နဂါးနိုင်ဓါးစာစဥ်ရဲ့ ဇာတ်သိမ်းပိုင်းနားလေးမှာ ကျန်းဝူကျိကို လာကူညီပေးသွားတဲ့ အဝါရောင်ဝတ်စုံဝတ်မိန်းကလေးကို သိုင်းလောကသားတွေ သိကြမှာပါ။
အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းရတဲ့ အဲဒီ မိန်းကလေးကို ရန်ကော်ရဲ့သမီးလို့ သိထားကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂါးနိုင်ဓါး စာစဥ်ကို ဘာသာပြန်ခဲ့တဲ့ ဆရာ တက္ကသိုလ်နေလင်းအောင်က "ကျွန်မက ရန်ကော့ရဲ့ သမီးပါပဲ" လို့ တရားဝင် ရေးသားထားခဲ့လို့ပါ။
ဒါပေမဲ့ The Return of the Condor Heroes နဲ့ The Heaven Sword and Dragon Saber စာစဥ် နှစ်ခုရဲ့ Timeline အရဆိုရင် "ရန်ကော်ရဲ့သမီး" ဆိုတဲ့ကိစ္စက အတော်လေး စဥ်းစားစရာရှိပါတယ်။
တက္ကသိုလ်နေလင်းအောင်က "ရန်ကော့ ဆိုသော ပုဂ္ဂိုလ်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ခန့်က သိုင်းလောကတစ်ခုလုံး လေးစားခန့်ညားရသည့် ထိပ်သီးသိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့သောကြောင့်သာတည်း" လို့လည်း ဆက်လက်ညွှန်းဆို ရေးသားခဲ့ပါသေးတယ်။ [တက္ကသိုလ်နေလင်းအောင် ရဲ့ နဂါးနိုင်ဓါး၊ စာစဥ် ၈ (ဇာတ်သိမ်းပိုင်း)၊ စာမျက်နှာ ၃၆၈ မှာ ဖတ်နိုင်ပါတယ်။]
ပြန်စဥ်းစားကြည့်ရင် ရန်ကော်က သိန်းငှက်သူရဲကောင်းရယ်လို့ ကျော်ကြားခဲ့တဲ့အချိန်မှာ သူရဲ့ အသက်ဟာ ၃၀ ကျော်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၁၆ နှစ်ကြာရင် ပြန်ဆုံကြမယ်ဆိုပြီး ရှောင်လုံနွီ ထွက်သွားတဲ့အချိန်မှာ ရန်ကော်ရဲ့ အသက်က ၂၀ ဝန်းကျင်။ သိန်းငှက်နဲ့အတူ တုကူးဓါးသိုင်း လေ့ကျင့်နေတာက ၁၀ နှစ်။ ဒီတော့ သိုင်းလောကကို ပြန်ထွက်လာတဲ့အချိန်မှာ အနည်းဆုံး အသက် ၃၀ ရှိပြီလို့ အကြမ်းဖျင်း တွက်ကြည့်လို့ရပါတယ်။
ဒီလိုဆိုရင် "လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ခန့်က" ဆိုတာနဲ့တွက်ကြည့်ရင် ရန်ကော်က သက်ရှိထင်ရှား ရှိမယ်ဆိုရင် အသက် ၁၀၀ လောက် ဖြစ်နေပြီ။ အဝါရောင် ဝတ်စုံဝတ် မိန်းကလေးက အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းရတော့ အသက်အပိုင်းအခြားအရ "သမီး" ဆိုတာထက် "မြေး" ဆိုတာက ပိုပြီး သဘာဝကျပါလိမ့်မယ်။
ဒီအကြောင်းကို လိုက်ရှာဖတ်ကြည့်တဲ့အခါ
The Heaven Sword and Dragon Saber Character List နဲ့ Wuxia fandom မှာတော့ "ရန်ကော်ရဲ့ သမီး" လို့ တိတိကျကျ ပြောမထားပါဘူး။ "မျိုးဆက်" လို့ပဲ ဆိုတယ်။
The Heaven Sword and Dragon Saber ရုပ်သံဇာတ်လမ်းတွဲ၊ 2003 Version မှာလည်း "ရန်မျိုးနွယ်" ဆိုတာလောက်ပဲ ဖော်ပြပါတယ်။
ကျန်းဝူကျိက နာမည်မေးတဲ့အခါ "တောင်ပိုင်း စွန်းတောင်ပေါ်မှာ သုသာန်တစ်ခုရှိတယ်။ သိုင်းထိပ်ခေါင်မောင်နှံ လှဲလျောင်းနေတယ်" လို့ပဲ ဖြေသွားခဲ့တယ်။ [Channel Myanmar ဘာသာပြန်၊ အပိုင်း ၃၉ မှာ ကြည့်နိုင်ပါတယ်။]
The Heaven Sword and Dragon Saber Eng pdf မှာတော့ "Behind the Mount Zhong Nan, the Tomb of the Living Dead, the Divine Eagle and Gallant Knights vanished from the Jianghu." လို့ ဖြေသွားခဲ့ပါတယ်။
တရုတ်အသံထွက်နဲ့ဆို ကဗျာဆန်ဆန်လေးပါပဲ။ "ကျုံးနန်တောင်နောက်၊ လူရှင်အုတ်ဂူ၊ သိုင်းထိပ်ခေါင်မောင်နှံ၊ သိုင်းလောကမှကွယ်ပျောက်ခဲ့ပြီ" ပေါ့။ [Chapter - 39, "Secret manual and military treatise are hidden within" မှာ ဖတ်နိုင်ပါတယ်။]
ဆိုတော့ .. အားလုံးကို ခြုံပြီးပြောရရင် အဝါရောင်ဝတ်စုံဝတ်မိန်းကလေးကို ရန်ကော်ရဲ့ သမီးလို့ တိတိကျကျ ပြောထားတာ တက္ကသိုလ်နေလင်းအောင် တစ်ယောက်တည်းပဲရှိပါတယ်။
တကယ်လို့ ရန်ကော် သမီးပါလို့ တစ်ထစ်ချသတ်မှတ်ချင်တယ်ဆိုရင်တော့ ရှောင်လုံနွီ ရဲ့ ကျောက်စိမ်းမိန်းမပျိုသိုင်းလို အုတ်ဂူဟောင်းဂိုဏ်းရဲ့ သိုင်းပညာတွေကို အမွေဆက်ခံခဲ့ရတဲ့အတွက် အသက်ကြီးပေမယ့် အရွယ်တင် နုပျိုနေတာလို့ ဖြည့်တွေးရမှာပါပဲ။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည်တည်တံ့ပါစေ။
#ဝတ်စုံဝါမိန်းကလေးကဘယ်သူလဲ
#ထွေရာလေးပါးသိုင်းစကား