ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက "ချွမ်ကျင်းဂိုဏ်း" အကြောင်းပါ။
"ချွမ်ကျင်းဂိုဏ်း" (Quanzhen Sect) ဟာ စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) ရဲ့ "သိမ်းငှက်သူရဲကောင်းတို့ ဒဏ္ဍာရီ" (The Legend of Condor Heroes) နဲ့ "တစ်ကျော့ပြန် သိမ်းငှက်သူရဲကောင်းများ" (The Return of Condor Heroes) စာစဥ်တွေထဲက ထင်ရှားတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပါတယ်။
"ချွမ်ကျင်းဂိုဏ်း" ကို တည်ထောင်ခဲ့သူက တာအို ရသေ့ကြီး "ဝမ်ချုံရန်" (Wang Chongyang) ဖြစ်ပြီး ဌာနချုပ်က "ကျုံးနန်တောင်" (Zhongnan Mountain) မှာ တည်ရှိပါတယ်။
သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အမှန်တကယ်ရှိခဲ့တဲ့ နေရာဒေသတွေ၊ အမှန်တကယ်ထွန်းကားခဲ့ဖူးတဲ့ သိုင်းပညာအယူအဆတွေကို ကိုယ်ပိုင်စိတ်ကူးနဲ့ ပေါင်းစပ်ဖန်တီးလေ့ရှိတဲ့ "ကျင်းယုံ" ရဲ့ ထုံးစံအတိုင်း "ချွမ်ကျင်းဂိုဏ်း" ကိုလည်း ဖြစ်ရပ်မှန်တွေအပေါ် အခြေခံပြီး ဖန်တီးခဲ့ပါတယ်။
ဒါကြောင့် အခုဖော်ပြမယ့် အကြောင်းအရာတွေက သမိုင်းမှာ တကယ်ရှိခဲ့ဖူးတဲ့ တာအိုရသေ့ကြီး "ဝမ်ချုံရန်" နဲ့ သူ့ရဲ့ "ချွမ်ကျင်းကျောင်း" (Quanzhen School) တို့နဲ့ မသက်ဆိုင်ဘဲ ဝတ္ထုပါ အကြောင်းအရာတွေသာဖြစ်တယ်ဆိုတာ အရင်ဆုံး ပြောလိုပါတယ်။
"ချွမ်ကျင်းဂိုဏ်း" ကို တည်ထောင်သူ "ဝမ်ချုံရန်" ဟာ ငယ်စဥ်က စုန့်မင်းဆက်ခေတ် (Song Dynasty)၊ တစုန့်ပြည် (Da Song) ရဲ့ စစ်သည်တော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ နန်းတွင်းရေး အရှုပ်တော်ပုံတွေ၊ ကျင်းပြည်ထောင် (Jin Dynasty) ရဲ့ ကျူးကျော်မှုတွေကြောင့် တစုန့်ပြည်ကြီး ကျဆုံးခန်းကို စိတ်ပျက်ညည်းငွေ့လာတဲ့အတွက် စစ်တပ်ကထွက်ပြီး သိုင်းလောကမှာ ခြေဦးတည့်ရာ ကျင်လည် နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျုံးနန်တောင်က ရှေးဟောင်းဂူသင်္ချိုင်းမှာ တစ်ကိုယ်တည်း သိုင်းပညာလေ့ကျင့်ရင်း ကာလကြာရှည် ဖြတ်သန်းခဲ့ပါတယ်။
"ဝမ်ချုံရန်" နဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဖြစ်သလို "ဝမ်ချုံရန်" အပေါ်မှာလည်း မေတ္တာတိမ်းညွတ်နေသူက "လင်ချောင်ယင်း" (Lin Chaoying) ပါ။ သူမက သိုင်းလောကထဲက ပျောက်ဆုံးနေတဲ့ "ဝမ်ချုံရန်" ကို မရ၊ အရ လိုက်လံရှာဖွေခဲ့ပါတယ်။ ထူးခြားတဲ့ သိုင်းပညာရပ်တွေကိုလည်း အတူတူလေ့ကျင့်ခဲ့ကြပါတယ်။
ခက်တာက သိုင်းပညာကိုပဲ စိတ်ဝင်စားတဲ့ "ဝမ်ချုံရန်" က အချိန်တွေသာ ကုန်ဆုံးလာတယ်၊ "လင်ချောင်ယင်း" ကို ချစ်ရေးမဆိုခဲ့ပါဘူး။ ကြာလာတော့ "လင်ချောင်ယင်း" လည်း စိတ်မထိန်းနိုင်အောင်ဖြစ်လာပြီး "ဝမ်ချုံရန်" ကို စိန်ခေါ်ပါတော့တယ်။
လောင်းကြေးကတော့ သူမ ရှုံးရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်၊ "ဝမ်ချုံရန်" ရှုံးရင်တော့ ရှေးဟောင်းသင်္ချိုင်းဂူကို သူမဆီ ပေးပြီး ကျုံးနန်တောင်ပေါ်မှာ ၁၀ နှစ် ရသေ့ဝတ်ဖို့ ဆိုတာပါပဲ။
အဲဒီနောက် "ဝမ်ချုံရန်" နဲ့ "လင်ချောင်ယင်း" တို့ဟာ ကျောက်ပြားပေါ်မှာ လက်ညှိုးကို သုံးပြီး စာရေးခြင်းဖြင့် အစွမ်းပြိုင်ကြပါတယ်။ "လင်ချောင်ယင်း" က သိုင်းပညာအရ "ဝမ်ချုံရန်" ကို မယှဥ်နိုင်ပေမယ့် ကျောက်ပြားပေါ် စာရေးတဲ့နေရာမှာ အကောက်ဉာဏ်သုံးပြီး ယှဥ်ပြိုင်တဲ့အတွက် အနိုင်ရသွားပါတော့တယ်။
ဒါကြောင့် "ဝမ်ချုံရန်" က ရှေးဟောင်းသင်္ချိုင်းဂူကို "လင်ချောင်ယင်း" လက်ထဲအပ်နှံပြီး တာအိုရသေ့အဖြစ် ကျုံးနန်တောင်မှာ နေထိုင်ရင်း "ချွမ်ကျင်းဂိုဏ်း" ကို တည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ "ဝမ်ချုံရန်" လည်း တဖြည်းဖြည်း ကျော်ကြားလာပြီး "အလယ်ပိုင်းသူတော်စင်" (Central Divine) ဆိုတဲ့ ဘွဲ့အမည်ကို ရရှိလာပါတယ်။
"ဝမ်ချုံရန်" မှာ သွေးသောက်ညီ "ကျိုးပေါ်ထုံး" (Zhou Botong) နဲ့ ထူးချွန်တဲ့ တပည့်ရင်း ခုနစ်ယောက် ရှိပါတယ်။ သူတို့ကတော့ "မာယွီ" (Ma Yu)၊ "ထန်ချူတွမ့်" (Tan Chuduan)၊ "လျိုချူးရွှမ်" (Liu Chuxuan)၊ "ချူချူကျိ" (Qiu Chuji)၊ "ဝမ်ချူးယိ" (Wang Chuyi)၊ "ဟောင်တထုံး" (Hao Datong)၊ "စွန်းပုအော်" (Sun Bu'er) တို့ပါ။ ချွမ်ကျင်းဂိုဏ်းရဲ့ ထက်မြက်တဲ့ သိုင်းပညာကြောင့် ချွမ်ကျင်းတပည့်တွေဟာလည်း သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ကြပါတယ်။
အသက်အရွယ်တွေ တဖြည်းဖြည်း ကြီးရင့်လာတဲ့တိုင်အောင် အမျိုးသမီးကြီး "လင်ချောင်ယင်း" ကတော့ အချစ်ကြောင့် ဖြစ်လာတဲ့ အမုန်းမီးတွေနဲ့ ဆက်လက် တောက်လောင်နေဆဲပါ။
ဒါကြောင့် သူမဟာ မသေဆုံးမီမှာ ချွမ်ကျင်းဂိုဏ်းရဲ့ သိုင်းပညာကို တစ်ကွက်ချင်းစီ တန်ပြန်တိုက်ခိုက်နိုင်မယ့် "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာ (Jade Maiden Heart Sutra) ကို ကြိုးစားပမ်းစား တီထွင်သွားခဲ့ပါတယ်။ "ဝမ်ချုံရန်" ဟာ "လင်ချောင်ယင်း" ရဲ့ "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာကို ချေဖျက်နိုင်မယ့် သိုင်းကွက်ကို အမျိုးမျိုး စဥ်းစားကြံစည်ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။
အဲဒီအချိန်မှာ သိုင်းလောကမှာ လူတကာမက်မောကြတဲ့ "ကျိုယင်းသိုင်းကျမ်း" (Nine Yin Manual) ပေါ်ထွက်လာပြီး သွေးချောင်းစီးမယ့်အရေး ဖြစ်လာပါတယ်။
သိုင်းလောကရဲ့ "ကြီးငါးကြီး" ဖြစ်တဲ့ အရှေ့ပိုင်းဆေးဆရာ "ဟွမ်ယောက်ရှီ" (Huang Yaoshi)၊ အနောက်ပိုင်းအဆိပ်ဘုရင် "အိုးရန်ဖုန်း" (Ouyang Feng)၊ တောင်ပိုင်းဧကရာဇ် "သွမ့်ကျိချင်း" (Duan Zhixing)၊ မြောက်ပိုင်းသူဖုန်းစား "ဟုန်ချီကုန်း" (Hong Qigong) နဲ့ အလယ်ပိုင်းသူတော်စင် "ဝမ်ချုံရန်" (Wang Chongyang) တို့ဟာ ဟွာစန်းတောင်ပေါ်မှာ ၇ ရက် ၇ ည ကြာတဲ့အထိ ယှဉ်ပြိုင်တိုက်ခိုက်ကြပါတယ်။
အဲဒီပြိုင်ပွဲမှာ "ဝမ်ချုံရန်" အနိုင်ရခဲ့တာကြောင့် "ကျိုယင်းသိုင်းကျမ်း" ကို ပိုင်ဆိုင်ခဲ့ပါတယ်။ "ဝမ်ချုံရန်" ဟာ "ကျိုယင်းသိုင်းကျမ်း" ကို ဖတ်ရှုလေ့လာပြီးတဲ့အခါ "လင်ချောင်ယင်း" ရဲ့ "ကျောက်စိမ်းမိန်းမပျို နှလုံးသား" သိုင်းပညာကို ချေဖျက်နိုင်တဲ့ နည်းလမ်း တွေ့ရှိသွားခဲ့ပါတယ်။
သူက "ကျိုယင်းသိုင်းကျမ်း" ထဲက ရက်စက်ကြမ်းကြုတ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်ပြီး ချွမ်ကျင်းဂိုဏ်းရဲ့ သိုင်းပညာနဲ့ ပေါင်းစပ်ကာ ကျိုယင်းသိုင်းကျမ်း အသစ်တစ်စောင်ကို ပြုစုခဲ့ပါတယ်။ ပြီးတော့ သူက အဲဒီ "ကျိုယင်းသိုင်းကျမ်းသစ်" ကို ရှေးဟောင်းသင်္ချိုင်းဂူရဲ့ နံရံမှာ ရေးသားခဲ့ပါတယ်။ မူရင်း ကျိုယင်းသိုင်းကျမ်းကိုလည်း ဆက်လက်ထိန်းသိမ်းထားပြီး ချွမ်ကျင်းဂိုဏ်းသားတွေ လုံးဝ မလေ့ကျင့်ရဘူးလို့ ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။
ချွမ်ကျင်းဂိုဏ်းရဲ့ သိုင်းပညာတွေကတော့ "ခုနစ်စင်ကြယ် စုပေါင်းတိုက်ကွက်" (ဝါ) "ကြယ်တံခွန်ဝင်္ကပါ" (The Big Dipper Formation)၊ "ကောင်းကင်ဘုံ အတွင်းအားပညာ" (Pre-Heaven Skill)၊ "ချွမ်ကျင်း အတွင်းအားကျင့်စဥ်" (Quanzhen Internal Energy Cultivation)၊ "ချွမ်ကျင်းဓါးသိုင်း" (Quanzhen Sword Techniques) နဲ့ "ချွမ်ကျင်းလက်ဝါးသိုင်း" (Quanzhen Palm Styles) တို့ပဲ ဖြစ်ပါတယ်။
တပည့်ရင်း ခုနစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ "ဟောင်တထုံး" (Hao Datong) ကတော့ "ဟွာစန်းတောင်" (Huashan Mountain) မှာ အခြေချကာ "ဟွာစန်းဂိုဏ်း" (Huashan Sect) ကို တည်ထောင်ခဲ့ပါတယ်။ "ဟောင်တထုံး" ရဲ့ "ဟွာစန်းဂိုဏ်း" ဟာလည်း ထင်ရှားအောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာ သိုင်းလောကရဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ခု ဖြစ်လာပါတော့တယ်။
"ချွမ်ကျင်းဂိုဏ်း" ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ တပည့်ကြီး ခုနစ်ယောက်ပြီးရင် "ရန်ခန်း" (Yang Kang)၊ "ကျောက်ကျိကျင်း" (Zhao Zhijing)၊ "ကျန်းကျိပင်" (Zhen Zhibing) [ပထမဆုံး Version အရ "ယင်ကျိဖင်" (Yin Zhiping)] နဲ့ "ကောကျင့်" (Guo Jing) တို့က တတိယမျိုးဆက်တွေ ဖြစ်ပါတယ်။
စတုတ္ထမျိုးဆက်ကတော့ "ရန်ကော်" (Yang Guo)၊ "လုချင်းတု" (Lu Qingdu) တို့ပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ "ချွမ်ကျင်းဂိုဏ်း" ရဲ့ သိုင်းမျိုးဆက်ကို ထပ်ပြီး မတွေ့ရတော့ပါဘူး။
[စာရေးဆရာ "ရဲသူ" ရဲ့ ကိုယ်တိုင်ရေးစာစဥ်ဖြစ်တဲ့ "အညတရသိုင်းသမားလေးတစ်ဦး၏ မှတ်တမ်း" စာစဥ်မှာတော့ ဇာတ်လိုက်ကျော် "မျောက်ကလေး" ဟာ "ဝမ်ချုံရန်" ရဲ့ သိုင်းပညာမှတ်တမ်း စာအုပ်ကို ရရှိခဲ့တာကြောင့် "ချွမ်ကျင်းဂိုဏ်း" ရဲ့ မျိုးဆက်လို့ ဆိုနိုင်ပါတယ်]
Condor Trilogy ရဲ့ နောက်ဆုံးစာစဥ်ဖြစ်တဲ့ "နဂါးနိုင်ဓါး" (The Heavenly Sword and Dragon Saber) စာအုပ်မှာတော့ "ရန်ကော်" ရဲ့ မျိုးဆက်ဖြစ်တဲ့ "ဝတ်စုံဝါမိန်းကလေး" (Yellow Dress Maiden) ထွက်ပေါ်လာခဲ့ပြီး "ကျိုယင်းသိုင်းကျမ်း" ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ပြသသွားခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ချွမ်ကျင်ဂိုဏ်း
#QuanzhenSect
#wikiwuxiathinelawka