"ယန့်ကျိုး" မြို၊ "မင်ယူး" ရပ်ကွက်၊ "နွေဦးဂေဟာ" က ပြည့်တန်ဆာမယ် "ဝေချွန်းဟွာ" ရဲ့သား ၁၂ နှစ်အရွယ်လူငယ်လေး "ဝေရှောင်ပေါင်" ဟာ စာမတတ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ဉာဏ်များလွန်းသူဖြစ်ပြီး သူတို့ဂေဟာမှာ ဆားကုန်သည်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျားငါးကောင် တောင်ခွဲဓါး "မောက်ရှီဘား" ကို ကူညီရင်း ဂေဟာက ထွက်ခွာလာခဲ့ပါတယ်။
အဲဒီအချိန်ဟာ တရုတ်ပြည်မှာ "မင်မင်းဆက်" ပျက်သုဥ်းပြီး "မန်ချူး" တွေ သိမ်းပိုက်အုပ်စိုးနေစဥ် အချိန်ကာလဖြစ်သလို မန်ချူးနန်းတွင်းမှာလည်း အသက်အရွယ် ငယ်ရွယ်သေးတဲ့ ဘုရင်လေးကို နန်းရင်းဝန် အမတ်ကြီး "အိုးဘို" က ထိန်းချုပ်ထားတဲ့ ကာလ ဖြစ်ပါတယ်။
မန်ချူး နံပါတ် ၁ သိုင်းသမားဖြစ်သူ "အိုးဘို" ကို စိန်ခေါ် တိုက်ခိုက်မယ်လို "မောက်ရှီဘား" က ကြွားလုံးထုတ်ခဲ့တဲ့အတွက် "ဝေရှောင်ပေါင်" လည်း "မောက်ရှီဘား" နဲ့အတူ "ပီကင်းနေပြည်တော်" ကို လိုက်ပါလာခဲ့ပါတယ်။
"ပီကင်းနေပြည်တော်" အရောက်မှာတော့ မန်ချူးသိုင်းသမားတွေနဲ့ "မောက်ရှီဘား" ခိုက်ရန်ဖြစ်ပွားခဲ့ကြရာက နန်းတွင်းစားဖိုဆောင် တာဝန်ခံ "ဟိုင်ကုန်းကုန်း" (ဟိုင်ကျန်းဖု) က သူတို့နှစ်ဦးကို နန်းတွင်းထဲ ဖမ်းခေါ်သွားခဲ့ပါတယ်။
သိုင်းပညာထူးချွန်သလောက် ပန်းနာရင်ကျပ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ "ဟိုင်ကုန်းကုန်း" ကို လူညစ်လေး "ဝေရှောင်ပေါင်" က အလစ်ချောင်းပြီး ဆေးအလွန်အကျွံ ထည့်တိုက်လိုက်တဲ့အတွက် "ဟိုင်ကုန်းကုန်း" တစ်ယောက် မျက်စေ့ကွယ်သွားခဲ့ရပါတယ်။
အဲဒီနောက် "ဝေရှောင်ပေါင်" လည်း "ဟိုင်ကုန်းကုန်း" ရဲ့ လက်တိုလက်တောင်းတပည့် မိန်းမစိုးလေး "ရှောင်ကွေးစိ" ကို သတ်ဖြတ်ပြီး "ရှောင်ကွေးစိ" ရဲ့နေရာမှာ သူက အစားထိုးနေထိုင်ခြင်းဖြင့် နန်းတွင်းမှာ အခြေချခဲ့ပါတော့တယ်။
စာမတတ်ပေမယ့် အလွန် လူရည်လည်တဲ့ လူငယ်ပေါက်စလေး "ဝေရှောင်ပေါင်" တစ်ယောက် လျင်လျင်မြန်မြန်ပဲ နန်းတွင်းမှာ အခြေကျခဲ့သလို "ရှောင်ရှန်း" အမည်ရှိ လူငယ်လေးနဲ့ မုန့်ခိုးစားရင်း၊ နပန်းလုံးရင်း၊ သိုင်းပညာပြိုင်ရင်း ညီအစ်ကိုရင်းချာသဖွယ် ရင်းနှီးလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ "ရှောင်ရှန်း" ဟာ "ခန်းစီးဘုရင်လေး" ဖြစ်မှန်းသိလာရပြီး သူတို့နှစ်ဦးဟာ နန်းတွင်းမှာ ထင်ရာစိုင်းနေတဲ့ အမတ်ကြီး "အိုးဘို" ကို ဖမ်းဆီးနိုင်ခဲ့သလို "ဝေရှောင်ပေါင်" ဟာလည်း "ခန်းစီးဘုရင်လေး" ရဲ့ အချစ်ခင်ရဆုံး ကုန်းကုန်းတစ်ယောက်အဖြစ် သြဇာကြီးမားလာခဲ့ပါတယ်။
"ခန်းစီးဘုရင်လေး" အနာဂတ်မှာ အန္တရာယ်ကင်းစေရေးအတွက် အကျဥ်းချထားတဲ့ အမတ်ကြီး "အိုးဘို" ကို အပြတ်ရှင်းဖို "ဝေရှောင်ပေါင်" ထောင်ထဲကို ဝင်ရောက်သွားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် "မိုးမြေအဖွဲ"(ဟုန်းမင်ဂိုဏ်း) ကလည်း "အိုးဘို" ကို လာရောက်လုပ်ကြံချိန်နဲ့ ကြုံကြိုက်ပြီး "ဝေရှောင်ပေါင်" လည်း ဖမ်းခေါ်သွားခြင်း ခံရပါတယ်။
"ချင်ကျင်းနန်" ခေါင်းဆောင်တဲ့ "ဟုန်းမင်ဂိုဏ်း" ဟာ မန်ချူးတွေကို တော်လှန်ကာ "မင်မင်းဆက်" ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ကြီးဖြစ်ပြီး မျိုးချစ်စိတ်ရှိသူ "ဝေရှောင်ပေါင်" လည်း "ချင်ကျင်းနန်" ရဲ့ တပည့်တစ်ဦး အဖြစ်သာမက "ဟုန်းမင်ဂိုဏ်း" ရဲ့ "သစ်သားစိမ်းဂိုဏ်းခွဲမှူး" အဖြစ်ပါ ရာထူးရခဲ့ပါတယ်။
အဲဒီနောက် "ဝေရှောင်ပေါင်" ဟာ နန်းတွင်းမှာ ဟန်မပျက် ပြန်လည်နေထိုင်ရင်း သူလျိုအဖြစ် တာဝန်ထမ်းဆောင်နေစဥ် တခြား တော်လှန်ရေးအဖွဲတစ်ခုဖြစ်တဲ့ "မုနန်းတော်" က မိန်းကလေး "မုကျန်းပင်း" ကို နန်းတော်ထဲမှာ ဖွက်ထားပေးဖို့ တာဝန်ပေးခံရတဲ့အတွက် "ကုန်းကုန်း" အစစ်မဟုတ်တဲ့ "ဝေရှောင်ပေါင်" နဲ့ "မုကျန်းပင်း" တို့ ရေစက်ဆုံလာကြပြီး ... ။
📚 စတုတ္ထပိုင်းအထိသာ အခမဲ့ရနိုင်ပါဦးမယ်။