ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ဟွာစန်းဂိုဏ်း (ဝါ) ဝါဆန်းဂိုဏ်း အကြောင်းပါ။
"ဟွာစန်းဂိုဏ်း" (Huashan Sect) ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှန်ရှီးပြည်နယ် (Shaanxi Province)၊ ဟွာစန်းတောင် (Huashan Mountain) မှာ တည်ရှိပါတယ်။
"ဟွာစန်းတောင်" (Mount Hua) ဟာ တရုတ်နိုင်ငံမှာ အမှန်တကယ် တည်ရှိတဲ့တောင်တစ်လုံးဖြစ်ပြီး တာအိုအယူဝါဒ (Taoism) အတွက် အလွန်အရေးပါတဲ့ နယ်မြေတစ်ခုပါပဲ။
အဲဒီ ဟွာစန်းတောင်မှာ "တာအိုဘာသာရေးကျောင်း" (Taoist School) တစ်ခုကို သမိုင်းမှာ တကယ်ရှိခဲ့ဖူးတဲ့ တာအိုရသေ့ကြီး "ဝမ်ချုံရန်" (Wang Chongyang) ရဲ့ တပည့်ရင်း ခုနစ်ယောက် (Seven Supreme Taoists in Quanzhen Taoism) ထဲက တစ်ယောက်ဖြစ်သူ "ဟောင်တထုံး" (Hao Datong) က "ချွမ်ကျင်းကျောင်းခွဲ" (Quanzhen Branch) အဖြစ် တည်ထောင်ခဲ့ပါတယ်။
ဒါပေမဲ့ သိုင်းစာပေတွေ၊ သိုင်းရုပ်ရှင်တွေမှာ မြင်တွေ့နေကျ စာရေးဆရာကြီး ကျင်းယုံ (Jin Yong) ရဲ့ စိတ်ကူးယဥ် "ဟွာစန်းဂိုဏ်း" ကတော့ အဲဒီ ""ချွမ်ကျင်းကျောင်းခွဲ" (ဝါ) "ဟွာစန်းဂိုဏ်းခွဲ" နဲ့ "အမည်သညာ ခေါ်စရာ" ကလွဲလို့ ဘာတစ်ခုမှ မပတ်သက်ပါဘူး။
သိုင်းလောကထဲက "ဟွာစန်းဂိုဏ်း" ဟာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်၊ အမှန်တကယ်ရှိခဲ့တဲ့ နေရာဒေသ နဲ့ အမှန်တကယ် ပေါ်ပေါက်ခဲ့ဖူးတဲ့ တာအို ဘာသာရေးဂိုဏ်းခွဲတစ်ခုကို "ကျင်းယုံ" ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ပေါင်းစပ် ဖန်တီးထားခဲ့တာပါပဲ။
ဒီတော့ အခုဖော်ပြမယ့် အကြောင်းအရာတွေကလည်း Jin Yong Universe ထဲက စိတ်ကူးယဥ် ဟွာစန်းဂိုဏ်း အကြောင်းသာဖြစ်ပါတယ်။
"ဟွာစန်းဂိုဏ်း" ရဲ့ သိုင်းပညာတွေထဲမှာ အတွင်းအားပညာ၊ လက်နက်မဲ့ပညာ၊ ဓားပညာ စသဖြင့် အမျိုးစုံပါဝင်ပေမယ့် အဓိကထင်ရှားတာကတော့ ဓါးပညာ (Huashan swordplay) ဖြစ်ပါတယ်။ ဒါကြောင့် "ဟွာစန်းဂိုဏ်း" ဟာ Emei, Kunlun, Diancang တို့နဲ့အတူ သိုင်းလောကရဲ့ "မဟာဓားဂိုဏ်းကြီး ၄ ခု" ထဲမှာ တစ်ခုအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ခေတ်အဆက်ဆက်မှာ "ဟွာစန်းဂိုဏ်း" ရဲ့ အခြေအနေတွေကတော့ ဂိုဏ်းချုပ်တွေရဲ့ ဖြောင့်မတ်မှန်ကန်မှု၊ သိုင်းပညာထူးချွန်မှု၊ ဦးဆောင်နိုင်စွမ်းရှိမှု စတဲ့ အရည်အချင်းတွေပေါ် မူတည်ပြီး အနိမ့်အမြင့် အတက်အကျ အမြဲပြောင်းလဲနေခဲ့ပါတယ်။
နဂါးနိုင်ဓါး (The Heaven Sword and Dragon Saber) ဝတ္ထုမှာ ဟွာစန်းဂိုဏ်းချုပ် "ရှန်းရီ" (Xianyu Tong) ရဲ့ သိုင်းပညာ အရည်အချင်းနဲ့ ဖြောင့်မတ်မှန်ကန်မှုက အလွန်နိမ့်ပါးပါတယ်။ ပြောရမယ်ဆိုရင် အဖြူရောင်ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့တောင် မထိုက်တန်ခဲ့ပါဘူး။ "ကွမ်းမိန်တောင်ထိပ်" (Bright Peak) တိုက်ပွဲမှာ "ရှန်းရီ" ဟာ "ကျန်းဝူကျိ" (Zhang Wuji) ကို ရှုံးနိမ့်ခဲ့တဲ့အပြင် ခွန်းလွန်ဂိုဏ်းက "ဟိုတိုက်ချုံး" (He Taichong) ရဲ့ ဓါးချက် မတော်တဆထိမိပြီး အရှက်တကွဲ သေဆုံးခဲ့ရပါတယ်။
"သိုင်းလောက၏ စိန်ခေါ်သံ" (The Smiling, Proud Wanderer) မှာတော့ ဇာတ်လိုက်ကျော် "လင့်ဟူချုန်း" ဟာ ဟွာစန်းဂိုဏ်းသားပါ။ သူ့ရဲ့ဆရာရင်း ၁၃ ဆက်မြောက် ဂိုဏ်းချုပ် "ယွဲ့ပုချွင်" (Yue Buqun) နဲ့ "ဖုန်းချင်းရန်" (Feng Qingyang) တို့ကတော့ ဟွာစန်းဂိုဏ်းရဲ့ အကြီးအကဲတွေ ဖြစ်ပါတယ်။
အဲဒီခေတ်မှာ ဟွာစန်းဂိုဏ်းဟာ "တောင်ကြီးငါးလုံး ဂိုဏ်းငါးဂိုဏ်းအဖွဲ့" (Five Mountains Sword Schools Alliance) ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး သိုင်းလောကမှာ သြဇာကြီးမားပါတယ်။ ဒါပေမဲ့ ဂိုဏ်းကတော့ နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို နှစ်ခြမ်းကွဲရတဲ့ အကြောင်းအရင်းကလည်း "လင့်ဟူချုန်း" မတိုင်မီခေတ်မှာ ဟွာစန်းဂိုဏ်းသား"ယွဲစု" (Yue Su) နဲ့ "ချိုက်ကျိဖုန်း" (Cai Zifeng) တို့ "နေကြာသိုင်းကျမ်း" နဲ့ပတ်သက်ပြီး အငြင်းပွားကြရာက စတင်ခဲ့ပါတယ်။ "ယွဲစု" က အတွင်းအားကို အထူးပြုတဲ့ အတွင်းအားဂိုဏ်း (Qi Specialize Gang) ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပြီး "ချိုက်ကျိဖုန်း" က ဓားသိုင်းကို အလေးထားတဲ့ ဓားဂိုဏ်း (Sword Specialize Gang) ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။
[ဘာသာပြန်စာအုပ်တွေမှာတော့ "လေဂိုဏ်း" နဲ့ "ဓါးဂိုဏ်း" လို့ သုံးပါတယ်။ လင့်ဟူချုန်းရဲ့ ဆရာရင်း "ယွဲ့ပုချွင်" က လေဂိုဏ်းဝင်ဖြစ်ပါတယ်။ လင့်ဟူချုန်းကို တုကူးဓါးကိုးကွက် သင်ပေးတဲ့ "ဖုန်းချင်းရန်" ကတော့ ဓါးဂိုဏ်းဝင်ပါ]
"ဖုန်းချင်းရန်" ကတဆင့် လက်ဆင့်ကမ်းရလာခဲ့တဲ့ "တုကူးဓါးသိုင်းကိုးကွက်" (The Nine Swords of Dugu) ဟာ "လင့်ဟူချုန်း"ကို တီထွင်သူ "တုကူးချိုးပိုက်" (Dugu Qiubai) ရဲ့ အဆင့်အတန်းမျိုး မရောက်စေနိုင်တဲ့တိုင်အောင် သိုင်းလောကမှာ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ရာထူးအရှိန်အဝါနဲ့ သြဇာအာဏာကို တပ်မက်မိတဲ့ ဂိုဏ်းချုပ်ကြီး "ယွဲ့ပုချွင်" ဟာ နောက်ဆုံးမှာ ကျရှုံးသွားခဲ့ပါတယ်။
"မြွေဓါးရှင်" (Sword Stained with Royal Blood) မှာတော့ ဟွာစန်းဂိုဏ်းဟာ သိုင်းလောကမှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေတဲ့ သိုင်းအဖွဲ့အစည်းတစ်ခုဖြစ်သလို နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီစာစဥ်မှာ ဇာတ်လိုက်ကျော် "ဝမ်စိန်ကြည်" (Yuan Chengzhi) ရဲ့ ဆရာဖြစ်သူ "မူလိန်ချိန်း" (Mu Renqing) ဟာ ဟွာစန်းဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပြီး "ဝမ်စိန်ကြည်" ရဲ့ ဂိုဏ်းတူအစ်ကိုတွေဖြစ်ကြတဲ့ "ဟွမ်ကျင်း" (Huang Zhen) နဲ့ ကွေးရှင်းဆု (Gui Xinshu) တို့ဟာ ထင်ရှားတဲ့ ဟွာစန်းဂိုဏ်းသားတွေ ဖြစ်ပါတယ်။
"မြွေဓါးရှင်" စာစဥ်မှာ "ဟွမ်ကျင်း" ရဲ့ တပည့်ဖြစ်ခဲ့တဲ့ "ဖုန်နန်တိ" (Feng Nandi) ကတော့ ကျင်းယုံရဲ့ နောက်ဆုံးစာစဥ် ဖြစ်တဲ့ "ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်" (The Deer and the Cauldron) မှာ ဟွာစန်းဂိုဏ်းချုပ် ဖြစ်လာပြီး သစ္စာဖောက်ကြီး "ဝူဆန်ကွေ့" ကို သတ်ဖြတ်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ "လိပ်သတ်ပွဲ အစည်းအဝေး" မှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။
အဲဒီလိုပဲ "မြွေဓါးရှင်" စာစဥ်မှာ မကျန်းမာတဲ့ မွေးကင်းစကလေးအဖြစ် ပါဝင်ခဲ့တဲ့ "ကွေးရှင်းဆု" ရဲ့ သားဖြစ်သူ "ကွေးကျုံး" (Gui Zhong) ဟာလည်း "ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်" စာစဥ်မှာ စိတ်ပိုင်းဆိုင်ရာမဖွံ့ဖြိုးသူအဖြစ် ဆက်လက်ပါဝင်လာခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဟွာစန်းဂိုဏ်း
#HuashanSect
#wikiwuxiathinelawka