"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက ရှောင်လင်သိုင်းပညာကို အခြေခံ အုတ်မြစ်ချပေးခဲ့တဲ့ "အရှင်ဗောဓိဓမ္မ" ခေါ် "တာမောဆရာတော်" အကြောင်း ဖြစ်ပါတယ်။
"အရှင်ဗောဓိဓမ္မ" (Bodhidharma) လို့ ဘွဲ့အမည်ရတဲ့ "တာမော" (Damo) ဆရာတော်ရဲ့အကြောင်းဟာလည်း တခြားသော ထင်ရှားကျော်ကြားပုဂ္ဂိုလ်တွေလိုပဲ မူကွဲအမျိုးမျိုး၊ အယူအဆ အမျိုးမျိုးနဲ့ ရှိနေပါတယ်။
"အရှင်ဗောဓိဓမ္မ" ရဲ့ ခမည်းတော်က အိန္ဒိယနိုင်ငံ၊ Kanchipuram Pallava ရဲ့ ဘုရင် "တမီးလ်ပါလ္လဝ" (Tamil Pallava) ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဇာတိဇစ်မြစ်နဲ့ပတ်သက်ပြီး အိန္ဒိယသမိုင်း၊ တရုတ်သမိုင်း၊ တိဗက်သမိုင်း၊ ဂျပန်သမိုင်းတွေမှာ ကွဲလွဲမှုအနည်းငယ်စီရှိပေမယ့် တရုတ်ပြည်ကို အနောက်ဘက်ဒေသက ရောက်လာခဲ့တဲ့ တိုင်းတပါးသားတစ်ဦးဖြစ်တယ် ဆိုတာကိုတော့ အားလုံးက တညီ တညွတ်တည်း လက်ခံထားကြပါတယ်။
"အရှင်ဗောဓိဓမ္မ" ရဲ့ တရုတ်ပြည်ရောက် ကနဦးနေ့ရက်တွေဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး သူ့ကို မလိုလားကြသူတွေ၊ သူ့ရဲ့တရားဓမ္မတွေကို လက်မခံကြသူတွေ ရှိခဲ့ပေမယ့် ဧကရာဇ် "လျန်ဝူသိ" ရဲ့ အားပေးထောက်ခံမှုနဲ့အတူ နောက်ပိုင်းမှာတော့ ဆရာတော်ရဲ့ တရားဓမ္မတွေ၊ သိုင်းပညာတွေဟာ တရုတ်နိုင်ငံမှာ တဖြည်းဖြည်း အမြစ်တွယ်လာခဲ့ပါတယ်။
အိန္ဒိယမဟာယာနဂိုဏ်း (ဇင်ဂိုဏ်း) ရဲ့ ၂၈ ဆက်မြောက်ဂိုဏ်းချုပ်ဖြစ်သလို တရုတ်မဟာယာနဂိုဏ်း (ဇင်ဂိုဏ်း) ရဲ့ ပထမဆုံးဂိုဏ်းချုပ်ဖြစ်လာတဲ့ "အရှင်ဗောဓိဓမ္မ" ဟာ အေဒီ ၅၂၇ ခုနှစ်မှာ "ရှောင်လင်ကျောင်း" ကို ရောက်လာခဲ့ပါတယ်။
အချို့ကတော့ "အရှင်ဗောဓိဓမ္မ" ဟာ တရုတ်နိုင်ငံကို အေဒီ ၄၇၀ ကျော်လောက်ကတည်းက ရောက်နေခဲ့ပြီး အေဒီ ၅၂၀ လောက်မှာတော့ "ရှောင်လင်ကျောင်းတော်" တည်ရှိရာ တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်က ဆုန်းရှန်းတောင်တန်းမှာ အခြေချနေထိုင်ခဲ့တယ်လို့ ယူဆကြပါတယ်။
အချို့ကလည်း "အရှင်ဗောဓိဓမ္မ" ဟာ ရှောင်လင်ကျောင်းရယ်လို့ မပေါ်ပေါက်မီ အေဒီ ၄၈၆ ခုနှစ်မှာ ဆုန်းရှန်းတောင်တန်းကိုရောက်လာပြီး ကျောက်ဂူတစ်ခုထဲမှာ ၄၈၆ ခုနှစ်ကနေ ၄၉၅ ခုနှစ်အထိ ၉ နှစ်ကြာ တရားကျင့်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ တချို့က ဆရာတော်ဟာ ရှောင်လင်ကျောင်းမှာနေထိုင်ရင်း ကျောင်းကဆရာတော်တွေနဲ့ အယူအဆ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် အနီးအနားမှာရှိတဲ့ လိုဏ်ဂူတစ်ခုထဲ သွားရောက် နေထိုင်တာဖြစ်တယ်လို့ ဆိုကြသလို တချို့ကလည်း လိုဏ်ဂူထဲမှာ နေထိုင်ကျင့်ကြံပြီးမှ ရှောင်လင်ကျောင်းတော်ကို သွားရောက်သင်ကြားပြသတာဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီနေရာမှာ ထပ်ပြီး အယူအဆကွဲကြပြန်တာက "အရှင်ဗောဓိဓမ္မ" မရောက်လာမီအချိန်ကတည်းက "ရှောင်လင်ကျောင်းတော်" မှာ "ကွန်ဖူးပညာ" ရှိနှင့်ပြီးသားဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ဆရာတော်ရောက်လာမှ စတင်သင်ကြားခဲ့တယ် ဆိုတဲ့ အယူအဆနှစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် "အရှင်ဗောဓိဓမ္မ" ဟာ "အိန္ဒိယယောဂပညာ" ကို အခြေခံပြုပြင်မွမ်းမံထားတဲ့ ကမ္မဋ္ဌာန်းထိုင်နည်း (အတွင်းအားလေ့ကျင့်နည်း) နဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ရှောင်လင်ကျောင်းမှာ ဖြန့်ဝေသင်ကြားပေးခဲ့သူဖြစ်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ ဆရာတော်ရဲ့ ထင်ရှားတဲ့ သိုင်းကျမ်း ၂ စောင်ကတော့ "ယိကျင်ကျန်း" (Yijin Jing) နဲ့ "ရှီစွေ့ကျန်း" (Xisui Jing) တို့ပဲ ဖြစ်ပါတယ်။
သိုင်းဝတ္ထုတွေ၊ သိုင်းရုပ်ရှင်တွေထဲမှာတော့ အကြောပြောင်းပညာရပ်၊ "ကျား"၊ "မြွေ"၊ "ကြိုးကြာ" စတဲ့ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားဟန်တွေကိုအခြေခံတီထွင်ထားတဲ့ သိုင်းပညာရပ်တွေနဲ့ ရဟန္တာလက်သိုင်းပညာ (လိုဟန်) တို့ကို ရှောင်လင်သိုင်းပညာရပ်တွေအဖြစ် အစဥ်အဆက် ရေးသား ရိုက်ကူးပုံဖော်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ "ရှောင်လင်သိုင်းပညာ" မှာ အိန္ဒိယနိုင်ငံသား "အရှင်ဗောဓိဓမ္မ" ရဲ့ လွှမ်းမိုးပါဝင်မှုကို လက်မခံလိုသူ မျိုးချစ်ဝါဒီတွေက တရုတ်လူမျိုး စစ်စစ်ဖြစ်တဲ့ "ကျန်းစန်းဖုန်း" ကို "ဝူတန်" ကိုယ်စားပြု ပုံဖော်ခဲ့ကြပေမယ့် "အရှင်ဗောဓိဓမ္မ" ရဲ့ ပုံရိပ်ကတော့ ယနေ့ထက်တိုင် မှေးမှိန်ပျောက်ကွယ်ခြင်း မရှိခဲ့ပါဘူး။
ဆရာတော် ပျံလွန်တော်မူခြင်းအကြောင်းမှာလည်း ထုံးစံအတိုင်း မူကွဲအမျိုးမျိုး ဖြစ်နေပြန်ပါတယ်။ ဂူထဲမှာ ထိုင်လျက် ပျံလွန်တော်မူသွားတယ်လို့ ယုံကြည်ကြသူတွေရှိသလို တချို့ကလည်း ကိုးနှစ်ကြာ တရားထိုင်ခဲ့တဲ့အတွက် အောက်ပိုင်းသေသွားခဲ့တယ်လို့ ဆိုပါတယ်။
တချို့ကလည်း ဆန့်ကျင်ဘက်ဂိုဏ်းသားတွေက ဆရာတော်ကို အဆိပ်ခတ် လုပ်ကြံခဲ့တဲ့အတွက် ၅၂၈ ခုနှစ်မှာ ပျံလွန်တော်မူသွားတယ်လို့ ဆိုကြပြန်ပြီး ပျံလွန်ပြီးနောက်မှာ ဖိနပ်တစ်ဖက်လက်ကကိုင်ထားတဲ့ ဆရာတော်ကို နေရာအနှံ့မှာ တွေ့မြင်ရတယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။
"အရှင်ဗောဓိဓမ္မ" ရဲ့ ပထမဆုံးသော တရုတ်နိုင်ငံသား တပည့်က "ဆန်းဖူ" (Seng Fu) ဖြစ်ပြီး "ဟွေ့ခယ်" (Huike) ကတော့ နောက်ပိုင်းမှာ "အရှင်ဗောဓိဓမ္မ" ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။
"အရှင်ဗောဓိဓမ္မ" ကို လက်ခံလိုသည်ဖြစ်စေ၊ လက်မခံလိုသည်ဖြစ်စေ "ရှောင်လင်သမိုင်း"၊ ချန်ဗုဒ္ဓဘာသာ(Chán Buddhism)သမိုင်း နဲ့ ဇင်ဗုဒ္ဓဘာသာ(Zen Buddhism) သမိုင်းတွေမှာ "အရှင်ဗောဓိဓမ္မ" ဟာ ချန်ထားခဲ့လို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ