"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက နာမည်ကျော် တရုတ်စာရေးဆရာ "ကုလုံ" အကြောင်းဖြစ်ပါတယ်။
"ကုလုံ" (Gu Long) ဟာ ထိုင်ဝမ်အခြေစိုက် တရုတ်စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။
သိုင်းလောကသားတွေ အားလုံးသိကြတဲ့အတိုင်း "ကုလုံ" ဟာ တရုတ်သိုင်းဝတ္ထုအများအပြား ရေးသားခဲ့ပြီး “ချူလျူရှမ်း”၊ “ရှောင်လီဓားပျံ”၊ “လုရှောင်ဖုန်း” စာစဉ်တွဲတွေက အလွန်နာမည်ကြီးပါတယ်။
"ကုလုံ" ရဲ့ အမည်ရင်းက "ရှောင်ယောက်ဟွား" (Xiong Yaohwa) ဖြစ်ပါတယ်။ သူ့ကို ၁၉၃၈ ခုနှစ်၊ ဇွန်လ၊ ၇ ရက်က ဟောင်ကောင်မှာ မွေးပါတယ်။
ငယ်စဥ်က ဘိုးဘွားတွေရှိရာ တရုတ်နိုင်ငံ၊ ကျန်းရှီး ပြည်နယ် (Jiangxi Province)၊ "နန်ချန်း" (Nanchang) မှာ နေထိုင်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ မိဘတွေနဲ့အတူ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြိုကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
"ကုလုံ" ဟာ ချန်ကုန်းအထက်တန်းကျောင်း (Cheng Kung Senior High School) မှာ ပညာသင်ကြားခဲ့ပြီး တန့်ကျန်းတက္ကသိုလ် (Tamkang University)၊ နိုင်ငံခြားဘာသာစကားဌာနက ဘွဲရခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ သူ့ရဲ့ ပထမဆုံးဝတ္ထုဖြစ်တဲ့ "Cangqiong Shenjian" ကို စတင်ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၀ ကနေ ၁၉၆၁ ခုနှစ်အတွင်း "ကုလုံ" ဟာ ဝတ္ထု ၈ ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပေမယ့် သူမျှော်လင့်သလောက် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ "ကုလုံ" ဟာ Ruifang ခရိုင်၊ New Taipei City ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး စာရေးနည်းပုံစံအသစ်နဲ့ ဝတ္ထုတွေ ဆက်လက်ရေး သားခဲ့ပါတယ်။
ဒါကြောင့် ၁၉၆၇ ခုနှစ် နဲ့ ၁၉၇၀ ပြည့်နှစ်ကြား ကာလတွေမှာတော့ သူ့ရဲ့လက်ရာတွေဟာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။
"ကုလုံ" ရဲ့ ဝတ္ထုတွေဟာ ဇာတ်ကောင်စရိုက် စုံလင်လှပြီး တခြား Wuxia စာရေးဆရာတွေလို သိုင်းပညာတစ်မျိုးတည်းကို ဦးစားပေးလေ့မရှိပါဘူး။ အများအားဖြင့် ဝါကျတိုတွေနဲ့ စာပိုဒ်ဖွဲစည်းထားသလို ပြဇာတ် ဇာတ်ညွှန်းတွေလို ဇာတ်ကောင်တွေအချင်းချင်း အပြန်အလှန်ပြောဆိုမှုတွေကို ဦးစားပေးလေ့ရှိပါတယ်။
ဒါ့အပြင် သူ့ရဲ့ ဝတ္ထုတွေကို စုံထောက်ဆန်ဆန် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းတွေ ဖန်တီးလေ့ရှိပြီး အနောက်တိုင်းစာရေးဆရာတွေရဲ့ အငွေ့အသက်တွေလည်း ပါဝင်နေတတ်ပါတယ်။
ကုလုံ ကလည်း သူ့ဝတ္ထုတွေမှာ "အားနက် ဟဲမင်းဝေး" (Ernest Hemingway)၊ "ဂျက် လန်ဒန်" (Jack London)၊ "ဂျွန် စတိန်းဘတ်" (John Steinbeck)၊ " ဖရီဒရစ် နစ်ရှေး" (Friedrich Nietzsche) စတဲ့ အနောက်တိုင်း စာရေးဆရာတွေရဲ့လက်ရာတွေ လွှမ်းမိုးခံထားရသလို "ဂျိမ်းစ်ဘွန်း"(James Bond) နဲ့ "ဂေါ့ဖ်ဖားသား" (The Godfather) စီးရီးတွေကလည်း သူ့အပေါ် များစွာလွှမ်းမိုးမှု ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
သူရဲ့ စာအုပ်တွေအထဲက တချို့ကို တီဗွီဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားတွေအဖြစ် အကြိမ်ကြိမ် ရိုက်ကူးခဲ့ရပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ ကုလုံဟာ ကိုယ်ပိုင် ရုပ်ရှင်စတူဒီယိုကို တည်ထောင်ခဲ့ပြီး သူရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်။
"ကုလုံ" ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ မေတ္တာရေးက ရှုပ်ထွေးခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာ "ကျန်းယွဲရှား" (Zheng Yuexia) လို ခေါ်တဲ့ အကမယ်တစ်ယောက်နဲ့ လက်မထပ်ဘဲ အတူနေခဲ့ပြီး "ကျန်းရှောင်လုံ" (Zheng Xiaolong) အမည်ရှိ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။
အဲဒီနောက် မကြာမီမှာပဲ နောက်ထပ် အကမယ် အမျိုးသမီးတစ်ယောက်ဖြစ်သူ "ယိရွှင်" (Ye Xue) နဲ့ ငြိစွန်းခဲ့ပြီး "ယိယီခွမ်း" (Ye Yikuan) အမည်ရှိ သားတစ်ယောက် မွေးဖွားခဲ့ပြန်ပါတယ်။
သူ့ရဲ့ တရားဝင်ဇနီးကတော့ အလယ်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ "မိန်ပေါင်ကျူး" (Mei Baozhu) ပါ။ "ကုလုံ" ဟာ Mei Baozhu နဲ့ တတိယမြောက်သားဖြစ်တဲ့ "ရှောင်ကျန်းတ" (Xiong Zhengda) ကို မွေးဖွားခဲ့ပါတယ်။
ဒါပေမဲ့ "ကုလုံ" ဟာ မိန်းမရှုပ်လွန်းတဲ့အတွက် တရားဝင်ဇနီးနဲ့လည်း လမ်းခွဲခဲ့ရပြီး နောက်ပိုင်းမှာတော့ စိတ်ကျရောဂါနဲ့ အရက်စွဲလမ်းမှုတွေကြောင့် သူ့ရဲ့လက်ရာ အရည်အသွေးတွေပါ ထိခိုက်ကျဆင်းလာခဲ့ပါတယ်။
စိတ်ကျရောဂါနဲ့အတူ အရက်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်လာတဲ့ အသည်းခြောက်ခြင်းနဲ့ အစာမျိုပြွန်သွေးယိုခြင်းတိုက သူ့ကို အချိန်မတိုင်မီ ကြွေလွင့်စေခဲ့ပြီး အသက် ၄၈ နှစ်အရွယ်၊ ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။
သူ့ရဲ့ စျာပနမှာ မိတ်ဆွေတွေက အရက် ၄၈ ပုလင်းတိတိ ယူဆောင်လာကြပြီး သူနဲ့အတူ ထည့်သွင်းမြှုပ်နှံခဲ့ပါတယ်။
#ထင်ရှားကြော်ကြားပုဂ္ဂိုလ်များ
#ကုလုံ