ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ခွန်းလွန်ဂိုဏ်း အကြောင်းပါ။
ခွန်းလွန်ဂိုဏ်း (Kunlun Sect) ဟာ တရုတ်နိုင်ငံ အနောက်ပိုင်း၊ ချင်းဟိုင်ပြည်နယ် (Qinghai Province) နဲ့ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Xinjiang Autonomous Region) က မိုင်ရာချီ ရှည်လျားတဲ့ ခွန်းလွန်တောင် (Kunlun Mountain) မှာ တည်ရှိပါတယ်။
ဒဏ္ဍာရီအရ "ခွန်းလွန်ဂိုဏ်း" ကို တည်ထောင်သူတွေကတော့ "လောင်ဇီ" (Laozi) နဲ့ "ယွမ်ရှီထျန်းကျွမ်း" (Yuanshi Tianzun) တို့ပါ။ သူတို့ဟာ "ကျိုးမင်းဆက်ခေတ်" (Zhou Dynasty) မှာ ခွန်းလွန်ဂိုဏ်းကို တည်ထောင်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ တပည့် ၁၂ ယောက်ဟာ နောက်ပိုင်းမှာ ခွန်းလွန်ဂိုဏ်းရဲ့ ဝါစဥ်ကြီး ၁၂ ဦး ဖြစ်လာခဲ့ပါတယ်။
[နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ ခွန်းလွန်ဂိုဏ်းကို "မင်မင်းဆက်ခေတ်" (Ming Dynasty) မှာ "ကောင်းလင်းရှောင်" (Gao Lingxiao) ဆိုသူက တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဒဏ္ဍာရီက ဖြစ်နိုင်ချေ နည်းပါတယ်။ ဘာလို့လဲဆိုတော့ နဂါးနိုင်ဓားစာစဥ်မှာကတည်းက "ခွန်းလွန်ဂိုဏ်း" က တည်ရှိနေပြီးသား ဖြစ်တာကြောင့်ပါ။ နဂါးနိုင်ဓါး စာစဥ်က "ယွမ်မင်းဆက်ခေတ်" (Yuan Dynasty) ပါ။ "ယွမ်မင်းဆက်ခေတ်" ပြီးတဲ့အခါကျမှ "မင်မင်းဆက်ခေတ်" ရောက်မှာပါ]
"ခွန်းလွန်ဂိုဏ်း" ဟာ "ချွမ်ကျင်းဂိုဏ်း"၊ "ဟွာစန်းဂိုဏ်း"၊ "ဝူတန်ဂိုဏ်း" တို့လို "တာအိုဂိုဏ်း" တစ်ခုဖြစ်ပေမယ့်လည်း တာအိုဓလေ့ထုံးတမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းတော့ မရှိပါဘူး။ "ခွန်းလွန်ဂိုဏ်း" မှာ အမျိုးသမီးတွေကိုလည်း လက်ခံသင်ကြားပေးသလို ဂိုဏ်းဝင်တွေကို လက်ထပ်ခွင့်၊ အိုးအိမ်ထူထောင်ခွင့် ပြုထားပြီး မဖြစ်မနေ သက်သတ်လွတ်စားဖို့လည်း သတ်မှတ်ထားခြင်း မရှိပါဘူး။
Jin Yong Universe ထဲမှာ အထင်ရှားဆုံး ခွန်းလွန်ဂိုဏ်းသားကတော့ နဂါးနိုင်ဓါး (The Heaven Sword and Dragon Saber) စာစဥ်ထဲက "ဟိုကျူးတောက်" (He Zudao) ပါ။ သူက ဓါးသိုင်း၊ တူရိယာနဲ့ ကျားထိုး ပညာရပ်သုံးခုကို အထူးကျွမ်းကျင်လို့ "Kunlun Three Sage" [ခွန်းလွန် ဘုရားသုံးဆူ] လို့ တင်စားခေါ်ဝေါ်ခြင်း ခံရပါတယ်။
"ဟိုကျူးတောက်" ဟာ နောင်မှာ "ကျန်းစန်းဖုန်း" ရယ်လို့ အထင်ကရဖြစ်လာမယ့် လူငယ်လေး "ကျန်းကျွင်းပေါင်" ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ သေဆုံးချိန်အထိ ပြည်မဒေသကို လုံးဝ ခြေမချတော့ပါဘူး။
"ဟိုတိုက်ချုံး" (He Taichong) ကတော့ ကျေးဇူးကန်းပြီး အကျင့်ပျက်တဲ့ ဂိုဏ်းခေါင်းဆောင်လို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ သူဟာ ရှောင်လင်ကျောင်းမှာ ချုပ်နှောင်ခံထားရတဲ့ "ရှက်စွန်း" (Xie Xun) ကို သတ်ဖို့၊ နဂါးနိုင်ဓားကို ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ရှောင်လင်အကြီးအကဲ သုံးဦးရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။
ကျင်းယုံအပြင် အခြားသော စာရေးဆရာတွေကလည်း သူတို့ရဲ့ ဝတ္ထုတွေမှာ ခွန်းလွန်ဂိုဏ်းကို မကြာခဏ ထည့်သွင်းရေးသားတတ်ကြပါတယ်။
"ကျင်းတုံ" ရဲ့ "ခွန်းလွန်စန်းရှ" (ခွန်းလွန်ရင်သွေး) စာစဥ်အရ ခွန်းလွန်ဂိုဏ်းမှာ အကြီးအကဲ ခုနစ်ယောက် ရှိပြီး အစဥ်အဆက် ထိန်းသိမ်းထားတဲ့ အဖိုးတန်ပစ္စည်း သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ "မဟာသိုင်းကျမ်း"၊ "နှစ်တစ်ထောင်ဆေးမြစ်" နဲ့ "ဟန်စို့ဓါး" ပါ။
"ဝမ်အင်း" (Wen Ruian) ရဲ့ "ခွန်းလွန်ကျန်းဝူ" (ခွန်းလွန်ရသေ့သိုင်း) စာစဥ်မှာတော့ "ခွန်းလွန်ဂိုဏ်း" ရဲ့ "ရသေ့သိုင်းပညာ ငါးမျိုး" ဟာ "ရှောင်လင်ဂိုဏ်း" ရဲ့ "တာမိုသိုင်း"၊ "ဝူတန်ဂိုဏ်း" ရဲ့ "ခုနစ်စင်ကြယ်သိုင်း" တို့နဲ့ တန်းတူရည်တူရှိတယ်လို့ ဖော်ပြပါတယ်။
"ဝေါ့လုံစိမ်း" (ဝါ) "ဝူလုံရှန်း" (Wolong Sheng) ရဲ့ "ခွန်းလွန်ဂိုဏ်း၏ မူလသိုင်းကျမ်း" စာစဥ်မှာ ဇာတ်လိုက်ကျော် "မာကျင်းဝူ" ဟာ ခွန်းလွန်ဂိုဏ်းသား ဖြစ်ပြီး "သက်ကယ်ဓါးသိုင်း ၁၂ ကွက်" ဟာ ခွန်းလွန်ဂိုဏ်းရဲ့ ထင်ရှားတဲ့ သိုင်းပညာဖြစ်ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ခွန်းလွန်ဂိုဏ်း
#KunlunSect
#wikiwuxiathinelawka