နတ်ဘုရား "ဓါးမော့စံအိမ်" နဲ့ "မြင်းတစ်သောင်းဌာန" တို့ဟာ ရင်းနှီးတဲ့ မိတ်ဖက်တွေဖြစ်ကြပြီး နှင်းမုန်တိုင်း ကျရောက်တဲ့ ညတစ်ညမှာ လူမမယ်ကလေးငယ်တစ်ဦးကလွဲလို့ "ဓါးမော့စံအိမ်" က လူအားလုံး တစ်ယောက်မကျန် လုပ်ကြံခံခဲ့ရပေမယ့် "မြင်းတစ်သောင်းဌာန" ဟာ ဒီရန်ကြွေးကို ၁၈ နှစ်ကြာခဲ့တဲ့တိုင်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။
တစ်ရက်မှာတော့ "မြင်းတစ်သောင်းဌာန" မှာ မွေးမြူထားတဲ့ ရာနဲ့ချီတဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ တစ်ညတည်းမှာ ဓါးမော့နဲ့ သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ရန်သူတွေ "မြင်းတစ်သောင်းဌာန" ကို တိုက်ခိုက်ဖို့ ကြိုးစားလာပြီလို့ တတိယသခင်ကြီး "မားခုန်းချွင်" က ယူဆပြီး နယ်ခြားမြို့ကလေးကို ရောက်လာကြတဲ့ မသင်္ကာဖွယ် လူစိမ်း ၅ ဦးဖြစ်တဲ့ "ရဲ့ခိုင်"၊ "ဖူဟောင်ရွယ်"၊ "မုယုံမင်းကျူ"၊ "လိုလိုရှန်း" နဲ့ "ပင့်ကူပျံ" တို့ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ "မြင်းတစ်သောင်းဌာန" မှာ တည်းခိုနေထိုင်နေကြသူ ၅ ဦး အနက် "ပင့်ကူပျံ" နဲ့ "မုယုံမင်းကျူ" တို့ဟာ ဓါးမော့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ကြသလို "မြင်းတစ်သောင်း" အဖွဲ့သား ၁၃ ဦးဟာလည်း သတ်ဖြတ်ခံခဲ့ရတဲ့အတွက် တတိယသခင်ကြီး "မားခုန်းချွင်"၊ လက်ထောက်ခေါင်းဆောင် "ကုန်းစွန်းတွမ့်" နဲ့ လက်ရုံးတွေဖြစ်တဲ့ "ဟွာမင်းကျန်"၊ "ယွင်ဇိုင်တျန်း" တို့ဟာ တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမဲ့ တတိယသခင်ကြီး "မားခုန်းချွင်" ဟာ ပြင်ပက ဝင်ရောက်လာမယ့် ရန်သူကိုသာမက အဖွဲ့တွင်းက သစ္စာဖောက်တွေကိုပါ ရင်ဆိုင်ခဲ့ရပြီး လက်ထောက်ခေါင်းဆောင် "ကုန်းစွန်းတွမ့်" နဲ့ လက်ရုံးတွေဖြစ်တဲ့ "ဟွာမင်းကျန်"၊ "ယွင်ဇိုင်တျန်း" တို့အားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီနောက် "လိုလိုရှန်း" ဟာလည်း လုပ်ကြံခံရပြီး သေဆုံးသွားတဲ့အခါ ဧည့်သည် ၅ ဦးထဲ က နောက်ဆုံးကျန်ရစ်ခဲ့ကြသူတွေဖြစ်တဲ့ ဓါးမော့ တစ်လက်ကို မလွှတ်တမ်းကိုင်ဆောင်ထားတတ်တဲ့ ထော့ကျိုးကောင်လေး "ဖူဟောင်ရွယ်" နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာလက်နက်မှ မတွေ့ရပေမယ့် ဓါးပျံတစ်လက် အချိန်မရွေးရောက်လာတတ်တဲ့ "ရဲ့ခိုင်" တို့ဟာ အန္တရာယ်တွေ၊ လုပ်ကြံခံရမှုတွေရဲ့ကြားမှာ မိတ်ဆွေကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်။
အဲဒီလို အခြေအနေတွေ ရှုပ်ထွေးနေဆဲမှာ တတိယသခင်ကြီး "မားခုန်းချွင်" ရဲ့ဇနီး တတိယသခင်မ "ရှင်း" က လွန်ခဲ့တဲ့ ၁၈ နှစ်က ဖြစ်ပျက်ခဲ့တဲ့ "ဓါးမော့စံအိမ်" လုပ်ကြံခံရမှုရဲ့ လက်သည်တရားခံဟာ တတိယသခင်ကြီး "မားခုန်းချွင်" ဖြစ်တဲ့အကြောင်းနဲ့ "ဓါးမော့စံအိမ်" သခင်ကြီး "ပိုင်ကျန်ယု" နဲ့ သခင်မ "ဟွာပိုင်ဖုန်း" တို့ရဲ့ သားဟာ "ဖူဟောင်ရွယ်" ဖြစ်ကြောင်း "ရဲ့ခိုင်" ကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် တတိယသခင်ကြီး "မားခုန်းချွင်" ဟာ "မြင်းတစ်သောင်းဌာန" ကို မီးရှို့ဖျက်ဆီးကာ ရုတ်တရက် ခြေရာဖျောက်သွားခဲ့ပေမယ့် "မြင်းတစ်သောင်းဌာန" က ငှားရမ်းထားတဲ့ လူသတ်သမားတွေကတော့ "ဖူဟောင်ရွယ်" ကို လုပ်ကြံဖို့ ဆက်လက်ကြိုးစားနေခဲ့ကြတာကြောင့် "ရဲ့ခိုင်" က ကြားဝင် ကာကွယ်ပေးရင်း လွန်ခဲ့တဲ့ ၁၈ နှစ်က "ဓါးမော့စံအိမ်" လုပ်ကြံမှုမှာ ပါဝင်ခဲ့သူ "ရှောင်ပိုင်လိ" ကို စတင် ဖော်ထုတ်မိခဲ့ပါတယ်။
မွေးဖွားလာကတည်းက ရန်ငြှိုးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရသလို မွေးရာပါ ဝက်ရူးပြန်ရောဂါဆိုးကို တခြားသူတွေ မသိအောင် ဖုံးကွယ်နေရတဲ့ "ဖူဟောင်ရွယ်" ကတော့ တတိယသခင်ကြီး "မားခုန်းချွင်" ကို ခြေရာခံရှာဖွေနေခဲ့ပြီး "တိမ်လွှာဖြူစံအိမ်" သခင်ကြီး "ယွမ်ချိုယွင်" ရဲ့သား "ယွမ်ချင်းဖုန်း" နဲ့ တတိယ သခင်ကြီး "မားခုန်းချွင်" ရဲ့သမီး "မားဖန်းလင်" တို့ရဲ့ မင်္ဂလာပွဲမှာ "မားခုန်းချွင်" ရောက်အလာကို စောင့်ဆိုင်းရင်း "ဓါးမော့စံအိမ်" ကို လုပ်ကြံမှုမှာ ပါဝင်ခဲ့သူတွေကို စတင် လက်စားချေခဲ့ပါတယ်။
ဒါပေမဲ့ "ဖူဟောင်ရွယ်" ဟာ လုပ်ကြံမှုမှာ ပါဝင်ခဲ့သူတွေကိုသာမက မပါဝင်ခဲ့သူတွေကိုပါ သတ်ဖြတ်ခဲ့မိတဲ့အပြင် ဖခင်ဖြစ်သူ "ပိုင်ကျန်ယု" ရဲ့ မကောင်းသတင်း၊ ကောင်းသတင်း မျိုးစုံကို ကြားသိလာရပေမယ့်လည်း မပြီးဆုံးနိုင်တဲ့ လက်စားချေမှုသံသရာထဲက ရုန်းမထွက်နိုင်ခဲ့ပါဘူး။
မိတ်ဆွေရင်း "ရဲ့ခိုင်" ရဲ့ ကူညီမှု၊ ဓါးသမားကြီး "အားဖေး" ရဲ့ လမ်းညွှန်မှုတွေကြောင့် အသိတရားဝင်လာတဲ့ "ဖူဟောင်ရွယ်" တစ်ယောက် "ဓါးမော့စံအိမ်" လုပ်ကြံခံရမှုကြီးရဲ့ နောက်ခံသမိုင်း၊ ပြသနာဇစ်မြစ်တွေကို တဖြည်းဖြည်း သိရှိလာခဲ့ရပြီး လုပ်ကြံမှုမှာ ပါဝင်ခဲ့သူတွေဖြစ်တဲ့ "စာလိပ်တစ်သောင်း" စံအိမ်ရှင် "ယီတာ့ကျင်း"၊ "မက်မွန်ပန်းပွင့်ဒေဝီ" တို့နဲ့ ရင်ဆိုင်ရချိန်မှာ ခွင့်လွှတ်ခြင်းနဲ့ သင်ပုန်းချေပစ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဓါးမော့ "ကိုးဝေ" တို့မိသားစုနဲ့ ရင်ဆိုင်ရချိန်မှာတော့ ခွင့်လွှတ်ခြင်းကို မလိုလားတဲ့ မသမာသူတစ်ဦးက "ရဲ့ခိုင်" ရဲ့ ဓါးပျံကို အသုံးပြုပြီး ကြားဝင်လုပ်ကြံဖန်တီးမှုကြောင့် "ဖူဟောင်ရွယ်" ရဲ့ ဓါးမော့ဟာ "ကိုးဝေ" တို့ မိသားစုလိုက် သွေးချောင်းစီးစေခဲ့ရပြန်သလို အဆိုးဆုံးကတော့ "ဖူဟောင်ရွယ်" ရဲ့ အချစ်ရဆုံးချစ်သူ ဆောင်ကြာမြိုင်မယ်လေး "ကွေ့နွန်" တစ်ယောက် ရန်သူရဲ့ ဓါးချက်ကို သူ့ကိုယ်စား ဝင်ခံရင်း အသက်ပေးချစ်ပြသွားတဲ့အခါ "ဖူဟောင်ရွယ်" ဟာ "ရဲ့ခိုင်" ကိုပါ ရန်သူအဖြစ် ထပ်တိုး သတ်မှတ်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ တတိယသခင်မ "ရှင်း" ဓါးပျံ ထိမှန်သွားတဲ့ မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးနောက်မှာတော့ "ဖူဟောင်ရွယ်" ဟာ "ရဲ့ခိုင်" အပေါ် သူ့ရဲ့ အထင်မှားခဲ့မှုကို သိရှိသွားခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက "ဓါးမော့စံအိမ်" လုပ်ကြံမှုကြီးမှာ တတိယသခင်ကြီး "မားခုန်းချွင်" နဲ့အတူ အဓိက ကြိုးကိုင်ခဲ့တဲ့ ရန်သူတော်ကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့အခါ ... ။
📚 ၃ အုပ်တွဲ