"ထိုက်ကျိ" လို့ ဆိုလိုက်တာနဲ့ မပါမဖြစ် ပါဝင်ရမယ့် ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။ သူကတော့ သိုင်းလောကသားတိုင်း သိကြတဲ့ "ကျန်းစန်းဖုန်း"(Zhang Sanfeng) ပါပဲ။
"ကျန်းစန်းဖုန်း" ဟာ ယနေ့ခေတ် "ထိုက်ကျိ" လောကရဲ့ ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်ကြတဲ့ "ဝမ်ဇုန်ယု" (Wang Zongyue)၊ "ချန်းဝန်တင်" (Chen Wangting, 1580 - 1660)၊ "ချန်းချန်ရှင်း" (Chen Changxing, 1771 - 1853)၊ "ယန်လူချန်း" (Yang Luchan, 1799 - 1872)၊ "ဝူယုရှန်း" (Wu Yuxiang, 1812 - 1880)၊ "ဝူချွန်းယု" (Wu Quanyou, 1834 - 1902)၊ "ဆန်းလုတန်" (San Lutang, 1860 - 1933) တို့ထက် ရှေးကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ့အကြောင်းဟာ ဒဏ္ဍာရီဆန်လွန်းပါတယ်။
"ကျန်းစန်းဖုန်း" ရဲ့ ငယ်စဥ်ဘဝ နာမည်က "ကျန်းကျွင်းပေါင်" (Zhang Junbao) လို့ ခေါ်ပါတယ်။ သူ့ရဲ့ မွေးသက္ကရာဇ်နဲ့ ပတ်သက်လို့ ၉၆၀ ခုနှစ်၊ ၁၂၄၇ ခုနှစ်၊ ၁၂၇၉ ခုနှစ် စသဖြင့် အမျိုးမျိုးတွေ့ရသလို တချို့ကလည်း "ကျန်းစန်းဖုန်း" ဟာ အပြင်မှာ တကယ်မရှိဘူးလို့ ဆိုပါတယ်။
၇ ပေရှိတဲ့ အရပ်အမောင်း၊ ကြိုးကြာပုံရှိတဲ့ အရိုးအဆစ်၊ သံလျက်ပုံဖြစ်နေတဲ့ မုတ်ဆိတ်မွှေး၊ တစ်နေ့ လီ ၁၀၀၀ သွားနိုင်တဲ့ စွမ်းအားနဲ့ အသက် ၂၀၀ ကျော် [အချို့လည်း ၃၀၀ ကျော်] မှ ကွယ်လွန်သွားခဲ့တဲ့ "ကျန်းစန်းဖုန်း" အဖြစ် ပုံဖော်ထားခဲ့ကြတာတွေက မယုံကြည်သူတွေအတွက် ထောက်ပြစရာတွေ ဖြစ်ပါလိမ့်မယ်။
ဒဏ္ဍာရီအရတော့ "ကျန်းစန်းဖုန်း" ရဲ့ မွေးရပ်ဇာတိဟာ "လျောင်တုန်း" ပြည်နယ် (Liaodong Province) [အခုခေတ်အခေါ် "လျောင်နင်" ပြည်နယ် (Liaoning Province)]၊ ယင်းကျိုးမြို့ ဖြစ်ပါတယ်။ အချို့ကလည်း "ဖူကျန့်" ပြည်နယ် (Fujian Province)၊ "နန်ပင်" ခရိုင်ကြီး (Nanping Prefecture) ထဲက "ရှောင်ဝူမြို့" (Shaowu) ဖြစ်တယ်လို့ ဆိုပါတယ်။
စာပေသမိုင်းအရကြည့်ရင် ၁၆၆၉ ခုနှစ် မတိုင်မီနှစ်တွေက "မသေနိုင်တဲ့ တာအိုဝါဒီ တစ်ယောက်" အဖြစ် ပုံဖော်ခဲ့ကြတဲ့ "ကျန်းစန်းဖုန်း" ဟာ ၁၆၆၉ ခုနှစ်နောက်ပိုင်းမှာတော့ "အပျော့သိုင်းတွေကို တီထွင်သူ" အဖြစ် ရည်ညွှန်းလာကြပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ "ထိုက်ကျိ ကိုတီထွင်သူ" အဖြစ် အဆင့်ဆင့် ပြောင်းလဲသတ်မှတ်လာခဲ့ကြပါတယ်။
"ကျန်းစန်းဖုန်း" ကို သူ့ရဲ့ မိဘတွေက အရာရှိတစ်ယောက်ဖြစ်စေချင်ခဲ့ပေမယ့် သူကတော့ တရုတ်နိုင်ငံတလွှား လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနေရတာကို ပျော်မွေ့သူဖြစ်ပါတယ်။ ဝူတန်တောင်မှာ အခြေမချမီ "ဟွာစန်းတောင်" ပေါ်မှာ နှစ်ပေါင်းများစွာ လှည့်လည်နေထိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။
"ကျန်းစန်းဖုန်း" အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားတွေမှာ "ရှောင်လင်ကျောင်း" ထွက်အဖြစ် ပုံဖော်ခဲ့ကြပေမယ့်လည်း တချို့ကတော့ "ကျန်းစန်းဖုန်း" ဟာ ရှောင်လင်ကျောင်း က ဆရာတော် "ကြွယ်ရွှမ်" (Jueyuan) ရဲ့ တပည့်ဖြစ်တယ်ဆိုတာ လက်မခံဘဲ ငယ်စဥ်ကတည်းက တာအိုဘုန်းတော်ကြီးတစ်ပါးရဲ့ တပည့်ဖြစ်တယ်လို့ ယူဆကြပါတယ်။
တကယ်တော့ "ကျန်းစန်းဖုန်း" ရဲ့ ဒဏ္ဍာရီဟာ တရုတ်နိုင်ငံတွင်းမှာသာမက မွန်ဂိုနိုင်ငံအထိပါ ပျံ့နှံ့ခဲ့ပြီး မွန်ဂိုမင်းသားတစ်ပါးကိုယ်တိုင် ဝူတန်တောင်တန်းတဝိုက်မှာ "ကျန်းစန်းဖုန်း" နဲ့ ဆုံတွေ့ခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုလည်း ရှိနေပါတယ်။
စာပေနယ်မှာ "ကျန်းစန်းဖုန်း" အကြောင်း အစောဆုံးတွေ့ရတာက "ဟွမ်ဇုန်ရှိ" (Huang Zongxi) ရေးသားခဲ့တဲ့ "ဝမ်ကျန်းနန် အတွက် သင်္ချိုင်းစာ" (Epitaph For Wang Zhengnan) ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ဟာ "ရှောင်လင်" ရဲ့ "အမာသိုင်း" နဲ့ "ဝူတန်" ရဲ့ "အပျော့သိုင်း" ကို ခွဲခြားနှိုင်းယှဥ်ပြခဲ့တဲ့စာအုပ်ဖြစ်ပြီး လေ့လာသူတချို့ကတော့ "ရှောင်လင်သိုင်းပညာ" ဟာ "အိန္ဒိယ" ကနေတဆင့် "ဆရာတော် ဗောဓိဓမ္မ" က ဖြန့်ဖြူးသင်ကြားခဲ့တာဖြစ်တဲ့အတွက် ဒီသမိုင်းကို လက်မခံလိုသူတွေက တရုတ်လူမျိုး စစ်စစ်ဖြစ်တဲ့ "ကျန်းစန်းဖုန်း" ကို "ဝူတန်" ရဲ့ "အပျော့သိုင်း" ကို ကိုယ်စားပြုပြီး သိုင်းလောကထဲ ဆွဲသွင်းလာခဲ့ကြတာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
တနည်းအားဖြင့် မင်မင်းဆက်ခေတ် နိုင်ငံရေးရွေ့ကွက်တွေနဲ့ "တိုင်းတပါးဆန့်ကျင်ရေး"၊ "မန်ချူးဆန့်ကျင်ရေး" လှုံ့ဆော်ပုံဖော်မှုတွေထဲမှာ "ကျန်းစန်းဖုန်း" က သက်ရှိထင်ရှားသဖွယ် ပါဝင်လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၁၂ ခုနှစ်မှာ "ဂွမ်ပိုင်ယိ" တည်းဖြတ်ထုတ်ဝေတဲ့ "Taijiquan Classics" စာအုပ်မှာ "ကျန်းစန်းဖုန်း" နဲ့ "ထိုက်ကျိချွမ်" ဟာ တသားတည်း ဖြစ်လာပြီး နောက်ပိုင်းစာအုပ်တွေမှာ အဆင့်အဆင့် ပြန်လည် ကိုးကားရေးသားကြရင်း "ကျန်းစန်းဖုန်း" ဟာ "ထိုက်ကျိသိုင်း" ရဲ့ အရှင်သခင် ဖြစ်လာပါတော့တယ်။
၁၉၆၁ ခုနှစ်မှာ နာမည်ကျော် စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) က သူ့ရဲ့ "နဂါးနိုင်ဓါး" (The Heavenly Sword and Dragon Saber) စာအုပ်မှာ "ကျန်းစန်းဖုန်း" ကို ထည့်သွင်းရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ "ကျန်းစန်းဖုန်း" ဟာ အထင်ကရ သမိုင်းဝင် ဇာတ်ကောင်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ တည်ရှိလာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် "ကျန်းစန်းဖုန်း" ကို သက်ရှိထင်ရှား နေထိုင်သွားခဲ့သူအဖြစ် ယုံကြည်ကြသူတွေကတော့ သူဟာ "ဆုန်မင်းဆက်"၊ "ယွမ်မင်းဆက်" နဲ့ "မင်မင်းဆက်" ကာလတွေမှာ အသက်ရှင်နေထိုင်သွားခဲ့သူဖြစ်တယ်လို့ ယေဘုယျအားဖြင့် ဘုံသဘောတူ လက်ခံထားခဲ့ကြပါတယ်။
#ကျန်းစန်းဖုန်း
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ