တက္ကသိုလ်နေလင်းအောင်ရဲ့ "အနိုင်မခံသိုင်းပြောင်းပြန်" ဆိုတဲ့ စာအုပ်လေးတစ်အုပ် လိုက်ရှာရင်း Version နှစ်မျိုး သွားတွေ့တယ်။
ပထမတစ်ခုက စာမျက်နှာ ၄၄၈ မျက်နှာရှိတယ်။ အရုဏ်ဦးစာပေက ထုတ်တယ်။ Scan ထဲမှာ ပုံနှိပ်မှတ်တမ်း ပါမလာပေမယ့် ၁၉၈၀ ပြည့်နှစ် ဝန်းကျင်ထုတ်စာအုပ်လို့ ခန့်မှန်းရတယ်။ မူရင်း စာရေးဆရာကို "ကုလုံ" လို့ ဖော်ပြတယ်။ ပထမအကြိမ်ထုတ် စာအုပ်ဖြစ်တာ သေချာတယ်။
ဒုတိယတစ်ခုက စာမျက်နှာ ၃၁၉ မျက်နှာရှိတယ်။ ဦးတင့်လွင် (သော်ကစာပေ) က ထုတ်တယ်။ ပုံနှိပ်မှတ်တမ်းမှာတော့ ၂၀၀၂ ခုနှစ်၊ ဧပြီလမှာ ထုတ်တယ်။ မူရင်းစာရေးဆရာကို "ဝမ်အင်း" လို့ဖော်ပြတယ်။ သူကလည်း ပထမအကြိမ်ဆိုပဲ။
သိုင်းစာအုပ်တွေမှာတော့ Typical PDF မဟုတ်ရင် ဟောင်းလေ ကောင်းလေပါပဲ။ ၁၉၈၀ ဝန်းကျင် အရည်အသွေးနဲ့ ၂၀၀၂ အရည်အသွေး ဘယ်လောက်ကွာသလဲဆိုတာ အောက်မှာ နမူနာပုံတွေကြည့်ရင် သိနိုင်ပါတယ်။
၁၉၈၀ ဝန်းကျင်မှာ သိုင်းစာပေတွေ စတင် ခေတ်စားလာခဲ့ပြီးတဲ့နောက် ၂၀၀၀ ပြည့်နှစ်လွန် ကာလတွေမှာ ဘယ်လောက်အထိ အရည်အသွေး နိမ့်နိမ့်၊ ပေါပေါပဲပဲတွေ ရိုက်ထုတ်ခဲ့ကြသလဲဆိုတာ သက်သေပါပဲ။
ပုံနှိပ်အရည်အသွေးလည်း တက်မလာ၊ ပုံနှိပ်မှတ်တမ်းတွေကလည်း ယုံချင်စရာမရှိ။ တစ်ခါတလေ စာရေးဆရာတွေကိုယ်တိုင်တောင် သူတို့စာအုပ်တွေ ထုတ်နေတာ သိရော သိရဲ့လားလို့ တွေးမိတယ်။
ကျနော်က "စာရေး၊ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိ" လောကနဲ့ ကျွမ်းဝင်သူမဟုတ်တော့ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် နားမလည်ပါဘူး။ စာဖတ်သူ အမြင်သက်သက် တွေးမိတာပါ။
ရှေးကထုတ်တဲ့ သိုင်းစာအုပ်တွေဟာ ပုံနှိပ်အရည်အသွေးလည်း ကောင်းတယ်။ စာမူ အရည်အသွေးလည်း မြင့်တယ်။ ပုံနှိပ်မှတ်တမ်း အချက်အလက်လည်း မှန်ကန်တယ်။ စာဖတ်သူအပေါ်မှာလည်း လေးစားတယ်။
တကယ်ပါ။ သိုင်းစာအုပ်တွေမှာ Typical PDF မဟုတ်ရင် ဟောင်းလေ ကောင်းလေပါပဲ။
#ထွေရာလေးပါးသိုင်းစကား