ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ဝူတန်ဂိုဏ်း အကြောင်းပါ။
"ဝူတန်ဂိုဏ်း" (Wudang Sect) ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟူပေပြည်နယ် (Hubei Province)၊ "ဝူတန်တောင်တန်း" (Wudang Mountain) မှာ တည်ရှိပါတယ်။
ဝူတန်ဂိုဏ်းကို ယွမ်မင်းဆက် (Yuan Dynasty) အနှောင်းပိုင်းမှာ "ကျန်းစန်းဖုန်း" (Zhang Sanfeng) က စတင်တည်ထောင်ခဲ့ပါတယ်။ ငယ်နာမည် "ကျွင်းပေါင်" (Junbao) လို့ခေါ်တဲ့ "ကျန်းစန်းဖုန်း" (Zhang Sanfeng) ဟာ ရှောင်လင်ဘုန်းတော်ကြီး "ကြွယ်ရွှမ်" (Jueyuan) ရဲ့ တပည့်တစ်ဦး ဖြစ်ပါတယ်။
"ကျန်းစန်းဖုန်း" ဟာ ရှောင်လင်ရဲ့ တရားဝင်တပည့် မဖြစ်သေးချိန်မှာ လိုဟန်လက်သီးသိုင်းပညာကို အခွင့်မရှိဘဲ တစ်စွန်းတစ်စ လေ့ကျင့်မိခဲ့သလို ဆရာဖြစ်သူထံကတဆင့် နေစကြာကျင့်စဥ် (Nine Yang Manual) ကိုလည်း တစ်ပိုင်းတစ်စရခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အတွင်းအားပညာ အလွန်ထူးချွန်လာခဲ့သူပါ။
ဒါကြောင့် ရှောင်လင်ကျောင်းကို စိန်ခေါ်လာသူ ခွန်းလွန်ဂိုဏ်းရဲ့ သိုင်းအကျော်အမော် ခွန်းလွန်ဘုရားသုံးဆူ "ဟိုကျူးတောက်" (He Zudao) ကို အနိုင်ယူပြီးတဲ့နောက်မှာ သူ့ရဲ့ သိုင်းပညာတတ်မြောက်မှုဟာလည်း ပေါ်လွင်သွားခဲ့ပြီး ဆရာဖြစ်သူနဲ့အတူ ရှောင်လင်ကျောင်းက ထွက်ပြေးခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ "ကျန်းစန်းဖုန်း" ဟာ ဝူတန်တောင်မှာ အခြေချနေထိုင်ကာ နေစကြာကျင့်စဥ်နဲ့ ပေါင်းစပ်ပြီး သိုင်းပညာသစ်တစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဝူတန်ဂိုဏ်းကို ထူထောင်ခဲ့ပါတယ်။ "ကျန်းစန်းဖုန်း" ရဲ့ ထူးချွန်တဲ့ သိုင်းပညာနဲ့ ဖြောင့်မတ်တည်ကြည်တဲ့ စိတ်ထားကြောင့် သိုင်းလောက တစ်ခုလုံးက လေးစားကြပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) ရဲ့ "နဂါးနိုင်ဓါး" (The Heavenly Sword and Dragon Saber) စာအုပ်ပါ ရေးသားချက်တွေကို အခြေပြုထားတာပါ။
"ကျန်းစန်းဖုန်း" ဟာ "နဂါးနိုင်ဓား" စာအုပ်မထွက်မီကတည်းက ဒဏ္ဍာရီတွေနဲ့အတူ ထင်ရှားနေခဲ့ပါပြီ။ စာပေနယ်မှာ "ကျန်းစန်းဖုန်း" အကြောင်း အစောဆုံးတွေ့ရတာက "ဟွမ်ဇုန်ရှိ" (Huang Zongxi) ရေးသားခဲ့တဲ့ "ဝမ်ကျန်းနန် အတွက် သင်္ချိုင်းစာ" (Epitaph For Wang Zhengnan) ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။
၁၉၁၂ ခုနှစ်မှာ "ဂွမ်ပိုင်ယိ" တည်းဖြတ်ထုတ်ဝေတဲ့ "Taijiquan Classics" စာအုပ်မှာ "ကျန်းစန်းဖုန်း" နဲ့ "ထိုက်ကျိချွမ်" ဟာ တသားတည်းဖြစ်လာပြီး နောက်ပိုင်းစာအုပ်တွေမှာ အဆင့်အဆင့် ပြန်လည်ကိုးကားရေးသားကြရင်း "ကျန်းစန်းဖုန်း" ဟာ "ထိုက်ကျိသိုင်း" ရဲ့ အရှင်သခင် ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ၁၉၆၁ ခုနှစ်မှာ နာမည်ကျော် စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) က သူ့ရဲ့ "နဂါးနိုင်ဓါး" (The Heavenly Sword and Dragon Saber) စာအုပ်မှာ "ကျန်းစန်းဖုန်း" ကို ထည့်သွင်းရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ "ကျန်းစန်းဖုန်း" ဟာ အထင်ကရ သမိုင်းဝင် ဇာတ်ကောင်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ တည်ရှိလာခဲ့ပါတယ်။
ယုံကြည်ကြသူတွေကြားမှာ "ကျန်းစန်းဖုန်း" ရဲ့ မွေးသက္ကရာဇ်နဲ့ ပတ်သက်လို့ ၉၆၀ ခုနှစ်၊ ၁၂၄၇ ခုနှစ်၊ ၁၂၇၉ ခုနှစ် စသဖြင့် အမျိုးမျိုးတွေ့ရသလို မယုံကြည်ကြသူတွေကလည်း "ကျန်းစန်းဖုန်း" ဟာ အပြင်မှာ တကယ်မရှိဘူးလို့ ငြင်းဆိုကြပါတယ်။
လေ့လာသူတချို့ကတော့ "ရှောင်လင်သိုင်းပညာ" ဟာ "အိန္ဒိယ" ကနေတဆင့် "ဆရာတော် ဗောဓိဓမ္မ" က ဖြန့်ဖြူးသင်ကြားခဲ့တာဖြစ်တဲ့အတွက် ဒီသမိုင်းကို လက်မခံလိုသူတွေက တရုတ်လူမျိုး စစ်စစ်ဖြစ်တဲ့ "ကျန်းစန်းဖုန်း" ကို "ဝူတန်" ရဲ့ "အပျော့သိုင်း" ကို ကိုယ်စားပြုပြီး သိုင်းလောကထဲ ဆွဲသွင်းလာခဲ့ကြတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
စာပေသမိုင်းအရကြည့်ရင် ၁၆၆၉ ခုနှစ် မတိုင်မီနှစ်တွေက "မသေနိုင်တဲ့ တာအိုဝါဒီ တစ်ယောက်" အဖြစ် ပုံဖော်ခဲ့ကြတဲ့ "ကျန်းစန်းဖုန်း" ဟာ ၁၆၆၉ ခုနှစ်နောက်ပိုင်းမှာတော့ "အပျော့သိုင်းတွေကို တီထွင်သူ" အဖြစ် ရည်ညွှန်းလာကြပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ "ထိုက်ကျိ ကိုတီထွင်သူ" အဖြစ် အဆင့်ဆင့် ပြောင်းလဲသတ်မှတ်လာခဲ့ကြပါတယ်။
တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ "ကျန်းစန်းဖုန်း" ဟာ ဝူတန်တောင်မှာ နေထိုင်စဉ် ကြိုးကြာနဲ့ မြွေတို့ရဲ့ ရန်ပွဲကို တွေ့မြင်ပြီးနောက် "ထိုက်ကျိ" (Taiji) ကို တီထွင်ဖို့ အကြံဉာဏ်ရလာတယ်လို့ ဒဏ္ဍာရီအရ အသိအမှတ် ပြုထားခဲ့သလို ကျင်းယုံကလည်း အဲဒီအတိုင်းပဲ သူ့ရဲ့ ဝတ္ထုမှာ ရေးခဲ့ပါတယ်။
ဒါပေမဲ့ ခေတ်သစ်သုတေသန ရလဒ်တွေကတော့ "ထိုက်ကျိ" (Taiji) ကို တီထွင်ခဲ့သူဟာ "ကျန်းစန်းဖုန်း" မဟုတ်ဘဲ "ချန်းဝန်တင်" (Chen Wangting) သာ ဖြစ်တယ်လို့ မီးမောင်းထိုးပြနေခဲ့ပါတယ်။
အခိုင်အမာ တွေ့ရှိချက်တွေအရ ယနေ့ခေတ် "ထိုက်ကျိ" သိုင်းပညာဟာ ၁၆ ရာစုမှာ "ချန်းဝန်တင်" (Chen Wangting) ရဲ့ "ချန်းမိသားစု" က စတင်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ လောက်အတွင်းမှာ ပုံစံ အမျိုးမျိုး ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
ဝူရှစာပေလောကမှာတော့ စာရေးဆရာကြီးတွေဟာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမည်နာမတွေ၊ အမှန်တကယ်ရှိခဲ့တဲ့ နေရာဒေသတွေ၊ အမှန်တကယ်ထွန်းကားခဲ့ဖူးတဲ့ သိုင်းပညာအယူအဆတွေကို အခြေခံပြီး သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ပေါင်းစပ်ကာ သိုင်းဂိုဏ်းပေါင်းများစွာကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် သိုင်းလောကသားတွေအဖို့ သူတို့ဖန်တီးခဲ့တဲ့ သိုင်းဂိုဏ်းကြီးတွေဟာ ပြင်ပမှာ တကယ်တည်ရှိခဲ့သယောင် ထင်မှတ်မှားကြရတာပါ။ ဝူတန်ဂိုဏ်းဟာလည်း ထို့အတူပါပဲ။ ပြင်ပမှာ တကယ်ရှိခဲ့တယ်လို့ အများစုက ထင်မှတ်မှား ကြပါတယ်။
"ထိုက်ကျိချွမ်" (Taijiquan) ဟာ လက်တွေ့လောကမှာ အမှန်တကယ်ရှိနေတာကြောင့်လည်း ဝူတန်ဂိုဏ်းကလည်း အမှန် တကယ်ရှိတယ်ဆိုပြီး ပိုမိုယုံကြည်မိကြပါသေးတယ်။
"ကျန်းစန်းဖုန်း" ကို ဝူတန်ဂိုဏ်း တည်ထောင်သူအဖြစ် သတ်မှတ်တာ၊ ထိုက်ကျိသိုင်း တီထွင်သူအဖြစ်သတ်မှတ်တာက ဒဏ္ဍာရီတွေနဲ့ ဝတ္ထုတွေကို အခြေခံပါတယ်။ ဒါပေမဲ့ အမှန်တကယ် ဝူတန်သိုင်းပညာ (Wudangquan) တွေကတော့ ဝူတန်တောင်က တာအိုဆရာတော်တွေနဲ့ တပည့်လက်သားတွေရဲ့ လက်ထဲမှာ ရာစုနှစ်တွေနဲ့ချီပြီး တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့တာပါ။
ပညာရှင်အသီးသီးရဲ့ တီထွင်မှုအပေါ် မူတည်ပြီး "ချန်းပုံစံ" ထိုက်ကျိ၊ "ယန်ပုံစံ" ထိုက်ကျိ၊ "ဝူပုံစံ" ထိုက်ကျိ၊ "ဝူ (ဟောင်) ပုံစံ" ထိုက်ကျိ၊ "ဆန်းပုံစံ" ထိုက်ကျိ ဆိုပြီး အဓိက ပုံစံ ၅ မျိုးလည်း ကွဲပြားသွားခဲ့ပါတယ်။
ဒီနေ့ထိလည်း ဝူတန်တောင်ပေါ်မှာ တာအိုဆရာတော်တွေက "ထိုက်ကျိချွမ်" (Taijiquan)၊ "ရှင်းဂျီချွမ်" (xingyiquan)၊ "ပါ့ကွချောင်း" (baguazhang) စတဲ့ ဝူတန်သိုင်းပညာတွေကို လေ့ကျင့်နေဆဲ၊ သင်ကြားနေဆဲပါ။ ဒါကြောင့် စိတ်ကူးယဥ် "ဝူတန်ဂိုဏ်း" နဲ့ တကယ့် "ဝူတန်သိုင်းပညာ" က သီးခြားခွဲထားရမယ့် အကြောင်းအရာတွေပါပဲ။
ကဲ .. ဒီတော့ စိတ်ကူးယဥ် ဝူတန်ဂိုဏ်းအကြောင်းကို ပြန်ပြီး ဆက်ရအောင်။
ဝူတန်ဂိုဏ်းသားတွေဟာ တာအိုဘာသာ (Taoism) ဓလေ့ထုံးစံတွေကို လိုက်နာတဲ့ ဘုန်းတော်ကြီး (ရသေ့ကြီး) တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့က ရှောင်လင်ဂိုဏ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ မတူညီဘဲ လက်ထပ်ခွင့်၊ အိုးအိမ်ထူထောင်ခွင့် ရှိကြပါတယ်။
"ကျန်းစန်းဖုန်း" နဲ့အတူ တပည့် ခုနစ်ဦးဖြစ်တဲ့ "ချိုရွှင်ချောင်း" (Song Yuanqiao)၊ "ရီလင်တန်း" (Yu Lianzhou)၊ "ရီတိုက်ရွှင်" (Yu Daiyan)၊ "ကျန်းဆုံကျီး" (Zhang Songxi)၊ "ကျန်းချွေးဆန်း" (Zhang Cuishan)၊ "ချင်လိရှန်" (Yin Liting)၊ "မော်ဆန်းကု" (Mo Shenggu) တို့ဟာ "ဝူတန်သူရဲကောင်း ၇ ယောက်" အဖြစ် သိုင်းလောကမှာ ထင်ရှားခဲ့ပါတယ်။
"ကျန်းစန်းဖုန်း" နဲ့ပတ်သက်ပြီး ဇာတ်ကားတွေ အမျိုးမျိုးရိုက်ကူးခဲ့ကြတဲ့အထဲမှာ နောက်ထပ် ထင်ရှားတဲ့ ဇာတ်ကားတစ်ခုကတော့ "ကျန်ကျောင်း" လို့ လူသိများတဲ့ မင်းသား "ဟော်ကျားကျင့်" (Kenny Ho) သရုပ်ဆောင်ထားတဲ့ ၁၉၉၁ ခုနှစ်ထွက် "ရှောင်လင်မင်းသားလေး" (သို့မဟုတ်) "လူငယ်သိုင်းသမား ကျန်းစန်းဖုန်း" ရုပ်သံဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဝူတန်ဂိုဏ်း
#WudangSect