ဒီနေ့ သိုင်းလောကသားတွေကို မျှဝေပေးချင်တာက ခုံးတုံဂိုဏ်း အကြောင်းပါ။
"ခုံးတုံဂိုဏ်း" (Kongtong Sect) ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ကန်းစုပြည်နယ် (Gansu Province)၊ ခုံးတုံတောင် (Kongtong Mountains) မှာ တည်ရှိပါတယ်။
ဒဏ္ဍာရီအရ "ခုံးတုံဂိုဏ်း" ကို တည်ထောင်သူကတော့ မတရားမှုကို မုန်းတီးတဲ့ သိုးကျောင်းသား "မူလင်ဇီ" (Mulingzi) ဖြစ်ပါတယ်။ (နောက်ထပ် မှတ်တမ်းတစ်ခုအရ "ခုံးတုံဂိုဏ်း" ကို ရှောင်လင်ဘုန်းတော်ကြီးဟောင်း Feihongzi က တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။)
"မူလင်ဇီ" ရဲ့ ထင်ရှားတဲ့ သိုင်းပညာက "ခုနစ်ဆင့်လက်သီးသိုင်း" (Seven Harms Fist) ပါ။ "မူလင်ဇီ" ဟာ ဒီသိုင်းပညာကို အသုံးပြုပြီး သိုင်းလောကမှာ မကောင်းသူပယ်၊ ကောင်းသူကယ် ကျင်လည်ခဲ့ပါတယ်။ "မူလင်ဇီ" ကွယ်လွန်သွားတဲ့အခါမှာတော့ ဝါစဥ်ကြီး တပည့်ငါးဦးက ခုံးတုံဂိုဏ်းကို ဆက်လက် ဦးဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ ခုံးတုံဂိုဏ်းဟာ သိုင်းလောကရဲ့ ထိပ်သီးစာရင်းဝင် ဂိုဏ်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ခုံးတုံဂိုဏ်းရဲ့ "ခုနစ်ဆင့်လက်သီးသိုင်း" ပညာဟာ အတွင်းအားခုနစ်မျိုးပါဝင်တာကြောင့် အလွန်သိမ်မွေ့ပြီး လေ့ကျင့်ရခက်ခဲပါတယ်။ အတွင်းအားမပြည့်ဝဘဲ လေ့ကျင့်မိမယ်ဆိုရင် လေ့ကျင့်သူကိုတောင် ပြန်လည် ဒုက္ခရောက်စေနိုင်ပါတယ်။ လေ့ကျင့်အောင်မြင်သွားပြီဆိုရင်တော့ အစွမ်းထက်တဲ့ သိုင်းပညာတစ်ရပ် ဖြစ်လာပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်ဟာ "ခုနစ်ဆင့်လက်သီးသိုင်း" နဲ့ အတိုက်ခိုက်ခံရမယ်ဆိုရင် အတွင်းဒဏ်ရာ အပြင်းအထန်ရသွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာကိုတော့ ရှာဖွေတွေ့နိုင်မှာ မဟုတ်ပါဘူး။
ဗုဒ္ဓဝါဒ (Buddhism)၊ ကွန်ဖြူးရှပ်ဝါဒ (Confucius) နဲ့ တာအိုဝါဒ (Taoism) တို့ ပေါင်းစပ်ရောယှက်နေတဲ့ "ခုံတုံဂိုဏ်း" ရဲ့ သိုင်းပညာဟာ ဝူတန်ဂိုဏ်း၊ ခွန်းလွန်ဂိုဏ်းတို့နဲ့ ဆင်တူပေမယ့် ထူးခြားချက်ကတော့ ခုံးတုံဂိုဏ်းဝင်တွေဟာ ဓါး၊ တောင်ဝှေး စတဲ့ ရိုးရာလက်နက်တွေကို ဦးစားပေး အသုံးမပြုကြဘဲ ကိုယ်ပိုင်လက်နက်တွေကို တီထွင်အသုံးပြုကြတာပဲ ဖြစ်ပါတယ်။
နဂါးနိုင်ဓါး (The Heaven Sword and Dragon Saber) စာစဥ်မှာ ခုံးတုံဂိုဏ်းကို "ကျုံးဝေ" (Zong Weixia)၊ "ထန်ဝန်လှိုင်" (Tang Wenliang)၊ "ချန်ကျင့်" (Chang Jingzhi) စတဲ့ ဝါစဥ်ကြီး ငါးဦးက ဦးဆောင်ပါတယ်။ ခုံးတုံဂိုဏ်းဟာ မိစ္ဆာဂိုဏ်းလို့ သတ်မှတ်ခံရတဲ့ "အလင်းတမန်ဂိုဏ်း" (The Ming Cult) ကို တခြားသော ဂိုဏ်းကြီးငါးဂိုဏ်းနဲ့အတူ ကွမ်းမိန်တောင်မှာ တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီခေတ်မှာ ခုံးတုံဂိုဏ်းဟာ ဂိုဏ်းကြီး ခြောက်ဂိုဏ်းအနက် အောက်ဆုံးအဆင့်မှာရှိနေပါတယ်။ အဖြူရောင်ဂိုဏ်းကြီး တစ်ဂိုဏ်းအဖြစ် ရပ်တည်နေပေမယ့်လည်း ခုံးတုံဂိုဏ်းသားတွေရဲ့ စိတ်ထားကတော့ ကြီးမြင့်လှတာ မဟုတ်ပါဘူး။ ထင်ပေါ်ကျော်ကြားမှုအတွက် ဖြတ်လမ်းက လိုက်ချင်နေကြသူတွေပါ။
ကွမ်းမိန်တောင်တိုက်ပွဲမှာ ခုံးတုံဂိုဏ်းခေါင်းဆောင်တွေဟာ အလင်းတမန်ဂိုဏ်းချုပ် "ကျန်းဝူကျိ" ကို ရှုံးနိမ့်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ "အလင်းတမန်ဂိုဏ်း" နဲ့ ပြေလည်သွားခဲ့ကြပြီး ရှောင်လင်ကျောင်းမှာ ဖမ်းဆီးခံထားရတဲ့ ရွှေခြင်္သေ့မင်း "ရှက်စွန်း" (Xie Xun) ပြန်လည်လွတ်မြောက်ဖို့ "ကျန်းဝူကျိ" ကို ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။
ထူးခြားတာက ရွှေခြင်္သေ့မင်း "ရှက်စွန်း" နဲ့ "ကျန်းဝူကျိ" တို့ဟာ ခုံးတုံဂိုဏ်းဝင်မဟုတ်ဘဲ "ခုနစ်ဆင့်လက်သီးသိုင်း" ကို တတ်မြောက်ထားကြသူတွေ ဖြစ်ကြတာပါပဲ။
အကြောင်းကတော့ "ရှက်စွန်း" ဟာ သူ့ရဲ့ ရန်သူတော်ကြီး မိုးကြိုးလက် "ချန်ခွန်း" ကို လက်စားချေနိုင်ဖို့ ခုံးတုံဂိုဏ်းရဲ့ ခုနစ်ဆင့်လက်သီးသိုင်းကို ခိုးယူ လေ့ကျင့်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ "ရှက်စွန်း" ဆီကတဆင့် မွေးစားသားဖြစ်သူ "ကျန်းဝူကျိ" က ဆက်လက် သင်ယူခဲ့ပါတယ်။
"ရှက်စွန်း" ဟာ "သံမဏိကိုယ်ခံသိုင်းပညာ" ကို လေ့ကျင့်အောင်မြင်ထားတဲ့ ရှောင်လင်ဂိုဏ်းက ခုံးကျက်ဆရာတော်ကို "ခုနစ်ဆင့်လက်သီးသိုင်း" နဲ့ သတ်ပစ်ခဲ့တာကြောင့် သိုင်းလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သလို "ခုနစ်ဆင့်လက်သီးသိုင်း" ဟာလည်း ပိုမိုထင်ရှားလာခဲ့ပါတယ်။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ခုံတုံဂိုဏ်း
#KongtongSect
#wikiwuxiathinelawka