"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "ဝင်ချွန်း" ကိုယ်ခံပညာကို တီထွင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ "ဝူမေ" (Wu Mei) ဖြစ်ပါတယ်။
ရှောင်လင်မျိုးဆက် သီလရှင်တပါးဖြစ်သူ "ဝူမေ" ကို "ငွမ်မွေ" (Ng Mui) လို့လည်း ခေါ်ကြပါတယ်။
"ဝူမေ" ကို "ချင်မင်းဆက်ခေတ်" (Qing Dynasty)၊ ၁၇၀၃ ခုနှစ်မှာ "မင်" (Ming) ဗိုလ်ချုပ်တစ်ဦးရဲ့ သမီးအဖြစ် မွေးဖွားခဲ့တယ်လို့ ဆိုကြပေမယ့် သက္ကရာဇ် အတိအကျကိုတော့ မှတ်တမ်းတင် အတည်မပြုနိုင်ကြပါဘူး။
"ရှောင်လင်သိုင်းပညာ"၊ "ဝူတန်သိုင်းပညာ" တို့အပြင် "ယွဲ့ကျားချွမ်" (Yue Jia Quan)၊ "ဟွမ်ချွမ်" (Hung Luen) လက်သီးသိုင်း စတဲ့ ကိုယ်ခံပညာရပ်တွေကိုပါ ကျွမ်းကျင်တတ်မြောက်ခဲ့သူ "ဝူမေ" ဟာ နာမည်ကျော် "ဝင်ချွန်း" ခေါ် "ယုံချွမ်း" ကိုယ်ခံပညာကို တီထွင်ခဲ့သူဖြစ်ပါတယ်။
သူမဟာ ရှောင်လင်ကျောင်းမှာ သိုင်းပညာသင်ကြားနေစဥ် မန်ချူးဘုရင် "ခန်းရှီး" က "ရှောင်လင်ကျောင်း" ကို ဖျက်ဆီးတဲ့အတွက် "ယူနန်" (Yunnan) နဲ့ "စီချွမ်" (Sichuan) နယ်စပ်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီဒေသမှာ "ယင်ဝင်ချွန်း" (Yim Wing-chun) အမည်ရှိ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး "ယင်ဝင်ချွန်း" ကို ဓားပြတစ်ဦးက သိမ်းပိုက်ဖို့ ကြံစည်နေတဲ့အတွက် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ရှောင်လင်သိုင်းပညာကို နည်းစနစ်ပြောင်းလဲထားတဲ့ "ဝင်ချွန်း" ပညာရပ်ကို တီထွင် သင်ကြားပေးခဲ့ပါတယ်။
"ဝင်ချွန်း" ဖြစ်ပေါ်လာပုံရဲ့ နောက်ထပ် မူကွဲတစ်ခုကတော့ ၁၇၃၀ ဝန်းကျင်မှာ ချင်တပ်ဖွဲ့တွေရဲ့ ဖျက်ဆီးမှုကြောင့် "ဝူမေ" ဟာ ရှောင်လင်ကျောင်းကနေ "ယူနန်" နဲ့ "စီချွမ်" နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီး အဲဒီမှာ သူ တို့ဟူး ဝယ်လေ့ရှိတဲ့ ဆိုင်ပိုင်ရှင် "ယင်ယီ"(Yim Yee) ရဲ့သမီးဖြစ်သူ "ယင်ဝင်ချွန်း" (Yim Wing-chun) ကို ဒေသခံတပ်မှူး က အတင်းအကြပ် လက်ထပ်ဖို့ ကြိုးစားတဲ့အတွက် သူနဲ့ကိုက်ညီမယ့် "ဝင်ချွန်း" သိုင်းပညာ တီထွင်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။
"ဝင်ချွန်း" ဆိုတဲ့အမည်ဟာလည်း အဲဒီမိန်းကလေး "ယင်ဝင်ချွန်း" (Yim Wing-chun) ကိုအစွဲပြုပြီး မှည့်ခေါ်ထားတဲ့အမည်ဖြစ်ပါတယ်။ "ဝင်ချွန်း" နည်းတူ "ဝူမေ" တီထွင်ခဲ့တဲ့ နောက်ထပ် ကိုယ်ခံပညာရပ်တစ်ခုကတော့ "ဝူမေသိုင်းပညာ" (Wu Mei Pai) ဖြစ်ပါတယ်။
"ဝူမေ" ဟာ အမျိုးသမီးတစ်ဦးဖြစ်တာနဲ့အညီ သူမ တီထွင်ခဲ့တဲ့ ကိုယ်ခံပညာရပ်တွေဟာလည်း ခန္ဓာသဘာဝအရ အမျိုးသမီးတွေထက် ပိုမိုခွန်အားကြီးမားတဲ့ အမျိုးသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်လွှဲထားပြီး ခုခံကာကွယ်မှုနဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို လျှင်မြန်မှုနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ပညာရပ်တွေ ဖြစ်ပါတယ်။
"ဝူမေ" ကွယ်လွန်ခဲ့တဲ့ သက္ကရာဇ်ဟာလည်း မွေးဖွားစဥ်ကလိုပဲ ဘယ်သူမှ အတိအကျ မသိကြပေမယ့် သူမကို "ကွမ်တုံပြည်နယ်" မှာ နောက်ဆုံးမြင်တွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။
၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Wing Chun" ဇာတ်ကားနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ "Kung Fu Wing Chun" ဇာတ်ကားတို့မှာ "ဝူမေ" နဲ့ သူမရဲ့ "ဝင်ချွန်း" သိုင်းပညာအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နိုင်ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#ဝူမေ #ဝူမိန်း #ငွမ်မွေ