"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက မြန်မာဘုရင်လက်အောက်ကို ခိုလှုံလာခဲ့တဲ့ တရုတ်ဘုရင်တစ်ပါးဖြစ်သူ "ရုံလီ" (Yongli) အကြောင်း ဖြစ်ပါတယ်။
၁၆၄၄ ခုနှစ်မှာ နယ်ချဲ့ မန်ချူးတပ်တွေက တရုတ်ပြည်ကို စတင်ကျူးကျော် သိမ်းပိုက်လိုက်ပြီးနောက် ဝမ်လီဧကရာဇ်ရဲ့ မြေးဖြစ်သူ "ကျူးယို့လန်" (Zhu Youlang) ဟာ နောက်လိုက်ခြွေအရံတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
"ဟုန်ကွမ်း"၊ "လုံဝူ"၊ "ရှောက်ဝူ" စတဲ့ မင်မင်းသားတွေဟာ မန်ချူးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် "ဝမ်လီ" ဧကရာဇ် (Wanli Emperor) ရဲ့ သတ္တမမြောက်သား "ကျူးချန်ရင်း" (Zhu Changying) က မွေးဖွားလာခဲ့တဲ့ ၂၃ နှစ်အရွယ် မင်းသားလေး "ကျူးယို့လန်" (Zhu Youlang) ဟာ "မင်မင်းဆက်" (Ming dynasty) ကို ပြန်လည်ထူထောင်ရေးမှာ ဟန်တရုတ်လူမျိုးတွေအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာပါတယ်။
"ကျူးယုံလန်" ဟာ "ပီကင်းနေပြည်တော်" ကနေ တရုတ်ပြည်အလယ်ပိုင်း "ဟူနန်ပြည်နယ်"၊ အဲဒီက တဆင့် "ဟောင်ကောင်ဒေသ" အထိ အဆင့်ဆင့် ဆုတ်ခွာလာရင်း ၁၆၄၆ ခုနှစ်မှာ မျိုးချစ်ဟန်တရုတ်တွေရဲ့ ထောက်ခံမှုနဲ့ စတုတ္ထမြောက် တောင်ပိုင်း မင်ဧကရာဇ် "ရုံလီ" (Yongli) အဖြစ် "ကျောက်ချင်း" (Zhaoqing) မှာ နန်းတက်ခဲ့ပါတယ်။
ဘုရင် "ရုံလီ" ဟာ ကျူးကျော်သူ မန်ချူးတွေကို ခုခံတွန်းလှန်နေကြတဲ့ တရုတ်မျိုးချစ်တွေအတွက် အားကိုးအားထားစရာ ဖြစ်လာခဲ့ပေမယ့်လည်း သူတည်ထောင်တဲ့ "မင်မင်းဆက်" ဟာ ကြီးကျယ်ခံ့ညားလာခြင်း မရှိခဲ့သလို သူ့ရဲ့သစ္စာခံဘက်တော်သားတွေကလည်း စနစ်တကျ စည်းကမ်းသေဝပ်လှခြင်း မရှိခဲ့ပါဘူး။
"ယူနန်ဒေသ" မှာ အခြေချနေစဥ် "ရုံလီ" ရဲ့ တပ်တွေဟာ "သိန္နီ"၊ "မိုင်းမော" စတဲ့ နယ်စပ်မြို့ရွာတွေကို အခွန်တောင်းတဲ့အတွက် မြန်မာဘုရင်က စစ်သည်တော်တွေ စေလွှတ်တိုက်ခိုက်စေခဲ့ရပါတယ်။
(မြန်မာမှတ်တမ်းတွေမှာတော့ ဘုရင် "ရုံလီ" ကို "ရုံလှီ ဥတည်ဘွား" လို့ ခေါ်ဝေါ်ပါတယ်။)
နောက်ပိုင်းမှာ မန်ချူးတပ်တွေရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် ဘုရင် "ရုံလီ" နဲ့ သစ္စာခံဘက်တော်သားတွေဟာ "ပီကင်းနေပြည်တော်" နဲ့ဝေးရာ နယ်စွန် နယ်ဖျားတွေဆီ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့ရပြီး ၁၆၅၈ ခုနှစ်၊ "တန်ဂူးနယ်" တိုက်ပွဲအပြီးမှာ တရုတ်မြေကို လုံးလုံးလျားလျား စွန့်ခွာကာ မြန်မာမင်းပိုင်နက်နယ်မြေထဲ ထွက်ပြေးလာခဲ့ရပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ ညောင်ရမ်းမင်းဆက်၊ ပင်းတလဲမင်း (မြန်မာသက္ကရာဇ် ၁ဝ၁ဝ- ၁ဝ၂၃) ထီးနန်းစိုးစံနေချိန် ဖြစ်ပါတယ်။
"ရုံလီ" ဟာ "ဗန်းမော်စော်ဘွား" က တဆင့် "ပင်းတလဲမင်း" ထံ ရွှေပိဿာတစ်ရာ ဆက်သပြီး ခိုလှုံခွင့်တောင်းတဲ့အတွက် "ပင်းတလဲမင်း" က "ရုံလီ" နဲ့ အခြွေအရံတွေကို စစ်ကိုင်းမြို့၊ ဆင်များရှင်အရပ်မှာ နေရာချထားပေးခဲ့ပါတယ်။
ဒါပေမဲ့ ယူနန်နယ်စပ်မှာ ကျန်ရစ်နေခဲ့တဲ့ ထောင်သောင်းချီတဲ့ "ရုံလီ" ရဲ့ သစ္စာခံတပ်တွေဟာ မိုးနဲမြို့၊ညောင်ရွှေမြို့တို့အထိ ကျူးကျော်လာခဲ့ကြတဲ့အပြင် လုယက်သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကို ပြုလုပ်ခဲ့ကြတဲ့အတွက် "ပင်းတလဲမင်း" က တိုက်ခိုက်နှိမ်နင်းဖို့ တပ်တွေ စေလွှတ်ခဲ့ရပါတယ်။
(ဒီနေရာမှာ တချို့ တရုတ်မှတ်တမ်းတွေကတော့ "ရုံလီ" ရဲ့ သစ္စာခံတပ်တွေအပြင် နောက်က လိုက်လာတဲ့ "ချင်တပ်"(မန်ချူးတပ်) တွေကလည်း တိုက်ခိုက်လုယက် ဖျက်ဆီးရာမှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။)
"ပင်းတလဲမင်း" ရဲ့ မြန်မာတပ်တွေဟာ တရုတ်တပ်တွေကို မယှဥ်နိုင်ခဲ့တာကြောင့် အကျအဆုံးများစွာနဲ့ ဆုတ်ခွာလာခဲ့ရပြီး အင်းဝမြို့တော်အနီး၊ တောင်ပလူ၊ တံတားဦး၊ ကျောက်ဆည် ဒေသတွေအထိ တရုတ်တပ်တွေက ဝင်ရောက်တိုက်ခိုက် လုယက်လာခဲ့ပါတယ်။
"ပင်းတလဲမင်း" ရဲ့ ပေါ် တူဂီ အမြောက်တပ် က ကြံ့ကြံ့ခံကာကွယ် ပေးခဲ့တာကြောင့် တရုပ်တပ်တွေ "အင်းဝမြို့တော်" ကို မထိပါးနိုင်ခဲ့ပေမယ့်လည်း အနီးအပါးဒေသတွေမှာ အခိုင်အလုံ တပ်တည်နေထိုင်ပြီး တိုက်ခိုက် လုယက်ကြတဲ့အတွက် ပြည်သူတွေ ဒုက္ခကြုံခဲ့ကြရပါတယ်။
၁ဝ၂၃ ခုနှစ်မှာတော့ ညီတော် "ပြည်မင်း" ကနောင်တော် "ပင်းတလဲမင်း" ထံက ထီးနန်းကို သိမ်းပိုက်လိုက်ပြီး နိုင်ငံအတွင်း အခိုင်အလုံ နေထိုင်နေတဲ့ တရုတ်တပ်တွေကို တိုက်ခိုက်မောင်းထုတ်ပစ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကိုင်းမှာ နေထိုင်နေတဲ့ "ရုံလီ" ရဲ့ အခြွေအရံ ၇ဝဝ ကျော်ကိုလည်း သစ္စာပေးပြီးကျေးရွာအသီးသီးမှာ အစုစု ဖြန့်ခွဲထားဖို့ "ပြည်မင်း" က စီစဥ်ခဲ့ပါတယ်။
"မိုင်းဆည်စား" နဲ့ တရုတ် ၇၀၀ ကျော်ဟာ သစ္စာတော်ပေးမယ့် ထူပါရုံဘုရားကို အသာတကြည် ရောက်ရှိလာခဲ့ကြပေမယ့် "မိုင်းဆည်စား" က သူတို့ကိုသတ်ဖို့ စီစဥ်နေတယ်လို့ အထင်မှားသွားတဲ့အတွက် ရဲမက်တစ်ယောက်ရဲ့ ဓားကိုလုယူပြီး စတင် တိုက်ခိုက်ရာက ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ တစ်ယောက်မကျန် အသတ်ခံရပါတော့တယ်။
၁၆၆၂ ခုနှစ်မှာ ယူနန်ပြည်နယ် ဘုရင်ခံ၊ တရုတ်စစ်သူကြီး "ဝူဆန်ကွေ့" (Wu Sangui) ဟာ စစ်သည်အင်အား အလုံးအရင်းနဲ့ မန္တလေး၊ အောင်ပင်လယ်အရပ်အထိ ချီတက်လာပြီး "ရုံလီ" ကို ထုတ်ပေးဖို့ တောင်းဆိုလာပါတယ်။
"ပြည်မင်း" လည်း မြန်မာ ရဲမက်တွေ စစ်ပန်းနေကြတဲ့အပြင် ဘိုးတော်ဘုရင် "နရပတိ" လက်ထက်မှာ "ဗန်းမော်စော်ဘွား" တရုတ်ပြည်ကို ထွက်ပြေးခဲ့စဉ်က တရုတ်တွေက ထုတ်ပေးခဲ့ဖူးတာကို သာဓကယူပြီး "ရုံလီ" ကို "ဝူဆန်ကွေ့" လက် ပြန်အပ်ခဲ့ပါတယ်။
သစ္စာဖောက်စစ်သူကြီး "ဝူဆန်ကွေ့" ဟာ အသက် ၃၈ နှစ်အရွယ် "ရုံလီ" ကို ပြန်လည်ခေါ်ဆောင်သွားပြီး "ယူနန်ဖူမြို့"(ကူမင်းမြို့) မှာ အဆုံးစီရင်ခဲ့တဲ့အတွက် "မင်မင်းဆက်" ပျက်သုဥ်းသွားခဲ့ပါတယ်။
မင်ဘုရင် "ရုံလီ" သေဆုံးသွားခဲ့ပေမယ့် မြန်မာနိုင်ငံအပေါ် တရုတ် ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ အဲဒီမှာတင် ရပ်နားသွားခဲ့တာ မဟုတ်ပါဘူး။
"ကုန်းဘောင်ခေတ်"၊ "ဆင်ဖြူရှင်မင်း" လက်ထက်မှာ "ရုံလီ" ဘုရင် ခိုလှုံစဥ်က ဆက်သခဲ့တဲ့ ရွှေတွေနဲ့အတူ "ရုံလီ" ဘုရင်ရဲ့ ဆွေမျိုးတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့သလို တရုတ်ဧကရာဇ် "ချင်လုံ" ( Emperor Qianlong) က "အင်းဝ" ကို လေးကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
"ရုံလီ" ဘုရင် ခိုလှုံလာခြင်းရဲ့ ကြီးမားတဲ့အကျိုးဆက် ကတော့ "မင်မင်းဆက်" သစ္စာခံ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်နေထိုင်ရင်း "ကိုးကန့်" ရယ်လို့ ဖြစ်တည်လာခဲ့တာပါပဲ။
အဲဒီဒေသဟာ မြန်မာဘုရင်တွေ လက်ထက်က "သိန္နီစော်ဘွား" လက်အောက်ခံနယ်မြေ ဖြစ်ပါတယ်။ "ရုံလီ" ဘုရင်ရဲ့ သစ္စာခံတွေအထဲက နန်းတွင်းစစ်သည်တော်မျိုးရိုး "ယန်ကောင်းရှို" (Yang Gaosho) နဲ့ သူ့ရဲ့ မျိုးဆက်တွေက "သိန္နီစော်ဘွား" လက်အောက်ခံအဖြစ် နှစ်ပေါင်းရာချီ အစဉ်အဆက် အုပ်ချုပ်ခဲ့ပါတယ်။
၁၈၈၆ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်ကစလို့ "ကိုးကန့်ဒေသ" ကို နယ်ခြားဒေသအုပ်ချုပ်ရေးစနစ်နဲ့ သီးခြားအုပ်ချုပ်ခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့ပါတယ်။
#ပင်းတလဲမင်းထံခိုလှုံခဲ့တဲ့တရုတ်ဘုရင်ရုံလီ
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ