"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "Ip Man" (ဒါမှမဟုတ်) "Yip Man" လို့ လူသိများတဲ့ "ရီဝိန့်" (Ye Wen) အကြောင်းဖြစ်ပါတယ်။
"ရီဝိန့်" ဟာ ထင်ရှားတဲ့ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး "ဝင်ချွန်း" (Wing Chun) ပညာရပ်ကို ကမ္ဘာသိအောင် ဖြန့်ဝေခဲ့သူလည်း ဖြစ်ပါတယ်။
"ရီဝိန့် " (Ip Kai-man) ကို ၁၈၉၃ ခုနှစ်မှာ ချမ်းသာတဲ့ မိသားစုက မွေးဖွားခဲ့ပြီး သားသမီး ၄ ဦးအနက် တတိယမြောက် သားဖြစ်ပါတယ်။ သူ့မှာ အစ်ကိုဖြစ်သူ Ip Kai-gak၊ အစ်မဖြစ်သူ Ip Wan-mei နဲ့ ညီမငယ် Ip Wan-hum တို့ ရှိပါတယ်။
"ရီဝိန့်" အသက် ၁၀ နှစ် ဝန်းကျင်မှာ ဝင်ချွန်းဆရာကြီး "ချန်ဟွာရွှမ့်" (Chan Wah-shun) ရဲ့ ၁၆ ယောက်မြောက် တပည့်အဖြစ် ကိုယ်ခံပညာကို စတင်သင်ယူခဲ့ပါတယ်။ ဒါပေမဲ့ "ချန်ဟွာရွှမ့်" ဟာ လေဖြန်းသွားတဲ့အတွက် "ရီဝိန့်" ကို ၃ နှစ်လောက်ပဲ ကိုယ်တိုင်သင်ပေးနိုင်ခဲ့ပြီး "ချန်ဟွာရွှမ့်" ရဲ့ တပည့်ကြီး Ng Chung-sok က ဆက်လက် သင်ကြားပေးခဲ့ရပါတယ်။
"ရီဝိန့်" အသက် ၁၆ နှစ်အရွယ်မှာ ဟောင်ကောင် မှာ ကျောင်းတက်ရင်း ကွန်ဖူးပညာရှင်တစ်ဦးဖြစ်သူ "လျှံဘိ" (Leung Bik) ကို ရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ဓါတ်ကျသွားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Leung Bik ထံက အတွေ့အကြုံများစွာ လေ့လာသင်ယူခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်မှာတော့ ဇာတိ "ဖိုရှန်"(Foshan) ကို ပြန်လာခဲ့ပြီး ရဲအရာရှိတစ်ဦးအဖြစ် လုပ်ကိုင်ရင်း လက်အောက်ငယ်သားတွေ၊ သူငယ်ချင်းတွေနဲ့ ဆွေမျိုးသားချင်းတွေကို "ဝင်ချွန်း" သင်ကြားပေးခဲ့ပါတယ်။
"ရီဝိန့်" ဟာ ဇနီးကြီး "ကျန်းယုံရှမ်း" (Cheung Wing-sing) နဲ့ သားသမီး ၄ ဦး [သား Ip Chun နဲ့ Ip Ching၊ သမီး Ip Nga-sum နဲ့ Ip Nga-wun]၊ ဇနီးငယ် "ရှန့်ဟိုင်းပေါင်" (Shanghai Po) နဲ့ သားတစ်ဦး [Ip Siu-wah] မွေးဖွားခဲ့ပါတယ်။
၁၉၅၀ မှာ "ရီဝိန့်" ဟာ "ဟောင်ကောင်" မှာ အခြေချရင်း "ရှင်းရွှေပု" (Sham Shui Po) ဒေသက Castle Peak လမ်းနဲ့ "ယုံးမာတိ" (Yau Ma Tei) ဒေသက Lee Tat လမ်းမှာ ကိုယ်ခံပညာသင်တန်းကျောင်းဖွင့်လှစ်ပြီး ပညာဖြန့်ဝေခဲ့ပါတယ်။
ထင်ရှားတဲ့ တပည့်တွေက Chu Shong-tin၊ Lok Yiu၊ Wong Shun-leung၊ Bruce Lee၊ Moy Yat၊ Ho Kam Ming၊ Victor Kan၊ Lo Man-kam နဲ့ William Cheung တို့ဖြစ်ပါတယ်။
"ရီဝိန့်" ဟာ အသက် ၇၉ နှစ်အရွယ် ၁၉၇၂ ခုနှစ်မှာ လည်မျိုကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့အကျော်ကြားဆုံးတပည့် "ဘရုစ်လီ" (Bruce Lee) ကတော့ နောက် ခုနစ်လအကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူရဲ့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား အများအပြားရှိပြီး မင်းသား "ဒွန်နီရမ်း" (Donnie Yen) သရုပ်ဆောင်ထားတဲ့ Ip Man ရုပ်ရှင်ကားတွေကတော့ လူသိအများဆုံးဖြစ်ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#ရီဝိန့်
#ipman