ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက အော်မေ့ဂိုဏ်း လို့ခေါ်တဲ့ ဝါမေဂိုဏ်း အကြောင်းပါ။
အော်မေ့ဂိုဏ်း (Emei Sect) ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စစ်ချွမ်းပြည်နယ် (Sichuan Province)၊ ဝါမေတောင် (ဝါ) အော်မေ့တောင် (Emei Mountain) မှာ တည်ရှိပြီး ဂိုဏ်းဝင်အများစုဟာ ဗုဒ္ဓဘာသာနဲ့ တာအိုသီလရှင်တွေ ဖြစ်ပါတယ်။
သိုင်းလောကရဲ့ လူသိအများဆုံး ထိပ်တန်းသိုင်းဂိုဏ်းကြီးတွေအထဲက တစ်ခုတည်းသော အမျိုးသမီးဂိုဏ်းဖြစ်တဲ့ "အော်မေ့ဂိုဏ်း" ကို "ကောရှမ်း" (Guo Xiang) က ယွမ်မင်းဆက် (Yuan Dynasty) အနှောင်းပိုင်းကာလမှာ "ကျန်းစန်းဖုန်း" ရဲ့ "ဝူတန်ဂိုဏ်း" နဲ့ မရှေးမနှောင်းအချိန်မှာပဲ စတင်တည်ထောင်ခဲ့ပါတယ်။
"ကောရှမ်း" (ဝါ) "ကော့လင်းလင်း" ဟာ စာရေးဆရာကြီး ကျင်းယုံ (Jin Yong) ရဲ့ "သိမ်းငှက်သူရဲကောင်း" (The Return of the Condor Heroes) ထဲက နာမည်ကျော် သူရဲကောင်း "ကောကျင့်" (Guo Jing) နဲ့ "ဟွမ်းယုံ" (Huang Rong) တို့ရဲ့ သမီးငယ်ပါ။ သူမဟာ မွေးကင်းစ အရွယ်မှာပဲ မိန်းမဆိုး "လီမော်ချိုး" (Li Mochou) ရဲ့ အထင်မှားဖမ်းဆီးခြင်းကိုခံခဲ့ရပေမယ့် နောက်ပိုင်းမှာ "ရန်ကော်" (Yang Guo) က ပြန်လည် ကယ်တင်ပေးခဲ့ပါတယ်။
တကယ်တော့ မိန်းကလေး "ကောရှမ်း" ရဲ့ ဘဝဟာ အထီးကျန်ဆန်ပြီး သနားစရာကောင်းခဲ့ပါတယ်။ သူမဟာ ချစ်ရသူရဲ့ ဂရုမစိုက်ခြင်းကိုခံရတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းလောကထဲ ခြေဦးတည့်ရာ လျောက်သွားနေခဲ့သလို မွန်ဂိုစစ်ဘုရင် "ကူဗလိုင်ခန်" (Kublai Khan) ရဲ့ လက်ထဲ "ရှန်းယန်မြို့" (Xiangyang) ကျရှုံးသွားခြင်းနဲ့အတူ သူမတို့ မိသားစု တစ်စုလုံး သေဆုံးသွားခဲ့ရပြီးနောက်မှာတော့ "တိမ်လွှာဓါး" (Heaven Reliant Sword) နဲ့အတူ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
ဒီလိုနဲ့ အသက် ၄၀ အရွယ်မှာ "ကောရှမ်း" ဟာ ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် အော်မေ့တောင်ပေါ်မှာ "အော်မေ့ဂိုဏ်း" ကို စတင် တည်ထောင်ခဲ့ပါတယ်။
"နဂါးနိုင်ဓါး" (The Heaven Sword and Dragon Saber) စာစဥ်အရ "ကောရှမ်း" ဟာ မိဘတွေ မကွယ်လွန်မီမှာ "ကျန်းစန်းဖုန်း" (Zhang Sanfeng) နဲ့အတူ ရှောင်လင်ဘုန်းတော်ကြီး "ကြွယ်ရွှမ်" (Jueyuan) ထံက "နေစကြာကျင့်စဥ်" (Nine Yang Manual) ကို တစ်ပိုင်းတစ်စ ရခဲ့ပါတယ်။
သူမရဲ့ သိုင်းပညာ အများစုကတော့ အဖိုးဖြစ်သူ "ဟွမ်ယောက်ရှီ" (Huang Yaoshi) နဲ့ မိဘနှစ်ပါးဆီက အမွေဆက်ခံခဲ့တာပါ။ အဲဒီသိုင်းပညာတွေထဲမှာ "ချွမ်ကျင်း အတွင်းအားကျင့်စဥ်" (Quanzhen Internal Energy Cultivation)၊ "မက်မွန်ကျွန်းသိုင်းပညာ" (Peach Blossom Island Techniques)၊ "ခွေးရိုက်တုတ်သိုင်း" (Dog Beating Staff Technique) စတာတွေပါဝင်ပါတယ်။
မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်တဲ့ အမျိုးသားတွေကို ရင်ဆိုင်နိုင်ဖို့ လျှင်မြန်မှုနဲ့ လှည့်စားမှုတွေကို အထူးထည့်သွင်းတီထွင်ထားတဲ့ "အော်မေ့ဂိုဏ်း" ရဲ့ သိုင်းပညာရပ်တွေမှာ အတွင်းအား၊ လက်နက်ရှိ၊ လက်နက်မဲ့၊ အပျော့၊ အမာ မျိုးစုံပါဝင်ပြီး လက်နက်တွေအဖြစ် အပ်၊ ဆံထိုးနဲ့ ဓါးကို အသုံးပြုကြပါတယ်။
အထင်ရှားဆုံး သိုင်းပညာတွေကတော့ အော်မေ့ဓါးသိုင်း (Emei Swordplay) နဲ့ "အကြောပိတ်ကွက် ၃၆ ကွက်" (36 Styles of Dianxue) ပါပဲ။
နေစကြာကျမ်းကို အခြေခံထားတဲ့ "အော်မေ့ ကျိုယန်သိုင်း" (Emei Nine Yang Skill)၊ "ဗုဒ္ဓအလင်း ကမ္ဘာခွင်း လက်ဝါးသိုင်း" (Buddha’s Light Universal Illumination)၊ "သင်္ကေတလေးပါးလက်ဝါးသိုင်း" (Four Symbols Palm) တို့ဟာလည်း "ကောရှမ်း" တီထွင်ခဲ့တဲ့ အော်မေ့ဂိုဏ်းရဲ့ မူပိုင်သိုင်းပညာရပ်တွေဖြစ်ပါတယ်။
"ကောရှမ်း" ကွယ်လွန်သွားတဲ့အခါ သူမရဲ့ တပည့် သီလရှင် "ဖုန်းလင်" (Fengling) က ဂိုဏ်းခေါင်းဆောင်အဖြစ် ဆက်ခံခဲ့ပြီး "ဖုန်းလင်" ရဲ့ နောက်မှာတော့ သီလရှင် မြဲကြွယ် (Miejue)၊ "ကျိုးကျစ်လော့" (ဝါ) "ချူကျူး" (Zhou Zhiruo) တို့က အသီးသီး ဆက်ခံခဲ့ကြပါတယ်။
ကျင်းယုံရဲ့ "မြွေဓါးရှင်" (Sword Stained with Royal Blood) စာစဥ်မှာ အော်မေ့ဂိုဏ်းကို သိုင်းလောကရဲ့ ထိပ်တန်း ဓားဂိုဏ်းကြီးလေးခုအထဲက တစ်ခုအဖြစ် ညွှန်းဆိုထားခဲ့ပြီး "ကုလုံ" (Gu Long) စတဲ့ တခြားစာရေးဆရာကြီးတွေကလည်း သူတို့ရဲ့ ဝတ္တုတွေမှာ အော်မေ့ဂိုဏ်းကို ထည့်သွင်းရေးသားခဲ့ပါတယ်။
"ကုလုံ" ရဲ့ လုရှောင်ဖုန့် စာစဥ်တွဲ (Lu Xiaofeng Series)၊ The Kingdom of the Golden Bird မှာ အော်မေ့ဂိုဏ်းကို "တုကုးယိ" (Dugu Yihe) က ဦးဆောင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ အဖွဲ့ဝင် ကိုးဦးပါ Emei Kung Fu Girls အဖွဲ့ဟာ ရိုးရာ အော်မေ့သိုင်းပညာနဲ့ ခေတ်ပေါ်အက ရောစပ်ထားတဲ့ ဖျော်ဖြေမှုကြောင့် တရုတ်နိုင်ငံမှာ လူသိများလာခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#အော်မေ့ဂိုဏ်း
#EmeiSect
##wikiwuxiathinelawka