"ကျန်းနန်နယ်" လို့ ဆိုလိုက်တာနဲ့ သိုင်းလောကသားတိုင်း မသိသူ မရှိဘူးလို့ ထင်ပါတယ်။
ရာသီဥတုကောင်းမွန်ပြီး သာယာလှပတဲ့ ရှုခင်းတွေရှိတဲ့ဒေသ၊ သိုင်းသမားကောင်းတွေ အများအပြားပေါ်ထွန်းတဲ့ဒေသအဖြစ် သိုင်းစာအုပ်တွေမှာ ဖော်ကျူးလေ့ရှိပါတယ်။
အဲဒီ "ကျန်းနန်နယ်" ဆိုတာ တရုတ်နိုင်ငံရဲ့ ဘယ်ပြည်နယ်၊ ဘယ်ဒေသမှာ ရှိတာလဲ။ ကျန်းနန်နယ်မှာ ဘာတွေရှိသလဲ။ ဘာကြောင့် ကျန်းနန်နယ်က ထင်ရှားတာလဲ။
ဒီတစ်ပတ်တော့ "သိုင်းလောက Page" ရဲ့ #ထွေရာလေးပါးသိုင်းစကား ကဏ္ဍမှာ "ကျန်းနန်နယ်" အကြောင်း ဆွေးနွေးကြည့်ကြတာပေါ့။
သိုင်းလောကသားတွေအနေနဲ့ "ကျန်းနန်နယ်" အကြောင်း မိမိတို့ သိရှိနားလည်ထားသမျှကို Comment မှာ ပါဝင်ဆွေးနွေးနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီ Post က အပျော်သဘောဖြစ်တဲ့အတွက် သိုင်းစာအုပ်တွေကိုပဲ အကိုးအကားပြုပြီး ပြောကြစေလိုပါတယ်။ ကမ္ဘာမြေပြင်မှာ ပကတိ တည်ရှိနေတဲ့ "ကျန်းနန်နယ်" ကို အဓိက မရည်ညွှန်းလိုပါဘူး။ သိုင်းစာအုပ်တွေအထဲက စိတ်ကူးယဥ် "ကျန်းနန်နယ်" ကိုပဲ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ကဲ .. ဒါဆိုရင် ကျနော်က ဖတ်ခဲ့ဖူးတဲ့ သိုင်းစာအုပ်တွေအထဲက မှတ်သားမိတဲ့ စာအုပ်တချို့ကို အကိုးအကားပြုပြီး "ကျန်းနန်နယ်" အကြောင်း အရင်ပြောပြပါ့မယ်။
၁။ ကျန်းနန်နယ် ဆိုတာ
"ကျန်းနန်နယ်" ဟာ သာယာလှပတဲ့ဒေသတစ်ခု ဖြစ်ပြီး နာမည်ကျော် "စီးဝူရေကန်ကြီး" တည်ရှိပါတယ်။ "ကျန်းနန်မြို့" ကတော့ ကျန်းနန်နယ်ရဲ့ အကြီးဆုံးမြို့ ဖြစ်ပါတယ်။ ရှေးခေတ်ဘုရင်အဆက်ဆက် ထီးနန်းစိုက်ခဲ့တဲ့ "ကျင်းလိန်မြို့" ဟာ ကျန်းနန်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။ "ကျင်းလိန်မြို့" ကို မြင့်မားတဲ့ တောင်စဥ်တောင်တန်းတွေ ဝန်းရံကာဆီးထားပြီး "ယန်စီမြစ်" ကို မျက်နှာမူထားတဲ့ "မြင်းဖြူဘုံကျောင်း" ကတော့ "ကျင်းလိန်မြို့" ရဲ့ တောင်ဘက်မှာရှိတဲ့ နာမည်ကြီးဘုံကျောင်း ဖြစ်ပါတယ်။ "ကျန်းနန်နယ်" ကို ရောက်ရင် "ကျန်းနန်မြို့" က "စီးဝူရေကန်" နဲ့ "ကျင်းလိန်မြို့" က "မြင်းဖြူဘုံကျောင်း" ကို ရောက်ဖူးမှ လာရကျိုးနပ်တယ်လို့ အဆိုရှိပါတယ်။
[မိုးကျော်သူ - လဆန်းတစ်ရက်နှင့် သေမင်းတမန် - စာစဥ် ၁ - စာမျက်နှာ ၃၀]
၂။ ကျန်းနန်နယ် ဆိုတာ
"ကျန်းနန်နယ်" ဆိုတာဟာ "ချန်ကျန်းမြစ်" ရဲ့ တောင်ပိုင်းဒေသကို ခေါ်ကြတာဖြစ်ပြီး ရှုခင်းသာယာသလို ဆန်ရေစပါး၊ သားငါး ပေါကြွယ်ဝတယ်။ "ကျန်းနန်နယ်" မှာ မျိုးချစ်တော်လှန်ရေးသမား အများအပြား ခြေကုပ်ယူ စခန်းချကြတယ်။ "ထိုက်ဦး" ရေကန်ကြီးဟာ "ကျန်းနန်နယ်" ထဲက ထင်ရှားတဲ့ ရေကန်ကြီးတစ်လုံးဖြစ်တယ်။ "ကျန်းနန်နယ်" မှာ "ကျန်းနန်မြို့" ရယ်လို့ မရှိပါဘူး။ "စုကျူးမြို့" နဲ့ "ဟန်ကျူးမြို့" တို့ကတော့ "ကျန်းနန်နယ်" ရဲ့ အဓိက မြို့ကြီးနှစ်မြို့ ဖြစ်ပြီး "ကျန်းနန်နယ်" ရဲ့ နယ်စားကြီးက "ချန်းစီးရွှမ်း" ဖြစ်ပါတယ်။
[ဝဏ္ဏအောင် - ချစ်သွေးသစ္စာ - စာစဥ် ၁၊ စာမျက်နှာ - ၁၃၈၊ ၃၆၁]
ကဲ .. သိုင်းလောကသားတွေလည်း မှတ်သားမိသမျှ ပါဝင်ဆွေးနွေးကြပါဦး။
အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။
#ကျန်းနန်နယ်
#ထွေရာလေးပါးသိုင်းစကား