ဒီဝတ္တုဟာ စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ နာမည်ကျော် "တကျော့ပြန် သိမ်းငှက်သူရဲကောင်းများ" (The Return of The Condor Heroes) ကို တိုက်ရိုက် ဘာသာမပြန်ဘဲ မြန်မာမှုပြုထားတဲ့ ဝတ္တုတစ်ပုဒ်ဖြစ်ပါတယ်။
စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ နာမည်ကျော် လက်ရာတွေအထဲက တစ်ခုဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲအဖြစ်လည်း အောင်မြင်ခဲ့တဲ့ ဝတ္တုတစ်ပုဒ်ဖြစ်ပါတယ်။
"တကျော့ပြန် သိမ်းငှက်သူရဲကောင်းများ (The Return of The Condor Heroes)" ဆိုတဲ့ အမည်နဲ့ "မင်ပေါင်း" သတင်းစာမှာ ၁၉၅၉ ခုနှစ် ကနေ ၁၉၆၁ ခုနှစ်အထိ ဖော်ပြခဲ့တဲ့ ဒီဝတ္တုကို မြန်မာနိုင်ငံမှာတော့ "မိုးကျော်သူ" က "သိုင်းလောကမောင်မယ်များနှင့် သိုင်းလောကမှ မျိုးဆက်များ" လို့ ဘာသာပြန်ခဲ့ပြီး အဲဒီ ဝတ္တုထဲက "ယန်းကို" နဲ့ "ရှောင်လုံနွီ" ဟာ တက္ကသိုလ်ဘုန်းကြွယ် ရဲ့ "လင်းယုန်မောင်မယ်" မှာတော့ "မောင်မျှော်မြင်" နဲ့ "နဂါးမယ်လေး" ဖြစ်လာပါတယ်။
"The Return of The Condor Heroes" ကို "မြဝတီရုပ်မြင်သံကြား" ကလည်း "သူရဲကောင်းတို့၏ ဒဏ္ဍာရီ (၃)" လို အမည်ပေး ထုတ်လွှင့်ခဲ့သလို နောက်ပိုင်းမှာတော့ Version အမျိုးမျိုးနဲ့ ရုပ်သံစီးရီးတွေ ဆက်လက်ထွက်ရှိခဲ့ပြီး "သိမ်းငှက်သူရဲကောင်း" ဆိုတဲ့ အမည်နဲ့ "ကောကျင့်"၊ "ဟွမ်းယုံ"၊ "ရန်ကော်"၊ "ဂူဂူး(ရှောင်လုံနွီ)" ဆိုတဲ့ ဇာတ်ကောင်တွေကို သိုင်းလောကသားတွေ လူသိအများဆုံးဖြစ်မှာပါ။
ဝတ္တုအနေနဲ့ အစဥ်အတိုင်းဆိုရင်တော့ (၁) သိုင်းလောကမှ သူရဲကောင်းများ၊ (၂) သိုင်းလောကမောင်မယ်များ၊ (၃) သိုင်းလောကမှ မျိုးဆက်များ လို့ အတွဲ ၃ တွဲ ရှိပါတယ်။
ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ပြောရရင်တော့ "ကောကျင့်" [ဝတ္တုထဲမှာ ကေ့ကျိန်း] ပါဝင်တဲ့ သိမ်းငှက်သူရဲကောင်း (၁) သို့မဟုတ် "မက်မွန်မြေမှချစ်တေးတပုဒ်" က "သိုင်းလောကမှသူရဲကောင်းများ" စာစဥ်တွဲဖြစ်ပြီး "ရန်ကော်" [ဝတ္တုထဲမှာ ယန်းကို့] ပါဝင်တဲ့ သိမ်းငှက်သူရဲကောင်း (၂) က "သိုင်းလောက မောင်မယ်များနဲ့ သိုင်းလောကမှ မျိုးဆက်များ" စာစဥ်တွဲ၊ နှစ်တွဲပေါင်း ဖြစ်ပါတယ်။
နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ဆက်လက်ရိုက်ကူးခဲ့တဲ့ "ကျန်းဝူကျိ" [ဝတ္တုထဲမှာ ကျန်းဟူကျင်း] ပါဝင်တဲ့ "နဂါးနိုင်ဓါး" သိုမဟုတ် "ဓါးနှစ်လက်ရဲ့ရာဇဝင်" ကတော့ ဒီစာစဥ်တွဲတွေရဲ့ အဆက်ဖြစ်ပါတယ်။
စာစဥ် တစ်ပိုင်းစီကို နာမည်တစ်မျိုးစီနဲ့ ထုတ်ဝေလေ့ရှိတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ထုံးစံအတိုင်း "လင်းယုန်မောင်မယ်" စာစဥ်တွဲမှာ "သိုင်းမျိုးဆက်၏ ရန်ဘက်ချစ်သူ"၊ "ဂူအောင်းသိုင်း ကညာပျို"၊ "သိုင်းပျိုဖြူ၏ ချစ်ဦးသူ"၊ "ခရီးသည်သိုင်းသမား"၊ "ဝါးစိမ်းတုတ်သိုင်း"၊ "သိုင်းလောကဦးသျောင်"၊ "သိုင်းလောကရန်ကြွေး"၊ "စိမ်းကားချောက်ကမ်းပါးမှ မေတ္တာရှင်"၊ "ရန်ကြွေးနှင့် သစ္စာ"၊ "ချစ်ရေးခက်ခက် လွမ်းရေးဆက်"၊ "မေတ္တာရေလှိင်း ဓားမုန်တိုင်း"၊ "လင်းယုန်လူစွမ်းကောင်း" နဲ့ "လင်းယုန်မောင်မယ်" ဆိုတဲ့ အပိုင်း ၁၃ ပိုင်း ပါဝင်ပါတယ်။
📚 ၁၃ အုပ်တွဲ