ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက "သူဖုန်းစားဂိုဏ်း" အကြောင်းပါ။
သိုင်းစာစဥ်တွေထဲမှာတော့ "သူဖုန်းစားဂိုဏ်း" ကို "ခတ်ပန်းဂိုဏ်း"၊ "တေလေဂိုဏ်း"၊ "ဗေဒါဂိုဏ်း"၊ "လေပွေဂိုဏ်း"၊ "သူတောင်းစားဂိုဏ်း"၊ "လေလွင့်ဂိုဏ်း" စသဖြင့် နာမည်အမျိုးမျိုးနဲ့ ရေးကြပါတယ်။ "ခေတ်ပန်းဂိုဏ်း" ဆိုတာက တရုတ်အသံထွက်နဲ့ခေါ်တာဖြစ်ပြီး ကျန်တာတွေကတော့ ဘာသာပြန်စာရေးဆရာတွေရဲ့ မြန်မာမှုပြုခြင်းတွေပါ။
ဟန်မင်းဆက်ခေတ် (Han Dynasty) မှာ တည်ထောင်ခဲ့တဲ့ "သူဖုန်းစားဂိုဏ်း" (The Beggars' Sect) ဟာ သိုင်းလောကမှာ အကြီးမားဆုံးနဲ့ ဂိုဏ်းဝင်အများဆုံး ဖြစ်ပေမယ့် ဂိုဏ်းဌာနချုပ်ရယ်လို့ နေရာအတည်တကျ မရှိပါဘူး။
သူဖုန်းစားဂိုဏ်းမှာ အလွှာပေါင်းစုံက သိုင်းပညာရှင်ပေါင်းစုံ ပါဝင်နေတာကြောင့် ဂိုဏ်းဝင်တွေအတွက် မူပိုင်သိုင်းပညာ မရှိသလို မူပိုင်လက်နက်လည်း မရှိပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်တိုင်း တတ်မြောက်ထားရမယ့် သိုင်းပညာရပ်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ခွေးရိုက်တုတ်သိုင်း (Dog Beating Staff Technique) ပါပဲ။
"ခွေးရိုက်တုတ်သိုင်း" ဆိုတာ ခေတ်အဆက်ဆက်မှာ ဂိုဏ်းချုပ်တွေ အချင်းချင်း လက်ဆင့်ကမ်းခဲ့တဲ့ လျှို့ဝှက်သိုင်းပညာတစ်ရပ် ဖြစ်ပါတယ်။ ဂိုဏ်းချုပ်ရာထူး ဆက်ခံမယ့်သူဟာ ခွေးရိုက်တုတ်သိုင်းကို မဖြစ်မနေ သင်ကြားရပါတယ်။
ဂိုဏ်းချုပ်လိုပဲ ဂိုဏ်းသားတွေဟာလည်း ခွေးရိုက်တုတ်သိုင်းကို တတ်မြောက်ကြပါတယ်။ ဒါပေမဲ့ သူတို့ တတ်မြောက်တာက ဂိုဏ်းချုပ်တွေတတ်တဲ့ "ခွေးရိုက်တုတ်သိုင်းပညာ" မဟုတ်ပါဘူး။ အဖွဲ့လိုက် ဗျူဟာခင်း တိုက်ခိုက်ရတဲ့ "ခွေးရိုက်တုတ် စုပေါင်းသိုင်းကွက်" (Dog Beating Formation) ပါ။
[ခြွင်းချက်အနေနဲ့ ၁၉ ယောက်မြောက် ဂိုဏ်းချုပ် ဟွမ်းယုံ (Huang Rong) လက်ထက်မှာတော့ သမီးဖြစ်သူ ကောရှမ်း (Guo Xiang) ဟာ ခွေးရိုက်တုတ်သိုင်းကို တတ်မြောက်တာ တွေ့ရပါတယ်]
သူဖုန်းစားဂိုဏ်းရဲ့ "ခွေးရိုက်တုတ် စုပေါင်းသိုင်းကွက်" (Dog Beating Formation) ဟာ ရှောင်လင် တုတ်သိုင်းကွက် (Shaolin Staff Formation)၊ ဝူတန် ခုနစ်စင်ကြယ်သိုင်းကွက် (Seven Stars Formation) တို့လိုပဲ အစွမ်းထက်တဲ့ စုပေါင်းတိုက်ကွက် တစ်ခုဖြစ်ပါတယ်။
"ခွေးရိုက်တုတ်သိုင်း" လိုပဲ ထင်ရှားတဲ့ သူဖုန်းစားဂိုဏ်းရဲ့ အခြားသိုင်းပညာတစ်ခုက "နဂါးနိုင်လက်ဝါးသိုင်း" (Eighteen Subduing Dragon Palms) ပါ။
မြောက်ပိုင်းစုန့်ခေတ် (Northern Song Dynasty)၊ ၆ ဆက်မြောက် သူဖုန်းစားဂိုဏ်းချုပ် ဝမ်ကျင့်ထုံး (Wang Jiantong) လက်ထက်အထိ နဂါးနိုင်လက်ဝါးသိုင်းဆိုတာ သူဖုန်းစားဂိုဏ်းမှာ မရှိသေးပါဘူး။ ၇ ဆက်မြောက် သူဖုန်းစား ဂိုဏ်းချုပ်ကြီး ချောင်ဖုန်း (Qiao Feng) ရဲ့ လက်ထက်မှာ ရှောင်လင်ကျောင်းတော်က သင်ကြားလာခဲ့တဲ့ မိုးနဂါးသိုင်း ၂၈ ကွက် (Twenty-Eight Dragon-Subduing Palms) ကို နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်အဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
ဒီလိုနဲ့ "နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်" ဟာ သူဖုန်းစားဂိုဏ်းချုပ်ရဲ့ ဝိသေသသိုင်းပညာရပ်တစ်ခုအဖြစ် ခေတ်အဆက်ဆက်မှာ လက်ဆင့်ကမ်း သယ်ဆောင်သွားခဲ့ကြပါတယ်။
သူဖုန်းစားဂိုဏ်းဝင်တွေဟာ အများအားဖြင့် တောင်းရမ်းစားသောက်သူတွေ ဖြစ်ကြပေမယ့် တခြားသော လူတန်းစားအလွှာပေါင်းစုံလည်း ပါဝင်ပါတယ်။ ကြီးမားတဲ့ ဆက်သွယ်ရေးကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ သူဖုန်းစားဂိုဏ်းဟာ လစဥ် စုံညီအစည်းအဝေး ကျင်းပလေ့ရှိပြီး ဂိုဏ်းဝင်တွေဟာ တရားမျှတမှုကို ရဲရဲရင့်ရင့် ထောက်ခံကြသလို သတင်းစုဆောင်းရေးမှာလည်း ထူးချွန်ကြသူတွေ ဖြစ်ပါတယ်။
"သူဖုန်းစားဂိုဏ်း" ရဲ့ ဂိုဏ်းချုပ် အမှတ်သင်္ကေတ ကတော့ "ခွေးရိုက်တုတ်" (Dog Beating Staff) ပါပဲ။ ဂိုဏ်းချုပ် ကိုင်ဆောင်တဲ့ ခွေးရိုက်တုတ်နဲ့ သာမန်ဂိုဏ်းသားတွေ ကိုင်ဆောင်တဲ့ ခွေးရိုက်တုတ်ဟာ မတူညီပါဘူး။ ဂိုဏ်းချုပ်ရဲ့ အစိမ်းရောင် ခွေးရိုက်တုတ်ဟာ အကြီးအကဲအာဏာကို ကိုယ်စားပြုတဲ့ သင်္ကေတပါ။ လက်နက်တစ်ခု အဖြစ်သာမက ဂိုဏ်းချုပ်ကို ကိုယ်စားပြုပြီး အမိန့်ပေးခြင်း၊ စီမံခန့်ခွဲခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အစိမ်းရောင် ခွေးရိုက်တုတ်မှာ နဂါးပုံပန်း ဒါမှမဟုတ် ဂိုဏ်းသင်္ကေတကိုလည်း ထည့်သွင်းထားတတ်ပါတယ်။
[ရုပ်ရှင်တွေထဲမှာ ခွေးရိုက်တုတ်ကို ကျောက်စိမ်းတုတ်သဖွယ် ပုံဖော်ပြလေ့ရှိပေမယ့် သိုင်းစာစဥ်တွေထဲမှာတော့ ဝါးစိမ်းတုတ်အဖြစ်ပဲ ရေးသားကြပါတယ်]
သက်တမ်းပိုရင့်တဲ့ ဝါစဥ်ကြီး ဂိုဏ်းသားတချို့ကလည်း အနည်းငယ် ပုံစံပြောင်းလဲထားတဲ့ ခွေးရိုက်တုတ်ကို ကိုင်ဆောင်တတ်ကြပါတယ်။ ဂိုဏ်းသားတွေ ကိုင်ဆောင်ကြတဲ့ ခွေးရိုက်တုတ်ကတော့ သဘာဝ ဝါး (သို့မဟုတ်) သစ်သားဖြစ်ပါတယ်။
သူဖုန်းစားဂိုဏ်းဝင်တစ်ဦးရဲ့ အမှတ်သင်္ကေတဟာ ကျောမှာလွယ်ပိုးထားတဲ့ အိတ်ငယ်တစ်လုံး ဖြစ်ပြီး အိတ် ၉ လုံး လွယ်ပိုးထားတဲ့ ဝါစဥ်ကြီး အကြီးအကဲ ၄ ဦးဟာ ဂိုဏ်းချုပ်ပြီးရင် ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။ သူဖုန်းစားဂိုဏ်းမှာဂိုဏ်းချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူကို "တံတွေးထွေး ကြိုဆိုခြင်း" ကဲ့သို့သော ထူးခြားတဲ့ ဓလေ့ထုံးစံတွေ ရှိပါတယ်။
သိုင်းလောကမှာ ထင်ရှားခဲ့တဲ့ "သူဖုန်းစားဂိုဏ်း" ဟာ အရည်အချင်းမပြည့်ဝတဲ့ ခေါင်းဆောင်တွေကြောင့် ယွမ်မင်းဆက်ခေတ် (Yuan Dynasty) မှာ အရှိန်အဝါ စတင်ကျဆင်းလာခဲ့ပါတယ်။
၁၈ ယောက်မြောက် ဂိုဏ်းချုပ် ဟုန်ချီကုန်း (Hong Qigong) လက်ထက်မှာ နဂါးနိုင်လက်ဝါးသိုင်းကို တိုးတက်အောင် ထပ်မံပြုပြင်နိုင်ခဲ့ပေမယ့် ၁၉ ယောက်မြောက် ဂိုဏ်းချုပ် ဟွမ်းယုံ (Huang Rong) နဲ့ ၂၀ ယောက်မြောက် ဂိုဏ်းချုပ် (Lu Youjiao) တို့ရဲ့နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ယုတ်လျော့ အားနည်းသွားခဲ့ပါတယ်။
၂၅ ယောက်မြောက်ဂိုဏ်းချုပ် ရှီးဟော်လုံ (Shi Huolong) လက်ထက်ရောက်လာတဲ့အခါမှာတော့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်မှာ ၁၂ ကွက်ပဲ တတ်မြောက်ပါတော့တယ်။
မှတ်တမ်းတင်ထားတဲ့ ခေတ်အဆက်ဆက် သူဖုန်းစားဂိုဏ်းချုပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Northern Song Dynasty
• ၅ ယောက်မြောက်ဂိုဏ်းချုပ် Wang Jiantong [လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ]
• ၆ ယောက်မြောက်ဂိုဏ်းချုပ် Qiao Feng [လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ]
• ၁၁ ယောက်မြောက်ဂိုဏ်းချုပ် Zhuang Jixian [လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ]
Southern Song Dynasty
• ၁၇ ယောက်မြောက်ဂိုဏ်းချုပ် Chief Qian [သိုင်းလောကမှ သူရဲကောင်းများ]
• ၁၈ ယောက်မြောက်ဂိုဏ်းချုပ် Hong Qigong [သိုင်းလောကမှ သူရဲကောင်းများ]
• ၁၉ ယောက်မြောက်ဂိုဏ်းချုပ် Huang Rong [သိုင်းလောက မောင်မယ်များနှင့် မျိုးဆက်များ]
• ၂၀ ယောက်မြောက်ဂိုဏ်းချုပ် Lu Youjiao [သိုင်းလောက မောင်မယ်များနှင့် မျိုးဆက်များ]
• ၂၁ ယောက်မြောက်ဂိုဏ်းချုပ် Yelü Qi [သိုင်းလောက မောင်မယ်များနှင့် မျိုးဆက်များ]
Yuan Dynasty
• ၂၅ ယောက်မြောက်ဂိုဏ်းချုပ် Shi Hulling [နဂါးနိုင်ဓါး]
• ၂၆ ယောက်မြောက်ဂိုဏ်းချုပ် Shi Hongshi [နဂါးနိုင်ဓါး]
Ming Dynasty
• ၃၃ ယောက်မြောက်ဂိုဏ်းချုပ် Jie Feng [သိုင်းလောက၏ စိန်ခေါ်သံ]
Qing Dynasty
• ၄၉ ယောက်မြောက်ဂိုဏ်းချုပ် Chief Fan [မြေခွေးမိုးပျံ သိုင်းအားမာန်]
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#သူဖုန်းစားဂိုဏ်း
#TheBeggars'Sect
#wikiwuxiathinelawka