"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက "ပြည်သူ့တရားရှင်" လို့ အများက ဂုဏ်ပြုခေါ်ဝေါ်ကြတဲ့ "ပေါင်ချိန်" (ခေါ်) "ပေါင်းချင်းထျန်း" အကြောင်း ဖြစ်ပါတယ်။
ပြည်သူ့တရားရှင် "ပေါင်ချိန်" (Bao Zheng) ဟာ "ဆုန်" မင်းဆက်ခေတ် (Song Dynasty)၊ "ရန်ကျုံး" ဘုရင် (Song Renzong) လက်ထက်က မင်းမှုထမ်း အစိုးရအရာရှိတစ်ဦး ဖြစ်ပါတယ်။
"ပေါင်ချိန်" ဟာ "ဆုန်" နိုင်ငံရဲ့ မြို့တော်၊ "ခိုင်ဖုန်းမြို့" (Kaifeng) မှာ ပြည်နယ်မှူး (တရားသူကြီး) အဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်သူလူထုရဲ့ မတရားခံရမှုတွေ၊ မကျေနပ်ချက်တွေကို ဖြေရှင်းပေးခဲ့သလို အထက်တန်းလွှာတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း ဖော်ထုတ်ပေးခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ မင်းမှုထမ်းသက် ၂၅ နှစ်အတွင်းမှာ ဦးလေးအရင်းဖြစ်သူ အပါအဝင် ဘုရင့်မျိုးနွယ်ပါမချန် ပြစ်မှုကျူးလွန်သူ အားလုံးကို မျှမျှတတ ပြစ်ဒဏ်ပေးခဲ့တာကြောင့် ဘုရင်ကိုယ်တိုင် လေးစားအားထားရသူဖြစ်လာပြီး "ပြည်သူ့တရားရှင် ပေါင်လူကြီးမင်း" (Justice Bao) ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။
"ပေါင်ချိန်" ရဲ့ ငယ်ဘဝဟာ ချို့ချို့တဲ့တဲ့နဲ့ပဲ ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို မြောက်ပိုင်းဆုန့်တိုင်းပြည်၊ "လုကျိုး" (Luzhou) ပြည်နယ်၊ "ဟဲဖေ" (Hefei Prefecture) ခရိုင်ကြီး၊ "ရှန့်ရှန်း" (Shenxian) ရွာ မှာ ဆင်းရဲသား စာပေသမားမိသားစု က မွေးဖွားလာခဲ့ပါတယ်။ [အခုခေတ်မြေပုံအရ "အန်းဟွေး" ပြည်နယ် (Anhui Province)၊ "ဟဲဖေ" ခရိုင်ကြီး (Hefei Prefecture )၊ "ဖီဒုန်" ခရိုင်ငယ် (Feidong County) အတွင်းမှာ တည်ရှိပါတယ်။]
အသက် ၂၉ နှစ်အရွယ်မှာ နန်းတွင်းစာမေးပွဲကို ပထမအဆင့်နဲ့ အောင်မြင်ခဲ့တဲ့အတွက် တရားသူကြီးအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် "ပေါင်ချိန်" က တာဝန်ကို ချက်ချင်းထမ်းဆောင်ခြင်းမပြုဘဲ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခဲ့ပါတယ်။
မိဘနှစ်ပါး ကွယ်လွန်ပြီးတဲ့နောက် အသက် ၃၉ နှစ်အရွယ်ရောက်လာမှသာ ပေါင်ချိန်ဟာ "ထျန်းချန်" မြို့နယ်၊ တရားသူကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြောင့်မတ်မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေကြောင့် ၁၀၄၀ မှာ "တွမ့်ကျိုး" ခရိုင် (Duanzhou District) အုပ်ချုပ်ရေးမှူး၊ ၁၀၄၄ မှာ ဧကရာဇ်မြို့တော် နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူး၊ ၁၀၄၅ မှာ "ဟူပေ" ပြည်နယ် (Hubei Province) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရာထူးအဆင့်ဆင့် တိုးလာခဲ့တဲ့အပြင် အိမ်နီးချင်း "လျောင်တိုင်းပြည်" ကို သံတမန်အဖြစ်ပါ သွားရောက်ခဲ့ရပါတယ်။
၁၀၅၇ မှာတော့ "ပေါင်ချိန်" ဟာ "ပြည်သူ့တရားရှင်" လို့ အများသိကြတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေထဲကအတိုင်း "ခိုင်ဖုန်းမြို့" (Kaifeng) ရဲ့ တရားသူကြီး ဖြစ်လာပါတယ်။
တကယ်တော့ "ပေါင်ချိန်" ဟာ သူ့ဘဝတစ်သက်တာမှာ နန်းတွင်းစစ်ဆေးရေးမှူးအဖြစ်သာ အချိန်အများစု ကုန်ဆုံးခဲ့ပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမှာတော့ "ခိုင်ဖုန်းမြို့" မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နှစ်တာကာလကို အခြေခံပြီး ဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးခဲ့ကြပါတယ်။
ဒါပေမဲ့ "ပေါင်ချိန်" ဇာတ်လမ်းတွဲတွေထဲမှာ နာမည်ကျော် ဇာတ်ကောင်တွေဖြစ်ကြတဲ့ အကြံပေးဆရာ "ကုန်းစွန်းစဲ့" (Gongsun Ce)၊ ကိုယ်ရံတော် "ကျန်ကျောင်း" (Zhan Zhao)၊ "ဝမ်ချောင်း" (Wang Chao) "မာဟန့်" (Ma Han)၊ "ကျောက်လုံး" (Zhang Long)၊ "ကျောက်ဟူ" (Zhao Hu) တို့ဟာ အပြင်မှာ တကယ်ရှိခဲ့ကြောင်း မှတ်တမ်းမှတ်ရာတွေ မရှိပါဘူး။
၉၉၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မွေးဖွားခဲ့သူ "ပေါင်ချိန်" ဟာ အသက် ၆၃ နှစ်အရွယ်၊ ၁၀၆၂ ခုနှစ်၊ မေလ ၂၀ ရက်မှာ ကွယ်လွန်ခဲ့ပြီး ဇနီး ၂ ဦး ["ကျန်း ကတော်" (Lady Zhang)၊ "တုံး ကတော်" (Lady Dong)]၊ ကိုယ်လုပ်တော် တစ်ဦး [ "စွန်း ကတော်" ( Lady Sun)]၊ သား ၂ ဦး ["ပေါင်ရီ" (Bao Yi)၊ "ပေါင်ရှောင်" (Bao Shou)] နဲ့ သမီး ၂ ဦးတို့ ရှိခဲ့ပါတယ်။
သူ့ရဲ့ ဂူသင်္ချိုင်းဟာ ဇာတိဒေသဖြစ်တဲ့ "အန်းဟွေး" ပြည်နယ် (Anhui Province)၊ "လုရန်" စီရင်စု (Luyang District)၊ ဟဲဖေးမြို့ (Hefei) မှာ တည်ရှိပါတယ်။
"ပေါင်ချိန်" ရဲ့ ဆွေစဥ်မျိုးဆက် မှတ်တမ်းစာအုပ်ဟာ "မော်စီတုန်း" (Mao Zedong) လက်ထက်၊ "ယဥ်ကျေးမှုတော်လှန်ရေး" (Cultural Revolution) ကာလအတွင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
"တိန့်ရှောင်ဖိန်" (Deng Xiaoping) လက်ထက် ၁၉၈၉ "တီအန်မင်အရေးအခင်း" (Tiananmen Square Massacre) မှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူ "ပေါင်ကျွမ်းရှင့်" (Bao Zunxin) ဟာ "ပေါင်ချိန်" ရဲ့ ၃၄ ဆက်မြောက်မျိုးဆက်ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ တရုတ်ပြည်ရဲ့ တချို့ပြည်နယ်တွေမှာ "ပေါင်ချိန်" ကို သဘောကောင်းသူ စစ်မက်နတ်ဘုရား "ကွမ်းကုန်း" (Guan Gong) နည်းတူ ကိုးကွယ်ပြီး မတရားခံရမှုတွေကို အမှုမှန်ပေါ်လာအောင် ကူညီစောင်မပေးဖို့ ဆုတောင်းကြပါတယ်။
သူမသေဆုံးမီမှာ ချန်ထားရစ်ခဲ့တဲ့ "ငါ့မျိုးဆက်တွေ အရာရှိ၊ အစိုးရဝန်ထမ်းတွေ ဖြစ်လာလို့ လာဘ်စားခဲ့ရင် သူ့ကို အိမ်ပြန်လာခွင့် မပြုရ။ သေဆုံးခဲ့ရင် ပေါင်မျိုးနွယ်တွေနဲ့ အတူ မမြှုပ်နှံရ။ ကမ္ဗည်းတိုင် အတူမထောင်ရ။ ငါ့လို မရိုးသားသူတွေဟာ ငါတို့ ပေါင်မျိုးနွယ် အစစ်မဟုတ်ဘူး" ဆိုတဲ့ "ပေါင်ချိန်" ရဲ့ အမှာစကားဟာ နာမည်ကျော်ခဲ့ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#ပေါင်ချိန်
#ပေါင်းချင်းထျန်း