ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ရှောင်းယောင်ဂိုဏ်းရဲ့ အကြောင်းပါ။
ရှောင်းယောင်ဂိုဏ်း (Xiaoyao Sect) ဆိုတာ Jin Yong ရဲ့ Demi-Gods and Semi-Devils ဝတ္ထုထဲက ထင်ရှားတဲ့ ဂိုဏ်းတစ်ခုပါ။ "အချုပ်အချယ်မဲ့ဂိုဏ်း" လို့ ဆရာမိုးကျော်သူက "လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ" မှာ ဘာသာပြန်ပါတယ်။ တချို့ကလည်း "အပူအပင်မဲ့ဂိုဏ်း" လို့ သုံးပါတယ်။
ရှောင်းယောင်ဂိုဏ်းရဲ့ အယူဝါဒက "ကောင်းကင်နှင့် မြေကြီးကို စီးနင်း၍ ဓါတ်ကြီး ခြောက်ပါးကို အုပ်စိုးကာ အဆုံးမဲ့ လွတ်လပ်စွာ ပျံသန်းခြင်း" ပါပဲ။ ဒါကြောင့်လည်း အချုပ်အချယ်မဲ့ဂိုဏ်း (Carefree Sect) လို့ ခေါ်တာပါ။
ရှောင်းယောင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့သူက ရှောင်ယောင်းကျိ (Xiaoyao Zi) ဖြစ်ပါတယ်။ ရှောင်ယောင်းကျိဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ Jin Yong Universe မှာ တုကူးချိုးပိုက်နဲ့ ကျမ်းစာထိန်းဆရာတော် (တချို့ကလည်း တာမောဆရာတော်လို့ ပြောပါတယ်) ပြီးရင် တတိယမြောက် သိုင်းပညာအမြင့်ဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံရသူပါ။
ဝူယာကျိ (Wuya Zi) ကတော့ ရှောင်းယောင်ဂိုဏ်းရဲ့ ဒုတိယမြောက် ဂိုဏ်းချုပ်ဖြစ်ပါတယ်။ ["ဝုဂန်းကျုး" လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] ဂိုဏ်းချုပ် ဝူယာကျိဟာ သိုင်းပညာအပြင် စစ်တုရင်၊ စာပေ၊ ပန်းချီ၊ ပန်းပု၊ ဆေးဝါး၊ ဗေဒင်၊ နက္ခတ္တ၊ စိုက်ပျိုးရေး စတဲ့ ပညာရပ်အမျိုးမျိုးကိုလည်း ဘက်စုံတတ်မြောက်ပါတယ်။
ထျန်းစန်းတုန်းလောင် နတ်ဘွားဘွား (Tianshan Tonglao) နဲ့ စီးရှမိဖုရား လီချိုးရွှေ (Li Qiushui) တို့ဟာ ဝူယာကျိရဲ့ ဆရာတူ အစ်မနဲ့ ညီမ ဖြစ်ပါတယ်။ [နတ်မိဘွားဘွား နဲ့ လီချူးဆိ လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်]
ဂိုဏ်းချုပ် ဝူယာကျိမှာ စူးရှင်းဟော် (Suxing He) နဲ့ သင်းချွန်းချိုး (Ding Chunqiu) လို့ ခေါ်တဲ့ တပည့် နှစ်ယောက် ရှိပါတယ်။ [ဆွံ့အဆရာ "စောစင်းဟို" နဲ့ ကြယ်တံခွန်အဖိုးအို "တင်းချွန်းချူး" လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်]
စူးရှင်းဟော်ဟာ တပည့်ကြီးဖြစ်ပေမယ့် သိုင်းပညာမှာတော့ သင်းချွန်းချိုးကို မမီပါဘူး။ ဒါပေမဲ့ သင်းချွန်းချိုးဟာ စိတ်ထားညံ့သူပါ။ ပေမိန်နတ်သိုင်းကို လိုချင်တဲ့အပြင် ဂိုဏ်းချုပ်နေရာကိုပါ ရယူချင်ခဲ့တဲ့ သစ္စာဖောက်တပည့်ဖြစ်ပါတယ်။ ဒါကြောင့် သူမျှော်မှန်းသလို အဆင့်ကုန် မရတဲ့အခါ "ဟွကုန်းသာ့ဖာ" (Great Energy Dissolving Skill) လို့ ခေါ်တဲ့ အတွင်းအား ချေဖျက်သိုင်းတစ်မျိုးကို ကိုယ်တိုင် တီထွင်အသုံးပြုခဲ့ပါတယ်။
ဝူယာကျိရဲ့ နောက်ဆုံးတပည့်ကတော့ ရှောင်လင်ကိုရင်လေး ရွှီကျူး (Xu Zhu)ဖြစ်ပါတယ်။ [ဖူးကျို့ကိုရင် လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] ရွှီကျူးဟာ အသက်အငယ်ဆုံးနဲ့ နောက်ဆုံးတပည့် ဖြစ်ပေမယ့် ဝူယာကျိရဲ့ စစ်တုရင်ကစားကွက်ကို အောင်နိုင်ခဲ့တာကြောင့် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရရှိခဲ့တာပါ။ ပြီးတော့ သူက ဂိုဏ်းချုပ် ဝူယာကျိ၊ ထျန်းစန်းတုန်းလောင် နတ်ဘွားဘွား နဲ့ စီးရှမိဖုရား လီချိုးရွှေတို့ဆီက အတွင်းအားနဲ့ သိုင်းပညာရပ်တွေကိုပါ ဆက်ခံရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ သင်းချွန်းချိုးက "ကြယ်တံခွန်ဂိုဏ်း" (Xingxiu School) ဆိုပြီး ဂိုဏ်းတစ်ခု တည်ထောင်ပါတယ်။ သူကိုယ်တိုင် တပည့်ဆိုးဖြစ်ခဲ့သူဆိုတော့ သူကလည်း တပည့်ဆိုး ပြန်ကြုံရပါတယ်။ အဲဒါကတော့ ချောင်ဖုန်း (Qiao Feng) ရဲ့ ခယ်မ အားကျိ (Azi) ပါပဲ။ [နောက်ပိုင်း Edition မှာတော့ သင်းချွန်းချိုးက အားကျိ ကို လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်ခဲ့လို့ ဂိုဏ်းက ထွက်ပြေးရတာဖြစ်တယ်လို့ ဖြည့်စွက်ခဲ့ပါတယ်]
ရှောင်းယောင်ဂိုဏ်းမှာ ထူးခြားတဲ့ သိုင်းပညာတွေ အများအပြားရှိပါတယ်။ အဲဒါတွေကတော့
၁။ ပေမိန်နတ်သိုင်း (Divine Skill of the Northern Darkness)
[မြောက်အရပ်က အတွင်းအားပညာ လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] ရန်သူရဲ့အတွင်းအားကို မိမိအတွင်းအားအဖြစ် ပြောင်းလဲအသုံးပြုနိုင်တဲ့ အတွင်းအားပညာရပ်တစ်မျိုး ဖြစ်ပါတယ်။ ပေမိန်နတ်သိုင်းဟာ သူတပါးရဲ့ အတွင်းအားကို စုပ်ယူနိုင်ရုံသာမက မိမိရဲ့ ထိန်းချုပ်မှုအောက်မှာ တိတိကျကျ လည်ပတ်စီးဆင်း အသုံးချနိုင်ပါတယ်။
ပင်လယ်ကြီးဟာ ရေကို ကိုယ်တိုင်မဖန်တီးဘဲ မြစ်ချောင်းတွေက စုစည်းရယူသလို ပေမိန်နတ်သိုင်း အသုံးပြုသူဟာလည်း အတွင်းအားကို ကိုယ်တိုင်မဖန်တီးဘဲ ရန်သူ့ဆီက ရယူရမယ်ဆိုတဲ့ ခံယူချက်ပါပဲ။ ဒါကြောင့်လည်း ကျင့်စဥ်လမ်းညွှန်ချက်မှာ "အတွင်းအားက ပထမ၊ လှုပ်ရှားမှုက ဒုတိယ" လို့ ပြတ်ပြတ်သားသား လမ်းစဥ် ချမှတ်ထားတာပါ။
ဆိုလိုတာက ပေမိန်နတ်သိုင်းကို စတင်လေ့ကျင့်မယ်ဆိုတာနဲ့ လိုက်နာရမယ့် ပထမဆုံး နိယာမက အတွင်းအားကို ရနိုင်သမျှ စုဆောင်းဖို့ဖြစ်ပါတယ်။ "အတွင်းအား ပြည့်ဝလာတာနဲ့အမျှ မိုးအောက်မြေပြင်မှာ ရှိသမျှသိုင်းပညာတွေ အားလုံးဟာ ကိုယ့်အတွက်ပဲလို့ မှတ်ပေတော့" လို့ လမ်းညွှန်ထားပါတယ်။
၂။ ဆန်းကြယ် ခြေလှမ်းသိုင်း (Minute Steps Upon Towering Waves)
[ရေလှိုင်းမာန်နှင့် ခြေသိုင်းဟန်လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်။] ရန်သူရဲ့ တိုက်ခိုက်မှုတွေကို အလွန်လွတ်လပ်တဲ့အထိန်းအကွပ်မဲ့ ပုံသဏ္ဍာန်နဲ့ လျှင်မြန်စွာ ရှောင်ရှားရတဲ့ ကိုယ်ဖော့သိုင်းပညာရပ် ဖြစ်ပါတယ်။
အလွန် လွတ်လပ်တယ်ဆိုတာက ရန်သူရဲ့ တိုက်ခိုက်မှုကို ဘယ်လိုရှောင်တိမ်းလိုက်မယ်ဆိုပြီး လိုက်စဉ်းစားနေစရာ မလိုလို့ပါပဲ။ ဆန်းကြယ် ခြေလှမ်းသိုင်းကွက်တွေအတိုင်း ခန္ဓာကိုယ်ကို စောင်း၍ တဖုံ၊ ခုန်၍ တစ်မျိုး၊ အမျိုးမျိုးသော ခြေလှမ်းတွေနဲ့ ပုံမှန်ပြေးလွှားနေရုံပါပဲ။
အထိန်းအကွပ်မဲ့တယ်ဆိုပေမယ့် ဗရမ်းဗတာ တိမ်းရှောင်တာမျိုးတော့ မဟုတ်ပါဘူး။ ဆန်းကြယ် ခြေလှမ်းသိုင်းကွက်တွေကို ပထမဆုံး ခြေလှမ်းကနေ နောက်ဆုံးခြေလှမ်းအထိ စက်ဝိုင်းတစ်ပတ် ဖန်တီးထားတာပါ။ ခြေလှမ်းတွေက ပုံမှန်အတိုင်း တစ်လှမ်းနဲ့ တစ်လှမ်း အချိတ် အဆက်သာ မိနေပါစေ၊ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မှုစရာ မလိုပါဘူး။ ဒါပေမဲ့ ရန်သူက ဒီလိုတိုက်ခိုက်လာရင် ငါက ဒီလိုရှောင်တိမ်းလိုက်မယ်လို့ တွေးလိုက်မိပြီဆိုတာနဲ့ မကြာခင်မှာ ဖမ်းမိသွားမှာ ဖြစ်ပါသတဲ့။
ဆန်းကြယ်ခြေလှမ်း သိုင်းကွက်တွေ အသုံးပြုပြီး ပြေးလွှားရှောင်တိမ်းနေတဲ့သူကို အမိဖမ်းဖို့က နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အတွင်းအားမှာ သူ့ထက်ပိုမြင့်အောင် ကြိုးစားပြီး ဆန်းကြယ်ခြေလှမ်းသိုင်းပညာမှာ သူ့ထက်ပိုသာအောင် လုပ်ဖို့ပါပဲ။
၃။ ထာဝရရုပ်ပျို သိုင်းပညာ (Never Aging Eternal Youth Skill)
[မိုးအောက်မြေပြင်သိုင်းပညာလို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] အိုမင်းမှုကို ရပ်တန့်ပြီး နုပျိုစေတဲ့ သိုင်းပညာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသိုင်းပညာရဲ့ ချို့ယွင်းချက်က အနှစ် ၃၀ ကြာတိုင်း တစ်ကြိမ် သူငယ်ပြန်တာပါပဲ။
တကယ်တော့ "သူငယ်ပြန်တယ်" ဆိုတာထက် "မူမှန်ပြန်တယ်" လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ပြန်ချိန်မှာ နုပျိုမှုတွေ ပျောက်ဆုံးသွားပြီး နဂိုအတိုင်း အိုမင်းရင့်ရော်သွားလို့ပါ။ ဒါ့အပြင် ပိုဆိုးတာက အတွင်းအားတွေလည်း ပျောက်ဆုံးကုန်တဲ့အတွက် အဲဒီကာလ အခိုက်အတန့်မှာ ရန်သူနဲ့ရင်ဆိုင်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ အင်အားနည်းသွားပါတယ်။
ဒါကြောင့် သင်ဟာ ရန်သူများပြားလှတယ်ဆိုရင်တော့ သိုင်းပညာမှာ ဘယ်လောက်တော်နေနေ၊ အဲဒီအခိုက်အတန့်မှာ လုံခြုံတဲ့နေရာရှာပြီး ပုန်းနေတာ အကောင်းဆုံးပါပဲ။
၄။ ရှောင်ဝူရှန့် အတွင်းအားပညာ (Minor Formless Skill)
အလွန်ရှေးကျတဲ့ တာအိုကျင့်စဥ်တစ်ခုဖြစ်ပြီးအတွင်းအားကို ထည့်သွင်းသုံးစွဲလို့ သုံးစွဲထားမှန်း မသိရလောက်အောင် သိမ်မွေ့လှတဲ့ အတွင်းအားပညာ တစ်မျိုးပါ။ ရှောင်ဝူရှန့် အတွင်းအားပညာရဲ့အစွမ်းက အသုံးပြုသူရဲ့အတွင်းအားကို တိုးပွားမြင့်မားလာစေပြီး တိုက်ခိုက်မှုတွေကို တိကျလာစေတာပါပဲ။
ဥပမာအားဖြင့် ထိုးသွင်းလာတဲ့ ဓါးကို လက်ချောင်းနဲ့ ညှပ်ဖမ်းတာမျိုး၊ ပစ်လွင့်လာတဲ့ လက်နက်ပုန်းကို ကြားဖြတ်တားဆီးတာမျိုး ပြုလုပ်တဲ့အခါ ရှောင်ဝူရှန့် အတွင်းအားပညာက မပါမဖြစ်ပါ။ သိုင်းပညာရပ်အမျိုးမျိုးနဲ့ ပေါင်းစပ်အသုံးပြုနိုင်တဲ့ရှောင်ဝူရှန့် အတွင်းအားပညာကို လေ့ကျင့်အောင်မြင်ဖို့ ခက်ခဲသလို အောင်မြင်သွားခဲ့ရင်လည်း အလွန်ပဲ အစွမ်းထက်ပါတယ်။ တိုက်ခိုက်ရေးအတွက် အဓိကမဟုတ်ပေမယ့် ဘယ်သိုင်းပညာရပ်နဲ့မဆို ပေါင်းစပ်အသုံးပြုနိုင်တာက ဒီပညာရဲ့ အားသာချက်ပါပဲ။
၅။ ထန်စန်း နေမင်းရောင်ခြည်လက်ဝါးသိုင်း ခြောက်ကွက် (Six Yang Palms of TianShan)
[ထင်းစန်းတောင် သိုင်းခြောက်ကွက် လို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] ရန်သူကို Yang အပူဓါတ်အတွင်းအားနဲ့ တိုက်ခိုက်တဲ့ လက်ဝါးသိုင်းပညာရပ်ဖြစ်ပြီး အတွင်းအား ကောင်းရင် ကောင်းသလောက် အဝေးကလည်း အပူဓါတ် ထုတ်လွှတ် တိုက်ခိုက်နိုင်ပါတယ်။
ခြောက်ကွက်ဆိုပေမယ့် အကွက်ပြောင်းတွေ အများကြီး ပါဝင်သလို ထူးခြားတာက တခြားသိုင်းပညာရပ်တွေနဲ့ ယှဥ်တွဲအသုံးပြုနိုင်တာပါ။ ဒီလက်ဝါးသိုင်းက တဖက်ရန်သူရဲ့ အတွင်းအားကိုလည်း ချေဖျက်ပစ်နိုင်ပြီး ပေမိန်နတ်သိုင်းနဲ့ ပေါင်းစပ်အသုံးပြုရင် တဖက်ရန်သူနဲ့ လက်ဝါးချင်း ရင်ဆိုင်မိတာနဲ့ အတွင်းအားတွေ အလိုအလျောက် စုပ်ယူနိုင်ပါတယ်။ ရေစက်တွေကို အတွင်းအားနဲ့ အေးခဲစေပြီး သွေးကြောတွေကို ပိတ်ဆို့တိုက်ခိုက်ရတဲ့ သေမင်းမန္တာန် အဆိပ်သိုင်းကို ဖြေပေးနိုင်တဲ့ တစ်ခုတည်းသော သိုင်းပညာက နေမင်းရောင်ခြည်လက်ဝါးသိုင်းပဲ ဖြစ်ပါတယ်။
၆။ ထန်စန်း ဇီးသီးလက်လိမ်သိုင်း (Plum Breaking Hands of TianShan)
[ထင်းစန်းတောင် ပန်းခူးလက်သိုင်းလို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] ရန်သူကို အနားမပေးဘဲ တစ်ဆင့်ပြီး တစ်ဆင့် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်တဲ့ ပညာရပ်ပါ။ လက်ဝါးသိုင်း သုံးကွက်၊ ဖမ်းချုပ်ကွက် သုံးကွက်၊ စုစုပေါင်း ခြောက်ကွက် ရှိပါတယ်။ ဒီခြောက်ကွက်ကို အခြေခံပြီး မိမိ ဉာဏ်ရှိသလို အကွက်တိုးချဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။
အတွင်းအားကောင်းမွန်ပြီး အတွေ့အကြုံရင့်ကျက်လာပြီဆိုရင် တခြားဘယ်သိုင်းကွက်ကိုမဆို ထင်းစန်းတောင် ပန်းခူးလက်သိုင်းရဲ့ တိုက်ခိုက်မှုနည်းစနစ်မှာ ထည့်သွင်းအသုံးချနိုင်ပါတယ်။ ထင်းစန်းတောင် ပန်းခူးလက်သိုင်းရဲ့ ပြင်းထန်မှုကတော့ သူဖုန်းစားဂိုဏ်းရဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက်နဲ့ တန်းတူပါပဲ။
၇။ သေမင်းမန္တာန် အဆိပ်သိုင်း (Life-Death Talisman)
သေမင်းမန္တာန် အဆိပ်သိုင်းကို သေစေရှင်စေအဆောင်လို့လည်း ခေါ်ပါတယ်။ [အသက်ချွေအင်း လက်နက်ပုန်းပညာလို့ မိုးကျော်သူက ဘာသာပြန်ပါတယ်] လူ့ခန္ဓာကိုယ်ထဲက အကြောတွေကို အဝေးကနေ ပိတ်ဆို့တိုက်ခိုက်နိုင်တဲ့ လက်နက်ပုန်းပညာပါ။ ရေစက်ရေပေါက်တွေနဲ့ အရည်မှန်သမျှကို အတွင်းအားနဲ့ ထိန်းချုပ်အေးခဲစေပြီး အကြောပိတ်ရာမှာ အသုံးပြုနိုင်ပါတယ်။
သေမင်းမန္တာန် အဆိပ်သိုင်းနဲ့ အတိုက်ခိုက်ခံရရင် ဖြေဆေးမရမချင်း ယားယံနာကျင်နေတာမို့ လူအများကို ချုပ်ကိုင် ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ အဆိပ်မထအောင် ဆေးနဲ့ ထိန်းချုပ်နိုင်ပေမယ့် အပြီးသတ် ပျောက်ကင်းသွားဖို့ကတော့ အပူဓါတ်ပါတဲ့ နေမင်းရောင်ခြည်လက်ဝါးသိုင်းကို သုံးပြီး အတွင်းအားနဲ့ ကုသတဲ့ နည်းလမ်းပဲရှိပါတယ်။
၈။ သက်တန့်ဖြူ လက်ဝါးသိုင်း (White Rainbow Palm)
သက်တန့်ဖြူ လက်ဝါးသိုင်းဆိုတာက တိုက်ကွက်ထုတ်ပြီး နောက်မှာတောင် လေထဲမှာ အချိုးအကွေ့၊ အပြောင်းအလဲတွေ လိုအပ်သလို ပြုလုပ်ပြင်ဆင်ပြီး ရန်သူကို လှည့်စားတိုက်ခိုက်နိုင်တဲ့ သိုင်းပညာ ဖြစ်ပါတယ်။ ဒီပညာက ရှောင်းယောင်ဂိုဏ်းရဲ့ မူလပညာဖြစ်ပေမယ့် လီချိုးရွှေက ထပ်မံ အဆင့်မြှင့်တင်ထားတာပါ။
၉။ လိပ်အသက်ရှူနည်းပညာ (Turtle Breathing Technique)
အတွင်းအားကို အသုံးပြုပြီး အသက်ရှူခြင်းကို အချိန်တစ်ခုအထိ ထိန်းချုပ်နိုင်တဲ့ ပညာဖြစ်ပါတယ်။ [မိုးကျော်သူက လိပ်ဝှက်ကွန်ဖူးလို့ ဘာသာပြန်ပါတယ်] ဒီပညာရပ်နဲ့ ရန်သူကို လှည့်စားခြင်း၊ ခြေရာဖျောက်ခြင်းအပြင် ရေအောက်မှာ ပုန်းခိုခြင်း၊ သေချင်ယောင်ဆောင်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
၁၀။ အသံပို့ ဝိညာဉ်ရှာ သိုင်းပညာ (Sound Transmission Soul Searching)
အသံလှိုင်းနဲ့ အတွင်းအားကို ပေါင်းစပ်အသုံးပြုရတဲ့ ပညာရပ်ပါ။ မိမိမိတ်ဆွေတွေကို ရန်သူတွေ မသိအောင် လျှို့ဝှက်သတင်းပို့ဖို့ အသုံးချနိုင်တဲ့အပြင် ရန်သူရဲ့ တည်နေရာကို ရှာဖွေခြေရာခံဖို့အတွက်လည်း အထူးအသုံးဝင်ပါတယ်။
ရှောင်းယောင်ဂိုဏ်းနဲ့ ပတ်သက်ပြီး လေ့လာသိရှိထားသမျှကတော့ ဒီလောက်ပါပဲ။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ရှောင်းယောင်ဂိုဏ်း
#XiaoyaoSect
#CarefreeSect
#wikiwuxiathinelawka