"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "ယန် ပုံစံ ထိုက်ကျိ" ကို တီထွင်ခဲ့သူ "ယန်လုချန်း" (Yang Luchan) အကြောင်းဖြစ်ပါတယ်။
"ထိုက်ကျိ မူကွဲ ၅ မျိုး" အထဲက "ယန် ပုံစံ ထိုက်ကျိ" ကို "ဟိုပေ" ပြည်နယ်၊ "ဂွမ်ပင်း" စီရင်စု က ဆင်းရဲသားလူငယ်လေး "ယန်လုချန်း" (Yang Luchan) က တီထွင်ခဲ့တာပါ။
သူ့ကို ၁၇၉၉ ခုနစ်မှာ ဆင်းရဲသားမိသားစုက မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက သိုင်းပညာကို စိတ်ဝင်စားခဲ့သူဖြစ်ပါတယ်။
"ယွန်နင်းမြို" က "ထိုက်ဟီးတန်" ဆေးဆိုင်မှာ အလုပ်ဝင်လုပ်ရင်း တစ်နေ့မှာ ဆေးဆိုင်ပိုင်ရှင် "ချန်သဲ့ဟူ" က သူခိုးတွေကို သိုင်းပညာနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာကို မြင်တွေ့သွားပြီးနောက် "ယန်လုချန်း" လည်း "ချန်သဲ့ဟူ" ကို သိုင်းပညာသင်ပေးဖို တောင်းဆိုပါတော့တယ်။
"ချန်သဲ့ဟူ" ဟာ "ချန်းပုံစံ ထိုက်ကျိ" ရဲ့ ၆ ဆက်မြောက်ဆရာ "ချန်းချန်ရှင်း" (Chen Changxing) ရဲ့ တပည့်ဖြစ်ပြီး "ချန်းချွမ်" (Changquan) လို ခေါ်တဲ့ "အဝေးရောက်လက်သီးသိုင်း" ကို ကျွမ်းကျင်တတ်မြောက်သူ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီခေတ်က မိသားစုသိုင်းပညာကို မိသားစုဝင်တွေသာ သင်ကြားခွင့်ရတာကြောင့် အပြင်လူကို သိုင်းပညာ လက်ဆင့်ကမ်းသင်ကြားပေးဖိုအတွက် ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ ဆရာကြီး "ချန်းချန်ရှင်း" (Chen Changxing) နေထိုင်ရာ "ချန်းမျိုးနွယ်စုကျေးရွာ" မှာ သွားရောက်သင်ကြားဖို လမ်းညွှန်စေလွှတ်ခဲ့ပါတယ်။
"ယန်လုချန်း" ဟာ "ထိုက်ကျိ" ကို အရူးအမူး စွဲလမ်းလွန်းသူ ဖြစ်တာကြောင့် ပညာသင်ကြားခွင့်ရဖိုအတွက် "ချန်းကျေးရွာ" မှာ ဆွံအ နားမကြားသူအဖြစ် ဟန်ဆောင်ကာ အစေခံ ဝင်လုပ်ရင်း လေ့ကျင့်ရေးခန်းမမှာ "ချန်းမိသားစုဝင်တွေ လေ့ကျင့်နေတာကို ခိုးကြည့်ပြီး ညအခါ တိတ်တဆိတ်ပြန်လည် လေ့ကျင့်ခဲ့ပါတယ်။
တစ်ရက်မှာတော့ ခိုးကြည့်နေတဲ့ "ယန်လုချန်း" ကို ဖမ်းမိသွားခဲ့ပြီး အပြစ်စီရင်ဖို တိုင်ပင်နေကြတုန်းမှာ "ယန်လုချန်း" က ခွင့်လွှတ်ပေးဖို အကြိမ်ကြိမ်တောင်းပန်ခဲ့တာကြောင့် "ချန်းကျေးရွာ" ရဲ့ ၁၄ ဆက်မြောက်ခေါင်းဆောင် "ချန်းချန်ရှင်း" က ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။
အဲဒါကတော့ "ယန်လုချန်း" ကို အရွယ်တူ ချန်းမိသားစုဝင်တွေနဲ့ တစ်ဦးချင်း ယှဥ်ပြိုင်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို ဖြစ်ပါတယ်။
တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်တဲ့အခါ မိမိဘာသာ ခိုးကြည့်သင်ကြားခဲ့ရတဲ့ "ယန်လုချန်း" က စနစ်တကျ သင်ယူထားတဲ့ အရွယ်တူ ချန်းမိသားစုဝင် အားလုံးကို အနိုင်ယူခဲ့တာကြောင့် "ချန်းချန်ရှင်း" က သဘောကျသွားခဲ့ပြီး တပည့်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် "ယန်လုချန်း" ဟာ ချန်းမိသားစုဝင် မဟုတ်တဲ့ ပထမဆုံး ထိုက်ကျိပညာရှင် ဖြစ်လာခဲ့ပါတယ်။
ပင်ကိုယ်ပါရမီရှိသူ "ယန်လုချန်း" ဟာ ချန်းကျေးရွာမှာ ၁၈ နှစ်ကြာ သင်ယူခဲ့ပြီးနောက် ပြင်ပမှာ အခြေချရင်း "ချန်း ပုံစံ" ကနေ ကွဲထွက်လာတဲ့ သူ့ရဲ့ကိုယ်ပိုင်ဟန်တစ်ခုကို ဖန်တီးနိုင်ခဲ့သလို အဲဒီခေတ်က သူ့ကို စိန်ခေါ်လာခဲ့သူအားလုံးကိုလည်း အနိုင်ယူနိုင်ခဲ့တာကြောင့် "အရှုးမဲ့ ယန်" (Yang Wudi) လို အမည်တွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ "ယန်လုချန်း" ရဲ့ "ယန် ပုံစံ ထိုက်ကျိ" ကို တရုတ်ဧကရာဇ်မိသားစုက အလွန်သဘောကျခဲ့တာကြောင့် ၁၈၅၀ ပြည့်နှစ်မှာ ပီကင်း က နန်းတော်စောင့်တပ် အရာရှိ၊ စစ်သည်တွေကို သင်ကြားပေးဖို ငှားရမ်းခဲ့ပါတယ်။
အဲဒီ စစ်သည်တော်တွေအထဲမှာ အထူးချွန်ဆုံးဖြစ်လာသူကတော့ "ဝူ ပုံစံ ထိုက်ကျိ" ကို တီထွင်သူ "ဝူချွန်းယု" (Wu Quanyou) ပဲ ဖြစ်ပါတယ်။
"ယန်လုချန်း" ဟာ ၁၈၇၂ ခုနှစ်၊ အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
"ယန်လုချန်း" မှာ သား ၃ ဦး ထွန်းကားခဲ့ပေမယ့် အကြီးဆုံးသား Yang Qi ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပြီး ဒုတိယသား Yang Yu နဲ့ တတိယသား Yang Jian တိုကတော့ ဖခင်ရဲ့ ကိုယ်ခံပညာအမွေကို ဆက်လက် လက်ဆင့်ကမ်းနိုင်ခဲ့ကြပါတယ်။
#ယန်လုချန်း
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ