး သိုင်းပညာ သင်ယူတတ်မြောက်လာခဲ့သလို "ရန်ချုံထင်" ကို စောင့်ရှောက်ကာကွယ်ပေးဖို့လည်း တာဝန်ပေးခြင်း ခံရပါတယ်။
အဲဒီနောက် "ကျူရှု" ဟာ အဖွားအို "လူချီ" သင်ကြားပေးခဲ့တဲ့ သိုင်းပညာနဲ့ အမုန်းစံအိမ် သခင်မကြီး "ကျိဖု" ကို အနိုင်ယူနိုင်ခဲ့ပေမယ့် သိုင်းလောကအတွေ့အကြုံ နည်းလွန်းတာကြောင့် သခင်မလေး "ဝမ်ကျင်" ကို ရှုးနိမ့်ခဲ့ရပြီး သူငယ်ပြန် လူဝကြီး "ရှောင်စန်"၊ အရူးမ "ရှမ်စွေ"နဲ့ အိမ်ဖော်မိန်းကလေး "ချင်လျန်" တို့ရဲ့ ကူညီပေးမှုကြောင့်သာ အကြိမ်ကြိမ် သက်သာရာ ရခဲ့ပါတယ်။
တကယ်တော့ သခင်မလေး "ဝမ်ကျင်" ဟာ အမုန်းစံအိမ် သခင်မကြီး "ကျိဖု" ရဲ့ ပုံသွင်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် စိတ်ထားခက်ထန် မာကျောနေခဲ့တာဖြစ်သလို သူမရဲ့ မျက်နှာကို မြင်တွေ့သွားသူကို လက်ထပ်ရမယ့် သံမဏိ စည်းကမ်းချက်ကြောင့်လည်း "ကျူရှု" အပေါ် တင်းတင်းမာမာ ဆက်ဆံနေခဲ့တာ ဖြစ်ပါတယ်။
"ကျူရှု" ဟာ အဖွားအို "လူချီ" ရဲ့ ခိုင်းစေချက်အတိုင်း စိတ်မမှန်ဘဲ ရူးသွပ်နေတဲ့ "ရန်ချုံထင်" ကို လိုက်လံစောင့်ရှောက်ဖို့ ကြိုးစားရင်း "ရန်ချုံထင်" ထံက "မိုးမြေတစ်ခွင်" သိုင်းပညာ အမွေခံရရှိခဲ့ပြီး "ရန်ချုံထင်" ကို အကောက်ကြံခဲ့တဲ့ "မိုးထိဂိုဏ်း" ရဲ့ ဒုတိယခေါင်းဆောင် ကို လက်စားချေဖို့လည်း တာဝန်ပေးခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကမှာ ဧကရာဇ်တောင်ကြားသခင် "ကွမ်ရှိ" ဟာ သိုင်းလောကကို အုပ်စိုးဖို့အတွက် ထိပ်တန်းသိုင်းသမားတွေကို စည်းရုံးနေသလို ဗေဒါဂိုဏ်းချုပ် "ရိုစန်"၊ ပညာရှိသိုင်းသမား "ဖိုးသူတော်" တို့လို အဖြူရောင်သိုင်းသမားတွေကလည်း "ဧကရာဇ်တောင်ကြား" သခင်ကို ပြန်လည်အံတုဖို ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။
ဧကရာဇ်တောင်ကြားသခင် "ကွမ်ရှိ" က သားဖြစ်သူ ကျောက်စိမ်းမင်းသား "ကွမ်ကြုံ" ကို အမုန်းစံအိမ် သခင်မလေး "ဝမ်ကျင်" နဲ့ လက်ထပ်ပေးပြီး ထင်ရာစိုင်းဖို့ ကြိုးစားလာတဲ့အခါ ... ။
📚 ၄ အုပ်တွဲ