ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက အလင်းတမန်ဂိုဏ်း (ဝါ) အလင်းမာန်ဂိုဏ်း (The Ming Cult) အကြောင်းပါ။
အလင်းတမန်ဂိုဏ်း လိုခေါ်တဲ့ မိန်ဂိုဏ်းဟာ စာရေးဆရာကြီး ကျင်းယုံ ရဲ့ နဂါးနိုင်ဓါး (The Heaven Sword and Dragon Saber) ဝတ္ထုမှာ အထူးပြုပါဝင်ခဲ့တဲ့ ဂိုဏ်းကြီးတစ်ခုဖြစ်ပါတယ်။
ကျင်းယုံဟာ မိန်ဂိုဏ်းကို ဖန်တီးတဲ့နေရာမှာ ပြင်ပလောကမှာ အမှန်တကယ်တည်ရှိခဲ့တဲ့ မဏီဘာသာ (ဝါ) မဏီဝါဒ (Manichaeism) ကို အခြေခံပြီးဖန်တီးခဲ့တာပါ။
မဏီဝါဒ (Manichaeism) ဆိုတာကတော့ အေဒီ ၃ ရာစုမှာ ပါရှား နိမိတ်ဖတ်ဆရာ မဏီ (Mani) တည်ထောင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ အယူဝါဒတစ်ခု ဖြစ်ပါတယ်။ ပါရှား (Persia) ဆိုတာကတော့ ဒီနေ့ခေတ် အီရန် (Iran) ပါပဲ။
မဏီဝါဒဟာ အလင်းနဲ့ အမှောင်၊ ကောင်းခြင်းနဲ့ မကောင်းခြင်းတိုအကြား ဆန့်ကျင်မှုအပေါ် အခြေခံပါတယ်။ နောက်ပိုင်းမှာ ရောမအင်ပါယာတခွင်နဲ့ အာရှတိုက်ဆီကို ပျံ့နှံသွားခဲ့ပြီး တရုတ်ပြည်ကိုတော့ ထန်မင်းဆက်ခေတ်မှာ ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မဏီဝါဒဟာ ယုံကြည် လိုက်နာသူ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ မဏီဝါဒရဲ့ အနုပညာ၊ စာပေ၊ အတွေးအခေါ် တချိုလောက်ပဲ မှတ်တမ်းအနေနဲ့ ကျန်ရစ်ပါတော့တယ်။
နဂါးနိုင်ဓါး ဝတ္ထုပါ အလင်းတမန်ဂိုဏ်း (ဝါ) အလင်းမာန်ဂိုဏ်း (ဝါ) မိန်ဂိုဏ်းအကြောင်း ဆက်ပါမယ်။
အလင်းတမန်ဂိုဏ်းရဲ့ ဌာနချုပ်ဟာ ခွန်းလွန် (Kunlun) တောင်တန်းပေါ်က ကွမ်းမိန်တောင်ထိပ် (Bright Peak) မှာ တည်ရှိပါတယ်။
ခေတ်အဆက်ဆက်မှာ အလင်းတမန်ဂိုဏ်းဟာ လူသားတွေကို ဒုက္ခဆင်းရဲက ကယ်တင်ဖို့နဲ့ အဖျက်အမှောင်ကို ဖယ်ရှားဖို့ဆိုတဲ့ ဂိုဏ်းရဲ့ရည်ရွယ်ချက် အတိုင်း လိုက်နာကျင့်သုံးခဲ့ပါတယ်။ မွန်ဂိုဦးဆောင်တဲ့ ယွမ်မင်းဆက် လက်ထက်မှာလည်း အကျင့်ပျက် အစိုးရကို ဖြုတ်ချဖို့ ပုန်ကန်ခဲ့ပါတယ်။
ဒါပေမဲ့ အလင်းတမန်ဂိုဏ်းရဲ့ ပြင်းထန်တဲ့ စည်းကမ်းချက်တွေနဲ့ အစွန်းရောက်တဲ့ လုပ်ရပ်တွေဟာ အစိုးရဘက်တော်သားတွေသာမက သိုင်းလောကထဲက အဖြူရောင်ဂိုဏ်းကြီးတွေရဲ့ ငြိုငြင်မှုကိုပါ ခံခဲ့ရပြီး အနက်ရောင်ဂိုဏ်းအဖြစ် သတ်မှတ်ခံရပါတယ်။
ဒါကြောင့် ရှောင်လင် (Shaolin)၊ ဝူတန် (Wudang)၊ အော်မေ့ (Emei)၊ ခွန်းလွန် (Kunlun)၊ ခုံတုံ (Kongtong) နဲ့ ဟွာစန်း (Mount Hua) စတဲ့ ဂိုဏ်းကြီးတွေဟာ အချင်းချင်း မဟာမိတ်ဖွဲ့ပြီး အလင်းတမန်ဂိုဏ်းကို ဖြိုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။
၃၄ ယောက်မြောက် အလင်းတမန်ဂိုဏ်းချုပ် ကျန်းဝူကျိ (Zhang Wuji) လက်ထက်မှာတော့ ဂိုဏ်းတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သလို သိုင်းလောက ကောင်းကျိုးဆောင်ရွက်ရင်း အနှစ်နှစ် အလလ ကြာမြင့်နေပြီဖြစ်တဲ့ အဖြူရောင်ဂိုဏ်းကြီးတွေရဲ့ အလင်းတမန်ဂိုဏ်းအပေါ် မကောင်းမြင်စိတ်တွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။
နတ်မီးတံဆိပ်ပြား (Holy Flame Tablets) ဟာ အလင်းတမန်ဂိုဏ်း ဂိုဏ်းချုပ်ကြီးရဲ့ အမှတ်အသား ဖြစ်ပါတယ်။ ဂိုဏ်းချုပ်ကြီးရဲ့ လက်အောက်မှာ ကိုယ်ရံတော် နှစ်ပါးနဲ့ အကြီးအကဲလေးယောက်က အုပ်ချုပ်ပါတယ်။
အလင်းတမန်တော် နှစ်ပါး (ဝါ) ကိုယ်ရံတော် နှစ်ပါးက ဘယ်လက်ရုံး ရန်ရှောင်း (Yang Xiao) နဲ့ ညာလက်ရုံး ဖန်ယောင် (Fan Yao) တို့ပါ။
ဂိုဏ်းစောင့်မင်းကြီး လေးပါး (ဝါ) အကြီးအကဲ လေးယောက်ကတော့ ရွှေခြင်္သေ့မင်း ရှက်စွန်း (Xie Xun)၊ မျက်ခုံးဖြူ သိမ်းငှက်မင်း ရင်ထျန်းကျန်း (Yin Tianzheng)၊ ခရမ်းရောင် နဂါးမင်း တိုင်ချီစစ် (Daiqisi)၊ အစိမ်းရောင် လင်းနို့မင်း ဝေရီးရှောက် (Wei Yixiao) တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဌာနခွဲ ငါးခုလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ရွှေအလံအဖွဲ့၊ ရေအလံအဖွဲ့၊ မီးအလံအဖွဲ့၊ သစ်သားအလံအဖွဲ့နဲ့ မြေကြီးအလံ အဖွဲ့တို့ပါပဲ။
ပါရှားပြည်က အလင်းတမန်ဂိုဏ်းရဲ့ ဖွဲ့စည်းပုံနဲ့ တရုတ်ပြည်က အလင်းတမန်ဂိုဏ်းရဲ့ ဖွဲ့စည်းပုံက မတူညီပါဘူး။
ပါရှားပြည် အလင်းတမန်ဂိုဏ်းဟာ "Holy Maidens" လို့ ခေါ်တဲ့ အပျိုတော် သုံးဦးနဲ့ သူတို့က ထပ်မံ ရွေးချယ်ထားတဲ့ အမျိုးသမီးတစ်ဦးက ဦးဆောင်ပါတယ်။ အပျိုတော် သုံးဦးရဲ့ အောက်မှာမှ အကြီးအကဲ ၁၂ ယောက်က အုပ်ချုပ်ပါတယ်။
ထူးခြားတာက အပျိုတော်တွေဟာ အပျိုစင်ဘဝကို ထိန်းသိမ်းထားရပါတယ်။ အကယ်၍ အပျိုစင်ဘဝကို ဆုံးရှုံးသွားခဲ့မယ်ဆိုရင်တော့ ဂိုဏ်းစည်းကမ်းအရ မီးရှို့အပြစ်ပေးခံရမှာပဲ ဖြစ်ပါတယ်။
မိန်းမလှလေးတွေကြားထဲ ဗျာများနေခဲ့သူ တရုတ်ပြည် အလင်းတမန် ဂိုဏ်းချုပ်ကြီး ကျန်းဝူကျိ ဟာ နောက်ဆုံးမှာ ဘယ်လက်ရုံး ရန်ရှောင်း (Yang Xiao) ထံကို ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းပေးပြီး မွန်ဂိုမင်းသမီး ကျောက်မိန်နဲ့အတူ သိုင်းလောကထဲက အနားယူသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အလင်းတမန်ဂိုဏ်းအတွင်း ဦးဆောင်မှု အားနည်းလာခဲ့သလို ကျူးယွင်ကျန်း (Zhu Yuanzhang) ရဲ့ မင်မင်းဆက် စတင်တည်ထောင်ရေးကြိုးပမ်းမှုတွေကလည်း ပိုမို အားကောင်းလာခဲ့ပါတယ်။
ဒါကြောင့် နောက်ဆုံးမှာ အလင်းတမန်ဂိုဏ်းဟာ တော်လှန်ရေးတာဝန်တွေ ပြီးဆုံးသွားပြီး သိုင်းလောက ကနေ တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားပါတော့တယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#အလင်းတမန်ဂိုဏ်း
#TheMingCult
#wikiwuxiathinelawka