သိုင်းဝတ္ထုနဲ့ ပတ်သက်ရင် အများပြောလေ့ရှိတဲ့ စကားက "မည်သို့မည်ပုံ လုပ်လိုက်သည် မသိ" တဲ့။
အဲဒီ "မည်သို့မည်ပုံ လုပ်လိုက်သည်မသိ" ဆိုတာ သိုင်းဝတ္ထုတွေမှာ ပါတယ်လို့ချည်း လူကြားသူကြား ပါးစပ်ပြောရာဇဝင်နဲ့ ပြောစမှတ်တွင်နေခဲ့ပေမယ့် သိုင်းဝတ္ထုတွေ ဖတ်လာသမျှ ကာလတစ်လျောက်မှာ အဲဒီစကားလုံးပါတဲ့ စာအုပ်ဆိုတာ တစ်အုပ်တလေမှ မတွေ့ဖူးခဲ့ပါဘူး။
အမှတ်မထင်ပဲ ဖြစ်မိသလား၊ မျက်စေ့ပဲ လျှမ်းလေသလား၊ ရာထောင်ချီတဲ့ သိုင်းစာအုပ်တွေထဲ နာမည်ကျော် အဲဒီစာသားကို တစ်ကြောင်းတလေမှ သတိမထားမိခဲ့တာ အမှန်ပါ။
(အွန်လိုင်းခေတ်ရဲ့ ကိုယ်တိုင်ရေးတစ်ပုဒ်မှာတော့ အဲဒီ စာသား ထည့်ရေးထားတာတွေ့ပေမယ့် မူရင်းဇစ်မြစ် မဟုတ်ဘူးဆိုတာ သိသာပါတယ်။ "ရဲသူ" ရဲ့ "မဟူရာနဂါးနှင့် သွေးခင်းလမ်း"၊ စာ - ၃၀၆ မှာပါ။)
ပုံနှိပ်စာအုပ်တွေထဲမှာ အဲဒီလို စကားလုံးမျိုး ပေါပေါသီသီ ပါတတ်တာက ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ "သမိန်ပေါသွပ်" ကာတွန်းတွေပါ။ ကာတွန်းစာအုပ်များစွာမှာ "သမိန်ပေါသွပ်" တစ်ယောက် "မည်သို့ ချလိုက်သည် မသိ"၊ "မည်သို့ ပေါက်လိုက်သည် မသိ"၊ "မည်သို့ လုပ်လိုက်သည် မသိ"၊ ပြိုင်ဘက်တွေခမျာ အတုံးအရုန်း လဲကျရရှာတာပါပဲ။
ဒါပေမဲ့ အနှီ "မည်သို့မည်ပုံ လုပ်လိုက်သည်မသိ" စကားလုံးဟာ "သမိန်ပေါသွပ်" က စထွင်ခဲ့တဲ့စကားလုံးလည်း ဟုတ်ဟန်မတူပါ။ တကယ်တမ်း အထောက်အထားနဲ့ လက်ပူးလက်ကြပ် မမိပေမယ့် "မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ" ဟာ အရင့်အရင်ကတည်းက "သိုင်းဝတ္ထု" လက်ချက်လို့ စွဲချက်တင်ခံရပြီးသား စကားလုံးဖြစ်ဟန်တူတယ်။
"မယုံရင် ကာတွန်းမှတ်"၊ "မွေးမေလေ့"၊ "ရယ်ရတယ်ဟေ့ .. ဗြဲ"၊ "ဒက်ဂလောက် .. ဒက်ဂလောက်" စတဲ့ မူပိုင်စကားလုံးများစွာ တီထွင်သုံးစွဲခဲ့တဲ့ "မောင်ဝဏ္ဏ" ဟာ "မည်သို့ မည်ပုံ လုပ်လိုက်သည်မသိ" ကိုလည်း တကယ်ပဲ "ဟာဒယဉာဏ်" ကွန့်မြူးတီထွင်ခဲ့လေသလား။ ကျနော် ကတော့ သိပ်မထင်ပါ။
"Page" ကို အလည်လာတဲ့ သိုင်းလောကသားတစ်ဦးကတော့ အဲဒီစကားက တာမွေ (ကျောက်မြောင်း) မှာ လုပ်ခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာ "ကျော်လှိုင်ဦး" (မင်းကျော်) ပြောသွားတဲ့စကားလို့ ဆိုတယ်။ "မည်သို့ မည်ပုံ ဟောပြောသွားသည်" အပြည့်အစုံ ကျနော်မသိပါ။
ကဲ၊ "မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ" တဲ့။ သိုင်းလောကသားတွေရော အဲဒီစကားလုံးပါတဲ့ သိုင်းဝတ္ထု တစ်အုပ်အုပ်များ ဖတ်ဖူးကြရဲ့လား။ သိသမျှကို ပြန်မျှစေချင်ပါရဲ့။
ကျနော် ကတော့ "မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ" ဆိုတဲ့စကား "မည်သို့ မည်ပုံ ပြောစမှတ်တွင်သည် မသိ" ပါ။
#မည်သို့မည်ပုံလုပ်လိုက်သည်မသိ
#ထွေရာလေးပါးသိုင်းစကား