"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "ဟိုယွင်ဂျာ" အကြောင်း ဖြစ်ပါတယ်။
"ဟိုယွင်ဂျာ" ကို "ထျန်းကျင်း" ခရိုင် (Tianjin District)၊ "ကျင့်ဟိုင်" စီရင်စု (Jinghai County) ရှိ "ရှောင်နန်းဟို" ရွာ (Xiaonanhe Village) မှာ ၁၈၆၈ ခုနှစ်က မွေးဖွားခဲ့ပါတယ်။
"ဟိုယွင်ဂျာ" ဟာ မွေးရာပါ ကိုယ်ခံအားနည်းသူဖြစ်ပြီး ပန်းနာရင်ကျပ်ရောဂါ၊ အသားဝါရောဂါ၊ ဖျားနာရောဂါတွေ မကြာခဏ ဖြစ်လေ့ရှိတာကြောင့် သူရဲ့ ဖခင် "ဟိုအန်တီ" (Huo Endi) က သူ့ကို "ဟိုမိသားစု" ရဲ့ မျိုးရိုးစဥ်ဆက် ကိုယ်ခံပညာဖြစ်တဲ့ "မိကျုံးယီ" (Mizongyi) ကို သင်ကြားပေးခြင်း မပြုခဲ့ပါဘူး။
လူမမာလေး "ဟိုယွင်ဂျာ" ကို ပညာရေးဘက်မှာပဲ ဇောက်ချစေလိုတာကြောင့် ဖခင်ဖြစ်သူက ဂျပန်နိုင်ငံက စာသင်ဆရာ "ချန်ချန်းခို" (Chen Seng-ho) ကို ငှားရမ်းသင်ကြားပေးခဲ့ပေမယ့် "ဟိုယွင်ဂျာ" ကတော့ ကိုယ်ခံပညာ သင်ကြားဖို့ကိုပဲ ပြင်းပြင်းပြပြ စိတ်အားထက်သန်နေခဲ့ပါတယ်။
ဒါကြောင့် သူ့အဖေက "ချန်ချန်းခို" အပါအဝင်တပည့်တွေကို နေ့ခင်းဘက် ကိုယ်ခံပညာသင်ကြားပေးနေတာတွေကိုကြည့်ပြီး ညဘက်မှာ "ဟိုယွင်ဂျာ" က ဆရာဖြစ်သူ "ချန်ချန်းခို" ရဲ့ အကူအညီနဲ့ တိတ်တဆိတ် ပြန်လည်လေ့ကျင့်ခဲ့ပါတယ်။
၁၈၉၀ ပြည့်နှစ်ရဲ့ နေ့တစ်နေ့မှာ ဟီနန်ပြည်နယ် က ကိုယ်ခံပညာရှင်တစ်ယောက်ဟာ "ဟိုမိသားစု" ကို လာရောက်စိန်ခေါ်ခဲ့တဲ့အတွက် "ဟိုယွင်ဂျာ" ရဲ့ အစ်ကိုဖြစ်သူနဲ့ တိုက်ခိုက်ခဲ့ကြပြီး အဲဒီပြိုင်ပွဲမှာ အစ်ကိုဖြစ်သူ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ဟိုယွင်ဂျာ" ဟာ အစ်ကိုဖြစ်သူရဲ့ ပြိုင်ဘက်ကို ယှဥ်ပြိုင်အနိုင်ယူပြီး မိသားစုကိုယ်ခံပညာကို သူလည်း သင်ယူလေ့ကျင့်ဖို့ စိတ်ရောကိုယ်ပါ အဆင်သင့်ရှိကြောင်း သက်သေပြခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာ သူ့ဖခင်လည်း "ဟိုယွင်ဂျာ" ရဲ့အရည်အချင်းကို အသိအမှတ်ပြုခဲ့ပြီး ကျောင်းသားအဖြစ် လက်ခံကာ ကိုယ်တိုင် သင်ကြားပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ဟိုယွင်ဂျာ" ဟာ သူနေထိုင်တဲ့ မြို့အနီးအနားက ကိုယ်ခံပညာရှင်တွေကို စိန်ခေါ် ယှဉ်ပြိုင်အနိုင်ယူပြီး နယ်ပယ်တဝန်းမှာ နာမည်ရလာခဲ့ပါတယ်။
အစောပိုင်းကာလတွေမှာ "ဟိုယွင်ဂျာ" ဟာ ဖခင်နဲ့အတူ ခရီးသွားအုပ်စုမှာ အစောင့်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ တစ်နေ့မှာ ဘုန်းတော်ကြီးအဖွဲ့နဲ့ ခရီးသွားလာနေတုန်း ဓားပြအုပ်စုနဲ့ ရင်ဆိုင်ခဲ့ရပြီး "ဟိုယွင်ဂျာ" ဟာ ဓားပြအကြီးအကဲကို တိုက်ခိုက် အနိုင်ယူခဲ့တာကြောင့် သူ့ရဲ့ ကျော်ကြားမှုဟာ ပိုပြီးတိုးလာခဲ့ပါတယ်။
၁၉၀၂ ခုနှစ်မှာ "ဟိုယွင်ဂျာ" ဟာ တရုတ်လူမျိုးတွေကို "လူမမာအာရှသားတွေ" လို့ ချိုးနှိမ်ခေါ်ဝေါ်နေတဲ့ ရုရှားနပန်းသမားကို ယှဥ်ပြိုင်အနိုင်ယူကာ သူ့ရဲ့ပြောစကားတွေအတွက် ပြန်လည်တောင်းပန်စေခဲ့ပါတယ်။
၁၉၁၀ လောက်မှာတော့ "ဟိုယွင်ဂျာ" ဟာ ရှန်ဟိုင်းမြို့ ကိုရောက်လာပြီး အိုင်ယာလန်လက်ဝှေ့သမား Hercules O'Brien ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ လက်ဝှေ့စည်းကမ်းတွေနဲ့ပတ်သက်လို့ အငြင်းအခုန် ဖြစ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အလဲထိုးနိုင်သူက အနိုင်ယူစတမ်းလို့ သဘောတူခဲ့ကြပါတယ်။
အဲဒီပြိုင်ပွဲမှာ "ဟိုယွင်ဂျာ" အနိုင်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့အမည်ဟာ ဟိုးလေးတကြော် ဖြစ်လာခဲ့သလို နယ်ချဲ့စိုးမိုးမှုတွေအောက်က တရုတ်လူမျိုးတွေအတွက် ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်လာစေခဲ့ပါတယ်။
၁၉၁၀ မှာပဲ "ဟိုယွင်ဂျာ" ဟာ မိတ်ဆွေဖြစ်သူ Nong Jinsun နဲ့အတူ Chin Woo Physical Training Center ကို တည်ထောင်ခဲ့ပြီး တိုကျိုမှာနေထိုင်တဲ့ Sun Yat-sen နဲ့ Song Jiaoren တို့ကလည်း ပံ့ပိုးပေးခဲ့ပါတယ်။
"ဟိုယွင်ဂျာ" ဟာ အသက် ၄၂ နှစ်အရွယ်၊ ၁၉၁၀ ပြည့်နှစ်၊ သြဂုတ်လ ၉ ရက်မှာ ရှန်ဟိုင်းမြို့က ကြက်ခြေနီဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ဇနီး၊ သား ၂ ဦး၊ သမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
ဂျပန်ကိုယ်ခံပညာရှင်တွေနဲ့ ပြုလုပ်တဲ့ပြိုင်ပွဲမှာ ယှဥ်ပြိုင်နေရင်း ရုတ်တရက် အသက်ရှုရပ် လဲကျသွားပုံဟာ "ဟိုယွင်ဂျာ" အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေရဲ့ စိတ်ထိခိုက်ဖွယ်အကောင်းဆုံး ဇာတ်ဝင်ခန်းတွေ ဖြစ်ပေမယ့် ပြင်ပလောကမှာတော့ "ဟိုယွင်ဂျာ" သေဆုံးရခြင်းအကြောင်းရင်းဟာ ယနေ့တိုင် ယူဆချက်အမျိုးမျိုး ကွဲပြားနေဆဲ ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ (အထူးသဖြင့် ဂျပန်တွေ) ရဲ့ တိတ်တဆိတ် အဆိပ်ခတ်မှုကြောင့် "ဟိုယွင်ဂျာ" သေဆုံးရတယ်လို့ အချို့က ယူဆကြပြီး အချို့ကလည်း တရုတ်ဆရာဝန်အသစ်ရဲ့ မှားယွင်းတဲ့ ကုသမှုကြောင့် သေဆုံးရတာဖြစ်တယ်လို့ ယူဆကြပါတယ်။
ကိုယ်ခံပညာကို လွန်လွန်ကဲကဲ လေ့ကျင့်ခဲ့တာက ပင်ကိုယ်အားနည်းနေတဲ့ သူ့ရဲ့ခန္ဓာကိုယ် အခြေခံအုတ်မြစ်တွေကို ပျက်စီးသွားစေခဲ့တယ်လို့ ပြောဆိုသူတွေရှိသလို "ချင်းဝူးအဖွဲ့" ခေါင်းဆောင်အချို့ကတော့ သေဆုံးကာနီးပတ်ဝန်းကျင်အချိန်မှာ အဆိပ်သင့်ခဲ့တာဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။
မကွယ်လွန်မီ လပိုင်းတွေမှာ "ဟိုယွင်ဂျာ" ဟာ အသားဝါရောဂါနဲ့ တီဘီရောဂါကို ကုသဖို့အတွက် ဂျပန်သမားတော်နဲ့ ပြသခဲ့ပါတယ်။
"ဟိုယွင်ဂျာ" ရဲ့ တပည့်တစ်ဦးလည်းဖြစ်၊ သမိုင်းပညာရှင်လည်းဖြစ်တဲ့ "ချန်းကုန်းချဲ" (Chen Gongzhe) ကတော့ သူ့ရဲ့ဆရာ သေဆုံးရခြင်းဟာ "ချောင်းဆိုးသွေးပါခြင်း" ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်ဂျူဒိုဆရာက "ဟိုယွင်ဂျာ" ကို ဂျပန်ဆေးဆရာနဲ့ မိတ်ဆက်ပေးခဲ့ပြီး ဂျပန်ဆေးဆရာ က ဆေးဝါးတချို့ ညွှန်ကြားခဲ့တယ်လို့ "ချန်းကုန်းချဲ" က ရေးသားခဲ့ပေမယ့် ဂျပန်ဆေးပညာရှင် ညွှန်ကြားတဲ့ဆေးမှာ အာဆင်းနစ် ဒါမှမဟုတ် တခြားအဆိပ်တွေပါ၀င်ကြောင်း တိတိကျကျ မဖော်ပြခဲ့ပါဘူး။
၁၉၈၉ ခုနှစ်မှာ "ဟိုယွင်ဂျာ" ရဲ့ သင်္ချိုင်းကို တူးဖော်ပြီး ရုပ်ကြွင်းကို နေရာရွှေ့ပြောင်းရာမှာ တင်ပါးဆုံအရိုးတွေမှာ အမည်းစက်တွေ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးကြည့်တဲ့အခါ အာဆင်းနစ် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုအဆိပ်သင့်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် ဘယ်သူက အဆိပ်ခတ်ခဲ့သလဲဆိုတဲ့ အဖြေကိုတော့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့တိုင်အောင် မဖော်ထုတ်နိုင်ကြသေးပါဘူး။
တကယ်တော့ "ဟိုယွင်ဂျာ" သေဆုံးရခြင်း ဂျပန်ဆေးညွှန်းကြောင့်လား၊ တရုတ်ဆေးကုထုံးကြောင့်လား ဆိုတာကို အတိအကျ ပြောဆိုဖို့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တရုတ်တိုင်းရင်းဆေးပညာမှာ အာဆင်းနစ်ကို ကုထုံးအနေနဲ့ အသုံးပြုလာခဲ့တာကြောင့် ဖြစ်ပါတယ်။
"ဟိုယွင်ဂျာ" အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား အများအပြားရှိပြီး The Legendary Fok (1981) မှာ "Wong Yuen-sun" ၊ Legend of a Fighter (1982) မှာ "Bryan Leung" ၊ Fist of Fury (1995) မှာ "Eddy Ko" ၊ Huo Yuanjia (2001) မှာ "Vincent Zhao"၊ Fearless (2006) မှာ "Jet Li" နဲ့ Huo Yuanjia (2008) မှာ "Ekin Cheng" တို့ က "ဟိုယွင်ဂျာ" အဖြစ် သရုပ်ဆောင်ထားကြပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#ဟိုယွင်ဂျာ