သိုင်းလောကကို အားပေးပါ
"သိုင်းလောက Page" ဟာ သိုင်းစာစဥ် PDF တွေကို အခမဲ့တင်ပေးနေတဲ့ Page တစ်ခု ဖြစ်ပါတယ်။
သိုင်းစာစဥ်တွေကို တင်ပေးရာမှာ အဓိကအားဖြင့် PDF ရှိပြီးသား ပုံနှိပ်သိုင်းစာစဥ်ဟောင်းတွေကိုပဲ တင်ပေးနေတာဖြစ်ပါတယ်။
တချိန်က သိုင်းစာပေတခေတ် ဟုန်းဟုန်းတောက်ခဲ့စဥ်က အုပ်ရေသောင်းချီ ထွက်ရှိခဲ့တဲ့ သိုင်းစာစဥ်တွေအထဲမှာ အခုချိန်အထိ PDF ကျန်ရှိနေသေးတဲ့ စာအုပ်ရေက ထောင်ဂဏန်းလောက်ပဲ ရှိတာပါ။
အဲဒီ ထောင်ဂဏန်း အရေအတွက်ရှိတဲ့ သိုင်းစာစဥ် PDF တွေကလည်း "သိုင်းစာစဥ်များ Page" ရဲ့ ကျေးဇူးကြောင့် ကျန်ရှိနေတာဖြစ်ပါတယ်။
ဒါပေမဲ့ Link ပျက်ကုန်တာ၊ Website ကို ဝင်မရတော့တာတွေကို ထည့်တွက်ရင် အဲဒီ ထောင်ဂဏန်းရှိတဲ့ သိုင်းစာစဥ် PDF တွေကလည်း အခုချိန်မှာတော့ ပမာဏတစ်ခုအထိ လျော့ကျသွားခဲ့ပါပြီ။
လွန်ခဲ့တဲ့ တနှစ်ကျော်က ကျနော် "သိုင်းလောက Page" ကို စလုပ်ဖြစ်တာကလည်း အဲဒီရှိပြီးသား PDF စာစဥ်လေးတွေ ထပ်ပြီး မပျောက်ပျက်သွားအောင် ထိန်းသိမ်းချင်လို့ပါပဲ။
ဒါကြောင့် "သိုင်းလောက Page" မှာ ပုံနှိပ်ခေတ် သိုင်းစာစဥ်ဟောင်းတွေကို ပြန်တင်ရင်း အင်တာနက်ခေတ်ဦးပိုင်းနဲ့ အခုနောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ သိုင်းစာစဥ်အသစ်တွေ၊ ကိုယ်တိုင်ရေးစာစဥ်တွေလည်း လက်လှမ်းမီရာ ရှာဖွေတင်ပေးခဲ့ပါတယ်။
အဲဒီလိုတင်တဲ့အခါ အသစ်ထွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ရေးပဲ ဖြစ်ဖြစ် Free PDF ထွက်ရှိထားတဲ့စာစဥ်တွေကိုပဲ တင်ခဲ့ပါတယ်။ အခန်းဆက်ရေးနေဆဲ စာစဥ်တွေကို မတင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ စာရေးသူတွေအနေနဲ့ ထိုက်သင့်တဲ့ စာမူခလေးတွေ ပြန်ရှာဖို့ အချိန်တစ်ခု လိုအပ်လို့ဖြစ်ပါတယ်။ စာရေးသူတွေအနေနဲ့ ဝန်ဇင်းမှာ တင်ရောင်းတာဖြစ်စေ၊ အခပေး ဂရု(ပ်)တွေကဆင့် ရောင်းတာဖြစ်စေ အချိန်ကာလတစ်ခုအထိ ဝင်ငွေပြန်ရှာပြီးမှ သိုင်းလောကသားတွေအတွက် Free PDF တွေ ထုတ်ပေးနိုင်ကြမှာပါ။
ခြွင်းချက်အနေနဲ့ "ဆရာခွန်" နဲ့ "အောင်ကောင်းမြတ်" တို့ရဲ့ စာစဥ်တွေကိုတော့ အခန်းဆက်ရေးလို့ မပြီးသေးခင်မှာပဲ "သိုင်းလောက Page" မှာ တင်ခဲ့ပါတယ်။ ဒါကလည်း စာရေးသူတွေကိုယ်တိုင် လိုလိုလားလား ခွင့်ပြုပေးလို့၊ PDF ပို့ပေးလို့ ဖြစ်ပါတယ်။
အခုအချိန်မှာ သိုင်းစာစဥ်ဟောင်းတွေ တဖြည်းဖြည်း ရှားပါးလာသလို သိုင်းစာစဥ်အသစ်တွေ ဖတ်ခွင့်ရဖို့ဆိုတာကလည်း အတော့်ကို ခဲယဥ်းသွားပါပြီ။
အထူးသဖြင့် "ဝူရှ" ဘာသာပြန် သိုင်းစာစဥ်အသစ်တွေနဲ့ ပတ်သက်လာရင် "ဆရာခွန်" တစ်ယောက်ဆီကပဲ မျှော်ဖို့ ရှိတော့တာပါ။ "ရှန်းရှ" တွေ တခေတ်စားလာချိန်မှာ "ဝူရှ" ဘက်က ကြံ့ကြံ့ခံရပ်တည်ပြီး စာစဥ်အသစ်တွေကို ဆက်ပြီးဘာသာပြန်နေတာ "ဆရာခွန်" တစ်ယောက်ပဲ ရှိပါတော့တယ်။
ဒါကြောင့်လည်း သိုင်းလောကသားတွေအနေနဲ့ စာစဥ်အသစ်တွေ ဖန်တီးပေးနေတဲ့ စာရေးဆရာတွေကို အားပေးစေလိုပါတယ်။ သူတို့အနေနဲ့ ထိုက်သင့်တဲ့အားပေးမှုနဲ့ ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ခလေးရမှ သိုင်းလောကအတွက် ရှေ့ဆက်ဖို့ ခွန်အားရှိကြမှာပါ။
အောက်မှာ "ဆရာခွန်" နဲ့ "အောင်ကောင်းမြတ်" တို့ရဲ့ Free Page တွေကို ဖော်ပြလိုက်ပါတယ်။
သိုင်းစာစဥ်တွေကို ဦးဦးဖျားဖျား ဖတ်ရှုချင်တယ်ဆိုရင်တော့ စာရေးဆရာတွေရဲ့ Pay Group တွေရှိပါတယ်။ အဲဒီ Page တွေမှာ Pay Group တွေအကြောင်း သွားရောက်စုံစမ်းမေးမြန်းပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လက်ရှိမှာ "ဆရာခွန်" က "ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်"၊ "အောင်ကောင်းမြတ်" က "ရှောင်လင်ကျောင်းမှ သိုင်းဗေဒါ" စာစဥ်တွေကို အခန်းဆက်ရေးသားနေဆဲ ဖြစ်ပါတယ်။
သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ဖို့ ဝိုင်းဝန်းအားပေးကြပါဦးလို့ တိုက်တွန်းပါတယ်။
📢 ကုလုံ၏ စာစဥ်များ
https://www.facebook.com/profile.php?id=100063478909181&mibextid=ZbWKwL
📢 ကျင်းယုံ၏ သိုင်းစာစဥ်များ
https://www.facebook.com/profile.php?id=100063671486178&mibextid=ZbWKwL
📢 ဟောင်ယိ၏ စာစဥ်များ
https://www.facebook.com/profile.php?id=100076145253119&mibextid=ZbWKwL
📢 Wuxia Sar Pay
https://www.facebook.com/Wuxia-sar-pay-108112577579508/?mibextid=ZbWKwL
#ထွေရာလေးပါးသိုင်းစကား