"ဝူရှ" ကို ဘာလို့ ကြိုက်
"သိုင်းလောက Page" မှာ "ရှန်းရှ" သမားတွေက "ဝူရှ" ကို တန်းလာညှိတာ၊ သိုင်းအဆင့်လာပြိုင်တာမျိုး တစ်ခါတလေ ကြုံရတတ်ပါတယ်။
"ဝူရှ" နဲ့ "ရှန်းရှ" ဟာ မတူညီတဲ့ သိုင်းလောကတွေကို အခြေခံထားတဲ့အတွက် တန်းညှိဖို့၊ အဆင့်ပြိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ်နှစ်သက်ရာ ကိုယ်ဖတ်ရုံပါပဲ။
တကယ်တော့ ဒီအသက်အရွယ်မှာ "ဝူရှ" စာပေတွေ ကြိုက်တယ်ဆိုတာ ငယ်ငယ်ကလို ဇာတ်လမ်း၊ ဇာတ်ကွက်တွေအပေါ် စီးမျောလိုက်ပါပြီး ကြိုက်နှစ်သက်မိတာမျိုးက အလွန်နည်းပါးသွားပါပြီ။
အသက်အရွယ် ကွာခြားမှု၊ စဥ်းစားတွေးခေါ်ပုံ ကွာခြားမှုတွေကြောင့် ဇာတ်လမ်း၊ ဇာတ်ကွက် အားဖြင့်တော့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ အရသာကို ကြီးပြင်းလာတဲ့အခါ ပြန်ဖတ်ရင် ဘယ်လိုမှ ရာနှုန်းပြည့်မရတော့ပါဘူး။
ဒါပေမဲ့ ငယ်ငယ်က ဖတ်ခဲ့ဖူးပါလားဆိုတဲ့ ခံစားမှုရတာမျိုး၊ စာအုပ်ကို ဖတ်နေရင်း ငယ်ငယ်က မိဘတွေရဲ့ ဆူပူမှု၊ ဆရာ ဆရာမတွေရဲ့ ပြောဆိုမှုတွေကို ပြန်မြင်ယောင်လာတာမျိုး၊ ရေနံဆီမီးအိမ်အောက်၊ ဖယောင်းတိုင်မီးရောင်အောက်မှာ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဝါကျင့်ကျင့် စက္ကူလေးတွေ၊ မည်းနက်နက် ခဲစာလုံးလေးတွေကို ပြန်လွမ်းမိတာမျိုး။
သိုင်းစာအုပ်တွေ ပြန်ဖတ်နေရင်း ခံစားချက်တွေ တသီတတန်းနဲ့ ငယ်စဥ်ဘဝ အဖြစ်အပျက်တွေ၊ ငယ်စဥ်က မိသားစုအခြေအနေတွေကစလို့ ဇာတိ ရပ်ရွာ၊ စာသင်ရာ ကျောင်းတော်ကြီး၊ ငယ်ပေါင်း သူငယ်ချင်း ရောင်းရင်း မိတ်ဆွေတွေအထိ အတွေးခြေဆန့်မိတာမျိုး။
ကျနော့်အဖို့တော့ အိမ်သာသွားဖို့ စာအုပ်ရှာနေရင်း အိမ်သာတက်ချင်စိတ်ပါ ပျောက်သွားရတဲ့ အမှတ်တရမျိုးက "ဝူရှ" မှာပဲ ရှိခဲ့ပါတယ်။
ဒီနေ့အထိ "ဝူရှ" တွေ ဆက်ဖတ်ဖြစ်နေတာဟာ ငယ်ချစ်ကို သံယောဇဥ်မပြတ်တာမျိုးပါပဲ။ ပြောရရင် မြတ်နိုးမှုတန်ဖိုးနဲ့ အဖိုးတန်နေတာပါပဲ။
အခုအချိန်မှာ "ရှန်းရှ" စာပေအသစ်တွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာကြပေမယ့် အသက်အရွယ်အရ ခံစားချက်ကွာဟမှု၊ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရမှုတွေကြောင့် စာဖတ်ဖို့အချိန် နည်းပါးလာသလို ဖတ်ချင်စိတ်လည်း လုံးဝ မရှိတော့ပါဘူး။
(ဟိုတစ်ဇွန်း ဒီတစ်ဇွန်း မြည်းစမ်းကြည့်မိတဲ့ "ရှန်းရှ" တွေကလည်း ကိုယ်ကိုယ်တိုင်က "အင်မော်တယ်" တွေ၊ "စနစ်" တွေနဲ့ သူစိမ်းဆန်လွန်းတဲ့အပြင် အရေးအသား မညက်ညောတာ၊ မြန်မာသဒ္ဒါ မပိုင်နိုင်တာ၊ 18 + ပါဝင်တာတွေကြောင့် ဖတ်ချင်စိတ်ကို ခံတွင်းပျက်စေခဲ့တယ်ထင်ပါရဲ့။)
ဒါပေမဲ့ "ဝူရှ" စာပေတွေကိုတော့ ဒီအသက်အရွယ်ထိလည်း ဖတ်ချင်စိတ်ရှိတုန်း၊ မရ ရတဲ့အချိန် ရှာကြံဖတ်နေတုန်း၊ ငယ်ငယ်ကဖတ်ခဲ့ဖူးတာလေးတွေကို ပြန်တွေ့လို ပြန်တွေ့ငြား အင်တာနက်မှာ လိုက်ရှာကြည့်နေမိတုန်းပါ။
ယုတ္တိဗေဒနဲ့ နှိုင်းယှဥ်ပြီး မဖြစ်နိုင်တဲ့ ဇာတ်လမ်းတွေချင်း အတူတူဆိုရင်တောင် မြတ်နိုးမှုတန်ဖိုးက "ဝူရှ" နဲ့ "ရှန်းရှ" ဆီနဲ့ရေလို ကွာပါတယ်။
#ဝူရှကိုဘာလို့ကြိုက်
#ထွေရာလေးပါးသိုင်းစကား