"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက တရုတ်သိုင်းပညာရှင်လည်းဖြစ်၊ သမားတော်ကြီးလည်း ဖြစ်တဲ့ "ဝမ်ဖေးဟုန်" ခေါ် "ဟွမ်ဖေးဟုန်" အကြောင်း ဖြစ်ပါတယ်။
"ဝမ်ဖေးဟုန်" (Wong Fei-hung)ကို ချင်မင်းဆက်ခေတ် (Qing Dynasty)၊ ၁၈၄၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဇာတိက "ကွမ်တုံပြည်နယ်" (Guangdong)၊ "ဖောရှန်းမြို" (Foshan) ဖြစ်ပါတယ်။
"ဝမ်ဖေးဟုန်" ဟာ အသက် ၅ နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူ "ဝမ်ချီယင်း" (Wong Kei-ying) နဲ့အတူ ဆေးရောင်းထွက်ရင်း လမ်းပေါ်မှာ ကိုယ်ခံပညာ ပြသခဲ့ပါတယ်။ "ဟွမ်ဂျာ" (Hung Ga) လိုခေါ်တဲ့ လက်သိုင်းပညာရပ်ဟာ သူအကျွမ်းကျင်ဆုံးပညာရပ်တစ်ခုဖြစ်ပြီး "ကွမ်တုံကျား ၁၀ ကောင်" ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဖခင်ထံက အမွေဆက်ခံခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ "ဝမ်ဖေးဟုန်" ဟာ "လင်ဖူချမ်း" (Lin Fucheng) နဲ့ "စုန်ဟွေ့ထန်" (Song Huitang) တိုဆီက "သံမဏိလက်သီးသိုင်း"(Iron Wire Fist)နဲ့ "အရိပ်မဲ့ခြေထောက်သိုင်း" (Shadowless Kick) တိုကို ထပ်မံသင်ယူခဲ့ပြီး ကျွမ်းကျင်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
၁၈၆၃ ခုနှစ်မှာ "ဝမ်ဖေးဟုန်" ဟာ "ကွမ်ကျိုး" (Guangzhou)မှာ ကိုယ်ခံပညာသင်တန်းကျောင်း ကို စတင်ဖွင့်လှစ်ခဲ့ပြီး လမ်းဘေးစျေးသည်တွေ၊ အလုပ်ကြမ်းသမားတွေ၊ အခြေခံလူတန်းစားတွေကို ပညာမျှဝေပေးခဲ့သလို "ပေါင်ကျီးလင်" (Baozhilin) လိုခေါ်တဲ့ ရိုးရာဆေးခန်းကိုလည်း ၁၈၈၆ ခုနှစ်မှာ ဖွင့်လှစ်ပြီး အခြေခံလူတန်းစားတွေအတွက် အားထားစရာဖြစ်လာစေခဲ့ပါတယ်။
၁၈၇၀ ပြည့်နှစ်ဝန်းကျင်မှာ "ဝမ်ဖေးဟုန်" ဟာ "အလံနက်တပ်ဖွဲ"(Black Flag Army) ရဲ့ တပ်မှူးဖြစ်သူ "လျှိယုံဖူး"(Liu Yongfu) ရဲ့လက်အောက်မှာ ဆေးဘက်ဆိုင်ရာအကြီးအကဲ နဲ့ ကိုယ်ခံပညာနည်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈၉၅ ခုနှစ်မှာ ထိုင်ဝမ် ကို ဂျပန် က ဝင်ရောက်တိုက်ခိုက်တဲ့အခါ အလံနက်တပ်ဖွဲနဲ့အတူ ဂျပန်တွေကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။
ချင်မင်းဆက်ပျက်သုဥ်းပြီး ၁၉၁၂ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့တဲ့အခါ "ဝမ်ဖေးဟုန်" ကို ကွမ်ကျိုးဒေသခံ စီးပွားရေးသမားတွေက လုံခြုံရေးတာဝန်ခံအဖြစ် ငှားရမ်းခဲ့ကြပါတယ်။
၁၉၂၄ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ အုံကြွမှုတွေအတွင်းမှာ "ဝမ်ဖေးဟုန်" ရဲ့ "ပေါင်ကျီးလင်" (Baozhilin) ဆေးခန်းဟာ အစိုးရတပ်တွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတာကြောင့် "ဝမ်ဖေးဟုန်" လည်း အလွန်စိတ်ထိခိုက်ခဲ့ရပြီး အဲဒီစိတ်ဒဏ်ရာနဲ့ပဲ ၇၆ နှစ်အရွယ် "ဝမ်ဖေးဟုန်" ဟာ ကွမ်းကျိုးဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
အိမ်ထောင် ၄ ဆက် ရှိခဲ့တဲ့ "ဝမ်ဖေးဟုန်" ဟာ သား ၄ ဦးထွန်းကားခဲ့ပါတယ်။ ပထမဇနီး၊ ဒုတိယဇနီး နဲ့ တတိယဇနီး တိုက "ဝမ်ဖေးဟုန်" ထက်အရင် ကွယ်လွန်သွားခဲ့ကြပြီး စတုတ္ထဇနီးကတော့ ၁၉၈၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
"ဝမ်ဖေးဟုန်" အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အများစုက ဟောင်ကောင် ရုပ်ရှင်ကားတွေ ဖြစ်ပြီး ဟောင်ကောင်မင်းသား "Kwan Tak-hing" က ၁၉၄၀ ခုနှစ်ကနေ ၁၉၈၀ ပြည့်နှစ်အတွင်း ဇာတ်ကားပေါင်း ၇၀ ကျော် သရုပ်ဆောင်ခဲ့တာကြောင့် "Master Wong" လို ထင်ရှားခဲ့ပါတယ်။
"Kwan Tak-hing" နည်းတူ "ဝမ်ဖေးဟုန်" ဇာတ်ကောင်နဲ့ထင်ရှားတဲ့ သရုပ်ဆောင်တွေကတော့ Once Upon a Time in China ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား "Jet Li" နဲ့ Wong Fei Hung ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား "Vincent Zhao" တို ဖြစ်ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#ဝမ်ဖေးဟုန်