ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက နှင်းတောင်ဂိုဏ်း အကြောင်းပါ။
နှင်းတောင်ဂိုဏ်း (Snowy Mountain Sect) ဆိုတာ ကျင်းယုံရဲ့ Ode to Gallantry စာစဥ်ထဲမှာ ပါဝင်တဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ခု ဖြစ်ပါတယ်။
နှင်းတောင်ဂိုဏ်းကို ဘယ်အချိန်မှာ၊ ဘယ်သူက စတင်တည်ထောင်ခဲ့သလဲဆိုတာ စာစဥ်ထဲမှာ တိတိကျကျ ဖော်ပြမထားပါဘူး။
နှင်းတောင်ဂိုဏ်းရဲ့ ဌာနချုပ်က လင်းရှောင်မြို့ (Lin Xiao City) မှာ တည်ရှိပါတယ်။ လင်းရှောင်မြို့ ဆိုတာဟာ စာရေးဆရာက စိတ်ကူးယဉ်အဖြစ် ဖန်တီးထားတဲ့ မြို့ပါ။ ပြင်ပမှာ တကယ်မရှိပါဘူး။
လင်းရှောင်မြို့တည်ရှိရာ ဒေသဟာ တောင်တန်းကြီးတွေ ဝန်းရံထားတာကြောင့် နွေရာသီမှာတောင် နှင်းတဖွဲဖွဲကျဆင်းနေတတ်ပြီး အမြဲလိုလို အေးမြတဲ့ ရာသီဥတုရှိပါတယ်။
ပိုင်ကျိကျိုင်း (Bai Zizai) ဟာ နှင်းတောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်ပါတယ်။ သူ့ကိုယ်သူ သိုင်းလောကပထမအဖြစ် စိတ်ကူးယဥ်နေသူဖြစ်ပြီး သြဇာအာဏာကို မက်မောသူ ဖြစ်ပါတယ်။ သူ့ရဲ့ အတ္တဆန်မှုတွေကြောင့် ဇနီးဖြစ်သူ စွန့်ပစ်ထွက်ခွာသွားပြီးနောက် စိတ်ကျရောဂါကို ခံစားခဲ့ရပါတယ်။
ရှီရှောင်ချွေ့ (Shi Xiaocui) ဟာ ပိုင်ကျိကျိုင်းရဲ့ ဇနီးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် နှင်းတောင်ဂိုဏ်းက ထွက်ခွာကာ ရွှေကျီးဂိုဏ်း (Golden Crow School) ကို တည်ထောင်ခဲ့ပါတယ်။
ပိုင်ကျိကျိုင်း ရဲ့ ဂိုဏ်းချုပ်ရာထူးကို သားဖြစ်သူ ပိုင်ဝမ်ကျန်း (Bai Wanjian) က ဆက်ခံပါတယ်။ သူဟာလည်း သဘောထား ပြတ်သားတင်းမာသူတစ်ဦးဖြစ်ပြီး နှင်းတောင်ဂိုဏ်းရဲ့ ဓလေ့ထုံးတမ်းတွေကို တင်းကျပ်စွာ လိုက်နာပါတယ်။
ပိုင်အားစူး (Bai Axiu) ကတော့ ပိုင်ဝမ်ကျန်းရဲ့ သမီးပါ။ သူမဟာ နှင်းတောင်ဂိုဏ်းရဲ့ ပညာသင်တပည့်တစ်ဦးဖြစ်သူ ရှီကျန်းယွဲ (Shi Zhongyu) ရဲ့ အဓမ္မပြုကျင့်ဖို့ ကြံစည်မှုကို ခံရတဲ့အတွက် ချောက်ကမ်းပါးထဲ ခုန်ချသွားခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖွားဖွားရှီ (Shi Xiaocui) က သူမကို ကယ်တင်ခဲ့ပါတယ်။
နှင်းတောင်ဂိုဏ်းရဲ့ သိုင်းပညာက ထက်မြက်တာ မှန်ပေမယ့် ဂိုဏ်းတွင်းရေးရာ ပြဿနာတွေကြောင့် သိုင်းလောကမှာ အောင်မြင် ကျော်ကြားသင့်သလောက် မကျော်ကြားခဲ့တာပါ။
ကျင်းယုံရဲ့ ဝတ္ထုတွေဟာ အများအားဖြင့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတတ်ပေမယ့် Ode to Gallantry ကတော့ တခြားဝတ္ထုတွေနဲ့ ချိတ်ဆက်မှုနည်းပါးပြီး သီးခြားလို ဖြစ်နေပါတယ်။
Ode to Gallantry ဝတ္ထုမတိုင်မီ ရှေ့ပိုင်းဝတ္ထုတွေမှာ နှင်းတောင်ဂိုဏ်း မပါဝင်ခဲ့သလို နောက်ပိုင်းဝတ္ထုတွေမှာလည်း နှင်းတောင်ဂိုဏ်း အကြောင်း ထပ်ပြီး မပါဝင်တော့ပါဘူး။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#နှင်းတောင်ဂိုဏ်း
#SnowyMountainSect
#wikiwuxiathinelawka