ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက သိုင်းလောကထိပ်သီး ဂိုဏ်းကြီးဖြစ်တဲ့ ရှောင်လင်ဂိုဏ်း အကြောင်းပါ။
တရုတ်ကိုယ်ခံပညာအားလုံးရဲ့ မူလအစလို့ တင်စားသတ်မှတ်ကြတဲ့ "ရှောင်လင်ဂိုဏ်း" (Shaolin Sect) ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟဲနန်ပြည်နယ် (Henan Province)၊ ဆုန်ရှန်းတောင်တန်း (Songshan Mountain) ပေါ်မှာရှိတဲ့ ရှောင်လင်ဘုန်းတော်ကြီးကျောင်း (Shaolin Temple) မှာ တည်ရှိပါတယ်။
"ရှောင်လင်ဂိုဏ်း" ကို အေဒီ ၄၉၅ (AD 495) မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး "ဗောဓိဓမ္မ" (Bodhidharma) က တည်ထောင်ခဲ့ပါတယ်။ ဆရာတော် "ဗောဓိဓမ္မ" ရဲ့ ဇာတိဇစ်မြစ်နဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ အမျိုးမျိုးရှိနေပေမယ့် အနောက်ဘက်ဒေသက ရောက်လာခဲ့တဲ့ တိုင်းတပါးသား ဆိုတာကိုတော့ တညီတညွတ် လက်ခံထားကြပါတယ်။
ရှောင်လင်ရဟန်းတော်တွေဟာ ကျန်းမာရေး ညီညွတ်စေဖို့၊ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ တရားမျှတမှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ အားနည်းသူတွေကို ကူညီပေးနိုင်ဖို ကွန်ဖူးပညာ (Kung Fu) ကို သင်ယူလေ့ကျင့်ခဲ့ကြပါတယ်။
ဒီနေရာမှာ ဆရာတော် "ဗောဓိဓမ္မ" ရှောင်လင်ကျောင်းကို ရောက်မလာမီကတည်းက ကွန်ဖူးပညာ ရှိနှင့်ပြီးသားဆိုတဲ့ အယူအဆနဲ့ ဆရာတော် "ဗောဓိဓမ္မ" ရောက်ရှိလာမှ စတင်သင်ကြားခဲ့တယ်ဆိုတဲ့ အယူအဆ ကွဲလွဲနေပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာတော် "ဗောဓိဓမ္မ" ဟာ "အိန္ဒိယယောဂပညာ" ကို အခြေခံပြီး ပြုပြင်မွမ်းမံထားတဲ့ ကမ္မဋ္ဌာန်းထိုင်နည်း (အတွင်းအားလေ့ကျင့်နည်း) နဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ရှောင်လင်ကျောင်းမှာ ဖြန့်ဝေသင်ကြားပေးခဲ့သူဖြစ်ပါတယ်။
ကနဦး ရှောင်လင်သိုင်းပညာရပ်တွေမှာ အကြောပြောင်း ပညာရပ်၊ "ကျား"၊ "မြွေ"၊ "ကြိုးကြာ" စတဲ့ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားဟန်တွေကို အခြေခံပြီး တီထွင်ထားတဲ့ သိုင်းပညာရပ်တွေနဲ့ ရဟန္တာလက်သိုင်းပညာ (လိုဟန်) တို့ဟာ အထင်ရှားဆုံးဖြစ်ခဲ့ပြီး အဲဒီကတဆင့် တိုးတက်ဖြစ်ထွန်းလာခဲ့တဲ့ ရှောင်လင်ကွန်ဖူး (Shaolin Kung Fu) ပညာရပ်တွေဟာ ယနေ့တိုင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။
ဝူရှစာပေလောကမှာ စာရေးဆရာကြီးတွေ စိတ်ကူးဖန်တီးထားခဲ့တဲ့ သိုင်းဂိုဏ်းကြီးတွေ အများအပြားရှိခဲ့ပါတယ်။ အဲဒီအထဲမှာ "ရှောင်လင်ဂိုဏ်း" တစ်ခုတည်းသာ ပြင်ပလောကမှာ အမှန်တကယ် တည်ရှိပါတယ်။ (ဒါပေမဲ့ ဝတ္ထုတွေထဲကအတိုင်းတော့ မဟုတ်ပါဘူး။ ဝတ္ထုထဲမှာပါတဲ့အတိုင်း အနီးစပ်ဆုံး တူညီတဲ့ တစ်ခုတည်းသောဂိုဏ်းအဖြစ်သတ်မှတ်နိုင်ပါတယ်)
တကယ်တော့ ဝူရှစာရေးဆရာကြီးတွေဟာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ၊ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူသားတွေ၊ အမှန်တကယ်တည်ရှိနေတဲ့ နေရာဒေသတွေ၊ အမှန်တကယ် ထွန်းကားခဲ့ဖူးတဲ့ သိုင်းပညာအယူအဆတွေကို အခြေခံပြီး သူတို့ရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ပေါင်းစပ်ကာ သိုင်းဂိုဏ်းပေါင်းများစွာကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် သိုင်းလောကသားတွေအဖို့ သူတို့ဖန်တီးခဲ့တဲ့ သိုင်းဂိုဏ်းကြီးတွေဟာ ပြင်ပမှာ တကယ်တည်ရှိခဲ့သယောင် ထင်မှတ်မှားကြရတာပါ။
Jin Yong Universe မှာ ဆိုရင်တော့ Demi - Gods and Semi - Devils (လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ)၊ The Heaven Sword and Dragon Saber (နဂါးနိုင်ဓါး)၊ The Smiling Proud Wanderer (သိုင်းလောက၏ စိန်ခေါ်သံ) နဲ့ The Deer and the Cauldron (ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်) စာစဥ်တွေမှာ ရှောင်လင်ဘုန်းတော်ကြီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ရှောင်လင်ဂိုဏ်း
#ShaolinSect
#wikiwuxiathinelawka