ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက အုတ်ဂူဟောင်းဂိုဏ်း အကြောင်းပါ။
"အုတ်ဂူဟောင်းဂိုဏ်း" (Ancient Tomb School) ဟာ စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) ရဲ့ "သိမ်းငှက်သူရဲကောင်း" (The Return of Condor Heroes) စာစဥ်ထဲက ထင်ရှားတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါတယ်။
"အုတ်ဂူဟောင်းဂိုဏ်း" ကို တည်ထောင်သူက "လင်ချောင်ယင်း" (Lin Chaoying) ဖြစ်ပြီး ဌာနချုပ်က ကျုံးနန်တောင် (Zhongnan Mountain) မှာရှိတဲ့ ရှေးဟောင်းသင်္ချိုင်းဂူထဲမှာ တည်ရှိပါတယ်။ ဂိုဏ်းဆိုပေမယ့် ဂိုဏ်းသားအများအပြားရှိတဲ့ ဂိုဏ်းကြီးတစ်ခုတော့ မဟုတ်ပါဘူး။ အုတ်ဂူဟောင်းဂိုဏ်းမှာ "လင်ချောင်ယင်း" နဲ့ ပညာအမွေဆက်ခံသူ မျိုးဆက်တချို့ပဲ ရှိခဲ့ပါတယ်။
တကယ်တော့ အဲဒီ ရှေးဟောင်းသင်္ချိုင်းဂူကြီးဟာ လူအများခိုလှုံနိုင်တဲ့ ခံတပ်စခန်းတစ်ခုပါ။ ဒီစခန်းကို တည်ဆောက်ရာမှာ ပါဝင်ခဲ့သူက "ချွမ်ကျင်းဂိုဏ်း" ကို တည်ထောင်ခဲ့သူ တာအိုရသေ့ကြီး "ဝမ်ချုံရန်" (Wang Chongyang) ဖြစ်ပါတယ်။ "ဝမ်ချုံရန်" ဟာ "လင်ချောင်ယင်း" ရဲ့ တိတ်တခိုးချစ်သူပါပဲ။
"အုတ်ဂူဟောင်းဂိုဏ်း" ပေါ်ပေါက်လာခဲ့ရပုံက ရသေ့ကြီး "ဝမ်ချုံရန်" နဲ့ ပတ်သက်နေပါတယ်။ "ဝမ်ချုံရန်" ဟာ ငယ်စဥ်က စုန့်မင်းဆက်ခေတ် (Song Dynasty)၊ တစုန့်ပြည် (Da Song) ရဲ့ စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က တစုန့်ပြည်ကြီးဟာ ကျင်းလူမျိုးတွေရဲ့ရန်က ကာကွယ်နေရတဲ့ အချိန်ဖြစ်ပါတယ်။
"ဝမ်ချုံရန်" တို့ဟာ ကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ ကျုံးနန်တောင်ပေါ်မှာ ခံတပ်တစ်ခု တည်ဆောက်ကြခဲ့ပါတယ်။ အဲဒီ ခံတပ်စခန်းထဲမှာ ထောင်ချောက်တွေ၊ လျှို့ဝှက်အခန်းတွေပါဝင်ပြီး လူအများ ကာလကြာရှည် ခိုအောင်းနေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ တစုန့်ပြည်ကြီး ကျရှုံးသွားတဲ့အခါ ဝမ်းချုံးရန်တယောက် စိတ်ဓာတ်အကြီးအကျယ်ကျသွားပြီး အဲဒီ ခံတပ်စခန်းမှာ ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူလည်း အသက်ရှင်လျက်နဲ့ သေဆုံးနေသူလို့ သတ်မှတ်လိုက်ပြီး သူနေတဲ့နေရာကိုလည်း "လူရှင်အုတ်ဂူ" လို့ အမည်ပေးခဲ့ပါတယ်။
"ဝမ်ချုံရန်" နဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဖြစ်သလို "ဝမ်ချုံရန်" အပေါ်မှာလည်း မေတ္တာတိမ်းညွတ်နေသူက "လင်ချောင်ယင်း" (Lin Chaoying) ပါ။ သူမက ပျောက်ဆုံးနေတဲ့ "ဝမ်ချုံရန်" ကို မရ၊ အရ လိုက်လံရှာဖွေခဲ့ပါတယ်။ ထူးခြားတဲ့ သိုင်းပညာရပ်တွေကိုလည်း အတူတူလေ့ကျင့်ခဲ့ကြပါတယ်။
ခက်တာက သိုင်းပညာကိုပဲ စိတ်ဝင်စားတဲ့ "ဝမ်ချုံရန်" က အချိန်တွေသာ ကုန်ဆုံးလာတယ်၊ "လင်ချောင်ယင်း" ကို ချစ်ရေးမဆိုခဲ့ပါဘူး။ ကြာလာတော့ "လင်ချောင်ယင်း" လည်း စိတ်မထိန်းနိုင်အောင်ဖြစ်လာပြီး "ဝမ်ချုံရန်" ကို စိန်ခေါ်ပါတော့တယ်။ လောင်းကြေးကတော့ သူမ ရှုံးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်၊ "ဝမ်ချုံရန်" ရှုံးရင်တော့ ရှေးဟောင်းသင်္ချိုင်းဂူကို သူမဆီ ပေးပြီး ကျုံးနန်တောင်ပေါ်မှာ ၁၀ နှစ် ရသေ့ဝတ်ဖို့ ဆိုတာပါပဲ။
အဲဒီနောက် "ဝမ်ချုံရန်" နဲ့ "လင်ချောင်ယင်း" တို့ဟာ ကျောက်ပြားပေါ်မှာ လက်ညှိုးကို သုံးပြီး စာရေးခြင်းဖြင့် အစွမ်းပြိုင်ကြပါတယ်။ "လင်ချောင်ယင်း" က သိုင်းပညာအရ "ဝမ်ချုံရန်" ကို မယှဥ်နိုင်ပေမယ့် ကျောက်ပြားပေါ် စာရေးတဲ့နေရာမှာ အကောက်ဉာဏ်သုံးပြီး ယှဥ်ပြိုင်တဲ့အတွက် အနိုင်ရသွားပါတော့တယ်။
ဒါကြောင့် "ဝမ်ချုံရန်" က ရှေးဟောင်းသင်္ချိုင်းဂူကို "လင်ချောင်ယင်း" လက်ထဲအပ်နှံပြီး တာအိုရသေ့အဖြစ် ကျုံးနန်တောင်မှာ နေထိုင်ရင်း "ချွမ်ကျင်းဂိုဏ်း" ကို တည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ "ဝမ်ချုံရန်" လည်း တဖြည်းဖြည်း ကျော်ကြားလာပြီး "အလယ်ပိုင်းသူတော်စင်" (Central Divine) ဆိုတဲ့ ဘွဲ့အမည်ကို ရရှိလာပါတယ်။
ဒီလိုနဲ့ "ဝမ်ချုံရန်" နဲ့ "လင်ချောင်ယင်း" တို့ဟာ အသက်အရွယ်တွေ တဖြည်းဖြည်း ကြီးရင့်လာခဲ့ကြပါတယ်။ အမျိုးသမီးကြီး "လင်ချောင်ယင်း" ကတော့ "လူရှင်အုတ်ဂူ" ထဲက လုံးဝထွက်မလာတော့ပါဘူး။ သူမမှာ အချစ်ကြောင့် ဖြစ်လာတဲ့ အမုန်းမီးတွေက ဆက်လက် တောက်လောင်နေဆဲပါ။
ဒါကြောင့် "လင်ချောင်ယင်း" ဟာ သူမ မသေဆုံးမီမှာ "ချွမ်ကျင်းဂိုဏ်း" ရဲ့ သိုင်းပညာကို တစ်ကွက်ချင်းစီ တန်ပြန်တိုက်ခိုက်နိုင်မယ့် "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာ (Jade Maiden Heart Sutra) ကို ကြိုးစားပမ်းစား တီထွင်သွားခဲ့ပါတယ်။
"လင်ချောင်ယင်း" သေဆုံးသွားတဲ့အခါမှ "ဝမ်ချုံရန်" ဟာ ရှေးဟောင်းသင်္ချိုင်းဂူထဲကို ရောက်လာခဲ့တယ်။ သူဟာ "လင်ချောင်ယင်း" ရဲ့ "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာကို ချေဖျက်နိုင်မယ့် သိုင်းကွက်ကို အမျိုးမျိုး စဥ်းစားကြံစည်ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။
အဲဒီအချိန်မှာ သိုင်းလောကမှာ လူတကာမက်မောကြတဲ့ "ကျိုယင်းသိုင်းကျမ်း" (Nine Yin Manual) ပေါ်ထွက်လာပြီး သွေးချောင်းစီးမယ့်အရေး ဖြစ်လာပါတယ်။ သိုင်းလောကရဲ့ "ကြီးငါးကြီး" ဖြစ်တဲ့ အရှေ့ပိုင်းဆေးဆရာ "ဟွမ်ယောက်ရှီ" (Huang Yaoshi)၊ အနောက်ပိုင်းအဆိပ်ဘုရင် "အိုးရန်ဖုန်း" (Ouyang Feng)၊ တောင်ပိုင်းဧကရာဇ် "သွမ့်ကျိချင်း" (Duan Zhixing)၊ မြောက်ပိုင်းသူဖုန်းစား "ဟုန်ချီကုန်း" (Hong Qigong) နဲ့ အလယ်ပိုင်းသူတော်စင် "ဝမ်ချုံရန်" (Wang Chongyang) တို့ဟာ ဟွာစန်းတောင်ပေါ်မှာ ၇ ရက် ၇ ည ကြာတဲ့အထိ ယှဉ်ပြိုင်တိုက်ခိုက်ကြပါတယ်။
အဲဒီပြိုင်ပွဲမှာ "ဝမ်ချုံရန်" အနိုင်ရခဲ့တာကြောင့် "ကျိုယင်းသိုင်းကျမ်း" ကို ပိုင်ဆိုင်ခဲ့ပါတယ်။ "ဝမ်ချုံရန်" ဟာ "ကျိုယင်းသိုင်းကျမ်း" ကို ဖတ်ရှုလေ့လာပြီးတဲ့အခါမှ "လင်ချောင်ယင်း" ရဲ့ "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာကို ချေဖျက်နိုင်တဲ့ နည်းလမ်းကို တွေ့ရှိသွားခဲ့ပါတယ်။
သူက "ကျိုယင်းသိုင်းကျမ်း" ထဲက ရက်စက်ကြမ်းကြုတ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်ပြီး ချွမ်ကျင်းဂိုဏ်းရဲ့ သိုင်းပညာနဲ့ ပေါင်းစပ်ကာ ကျိုယင်းသိုင်းကျမ်း အသစ်တစ်စောင်ကို ပြုစုခဲ့ပါတယ်။ ပြီးတော့ သူက အဲဒီ "ကျိုယင်းသိုင်းကျမ်းသစ်" ကို ရှေးဟောင်းသင်္ချိုင်းဂူရဲ့ နံရံမှာ ရေးသားခဲ့ပါတယ်။ မူရင်း ကျိုယင်းသိုင်းကျမ်းကိုလည်း ဆက်လက်ထိန်းသိမ်းထားပြီး ချွမ်ကျင်းဂိုဏ်းသားတွေ လုံးဝ မလေ့ကျင့်ရဘူးလို့ ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။
အုတ်ဂူဟောင်းဂိုဏ်းမှာ "လင်ချောင်ယင်း" ချမှတ်ထားတဲ့ စည်းကမ်းချက်က "၁၂ ချက် လို၊ ၁၂ ချက် ပို" ဖြစ်ပါတယ်။ လိုရမယ့် (ဝါ) လျှော့လုပ်ရမယ့် အချက် ၁၂ ချက်က
၁။ တွေးတောမှု
၂။ စိုးရိမ်မှု
၃။ ရယ်မောမှု
၄။ ပြောဆိုမှု
၅။ ပျော်ရွှင်မှု
၆။ ဒေါသ
၇။ ဝမ်းနည်းမှု
၈။ ကြောက်ရွံ့မှု
၉။ အချစ်
၁၀။ အမုန်း
၁၁။ ရှာဖွေမှု
၁၂။ တပ်မက်မှု တို့ ဖြစ်ပါတယ်။ ပိုရမယ့် (ဝါ) လျှော့လုပ်ရမယ့် အချက် ၁၂ ချက်ကတော့
၁။ ထိုင်ခြင်း
၂။ လဲလျောင်းခြင်း
၃။ လမ်းလျှောက်ခြင်း
၄။ မတ်တပ်ရပ်ခြင်း
၅။ ရှူသွင်းခြင်း
၆။ ရှူထုတ်ခြင်း
၇။ စာဖတ်ခြင်း
၈။ စာရေးခြင်း
၉။ တီးခတ်ခြင်း
၁၀။ စစ်တုရင်ထိုးခြင်း
၁၁။ လက်ရေးလှရေးခြင်း
၁၂။ ပန်းချီဆွဲခြင်း တို့ပါပဲ။
"လင်ချောင်ယင်း" သေဆုံးသွားတဲ့အခါ ပညာအမွေဆက်ခံသူ တစ်ဦးဖြစ်တဲ့ "စွန်းဖွားဖွား" (Granny Sun) က "အုတ်ဂူဟောင်းဂိုဏ်း" ရဲ့ ဂိုဏ်းထိန်းဖြစ်လာခဲ့ပါတယ်။ သူမဟာ သက်ကြီးဝါကြီးတစ်ဦးအဖြစ် "လီမော်ချိုး" (Li Mochou) နဲ့ "ရှောင်လုံနွီ" (Xiaolongnü) တို့ကို "အုတ်ဂူဟောင်းဂိုဏ်း" ရဲ့ စည်းကမ်းချက်တွေနဲ့ သိုင်းပညာရပ်တွေ ဆက်လက် လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
"လီမော်ချိုး" နဲ့ "ရှောင်လုံနွီ" တို့ရဲ့ ဆရာဖြစ်သူ အမည်ကိုတော့ တိတိကျကျ မသိရပါဘူး။ သူမဟာ "လင်ချောင်ယင်း" ရဲ့ ရံရွှေတော်ဖြစ်ပြီး သိုင်းပညာအမွေကို တိုက်ရိုက်ဆက်ခံတဲ့ ဒုတိယမျိုးဆက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အနောက်ပိုင်းအဆိပ်ဘုရင် "အိုးရန်ဖုန်း" သင်္ချိုင်းဂူထဲ ကျူးကျော်ဝင်ရောက်လာစဥ် သေဆုံးသွားတဲ့အတွက် သူမရဲ့ ရံရွှေတော်ဖြစ်သူ "စွန်းဖွားဖွား" က ဂိုဏ်းကို ဆက်လက်ထိန်းသိမ်းခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ "လီမော်ချိုး" ဟာ သစ္စာဖောက်မှုကြောင့် ဂိုဏ်းက ထုတ်ပယ်ခံခဲ့ရပြီး သွေးအေးရက်စက်သူ မိန်းမဆိုးအဖြစ် သိုင်းလောကမှာ ထင်ရှားလာခဲ့ပါတယ်။ ချွမ်ကျင်းဂိုဏ်းက ရသေ့ "ဟောင်တထုံး" (Hao Datong) ရဲ့ လက်ချက်နဲ့ "စွန်းဖွားဖွား" သေဆုံးသွားပြီးတဲ့နောက်မှာတော့ "ရှောင်လုံနွီ" ဟာ ချွမ်ကျင်းဂိုဏ်းသား လူငယ်လေး "ရန်ကော်" (Yang Guo) ကို တပည့်အဖြစ် လက်ခံခဲ့ပါတယ်။ ဒါကြောင့် "ရန်ကော်" ဟာ အုတ်ဂူဟောင်းဂိုဏ်း" ရဲ့ ပထမဆုံးသော အမျိုးသားဂိုဏ်းဝင် ဖြစ်လာခဲ့ပါတယ်။
အုတ်ဂူဟောင်းဂိုဏ်းရဲ့ သိုင်းပညာတွေကတော့ "စကြဝဠာသိုင်း ၁၀၈ ကွက် (ဝါ) အနန္တကွန်ရက်လက်ဝါးသိုင်း" (Palm of Infinity Web)၊ "ကျောက်စိမ်းမိန်းမပျို နှလုံးသား (ဝါ) ကျောက်စိမ်းအပျိုစင်ဓါးသိုင်း" (Jade Maiden Heart Sutra)၊ "ပျိုဖြူစိတ်ကျမ်း ဓါးပညာ (ဝါ) ဓါးမောင်နှံသိုင်း" တို့ ဖြစ်ပါတယ်။
"ကျောက်စိမ်းမိန်းမပျို နှလုံးသား" ဓါးသိုင်းဟာ "ချွမ်ကျင်းဓားသိုင်း" ကို တန်ပြန်ချေဖျက်နိုင်တဲ့ ဓါးပညာဖြစ်သလို ချွမ်ကျင်းဓါးသိုင်းရဲ့ အားနည်းချက်တွေကိုလည်း ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်တဲ့ ဓါးပညာဖြစ်တာကို နောက်ပိုင်းမှာ ရန်ကော်နဲ့ ရှောင်လုံနွီတို့ သဘောပေါက်ခဲ့ကြပါတယ်။
"သိမ်းငှက်သူရဲကောင်း" (The Return of Condor Heroes) ရဲ့ အဆက်ဖြစ်တဲ့ "နဂါးနိုင်ဓါး" (The Heaven Sword and Dragon Saber) စာစဥ်မှာတော့ "ရန်ကော်" နဲ့ "ရှောင်လုံနွီ" တို့ရဲ့ မျိုးဆက်ဖြစ်သူ "ဝတ်ရုံဝါသခင်မ" (Yellow Dress Maiden) ပြန်လည်ထွက်ပေါ်လာခဲ့ပြီး "ကျိုယင်းသိုင်းကျမ်း" (Nine Yin Manual) ရဲ့ ထက်မြက်တဲ့ စွမ်းအင်တွေကို ပြသသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Jin Yong Universe မှာ "အုတ်ဂူဟောင်းဂိုဏ်း" နဲ့ ပတ်သက်သူ ထပ်ပြီး မတွေ့ရတော့ပါဘူး။
#အုတ်ဂူဟောင်းဂိုဏ်း
#AncientTombSchool
#wikiwuxiathinelawka