"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက သိုင်းလောကသားတွေ ကောင်းကောင်းသိကြတဲ့ ကမ္ဘာကျော် တရုတ် စာရေးဆရာကြီး "ကျင်းယုံ" အကြောင်းဖြစ်ပါတယ်။
"ကျင်းယုံ" ဟာ ၁၉၅၉ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အတွင်း ရေးသားခဲ့တဲ့ ဝူရှ (Wuxia) ဝတ္ထု ၁၅ ပုဒ်ကြောင့် သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး စာရေးဆရာတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
သူ့ရဲ့ ဝတ္ထုတွေကို အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား အပါအဝင် ကမ္ဘာ့ဘာသာပေါင်းများစွာကို ဘာသာပြန်ဆိုခဲ့ကြပြီး အုပ်ရေ သန်း၁၀၀ ကျော်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သလို ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ၊ ကာတွန်းနဲ့ ဗွီဒီယိုဂိမ်းတွေအဖြစ်လည်း ယနေ့တိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။
စာရေးဆရာကြီး "ကျင်းယုံ" (Jin Yong) ရဲ့ အမည်ရင်းက "လူးဝစ် ချာလျန်ယုံ" (Louis Cha Leung-yung) ဖြစ်ပါတယ်။ သူ့ကို တရုတ်နိုင်ငံ၊ ဇီကျန်းပြည်နယ် (Zhejiang)၊ "ဟိုင်နင်းမြို" (Haining)မှာ ၁၉၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မွေးဖွားခဲ့ပြီး မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။ သူ့ရဲ့ မိဘမျိုးရိုးတွေက စာတတ် ပေတတ် ပုဂ္ဂိုလ်တွေ ဖြစ်ပြီး အဘိုးဖြစ်သူ "ချာဝင်ကျင်း" ဟာ မန်ချူးခေတ်၊ တတိယအဆင့် အရာရှိ ဖြစ်ခဲ့ပါတယ်။ "ကျင်းယုံ" ရဲ့ ဖခင် "ချာရှုချင်း" (Zha Shuqing) ကတော့ ၁၉၅၀ ပြည့် ကာလတွေမှာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
သူဟာ ငယ်စဥ်ကတည်းက စာဖတ်ဝါသနာပါခဲ့သူဖြစ်ပြီး ကျားစင်း အမှတ်(၁) အလယ်တန်းကျောင်းမှာ ပညာသင်နေစဥ် တရုတ်အစိုးရကို သက်ဦးဆံပိုင်အစိုးရလို့ ဝေဖန်ခဲ့တာကြောင့် ၁၉၄၁ ခုနှစ်မှာ ကျောင်းထုတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ကျူးရှူး အမှတ် (၂) ကောလိပ်မှာ ပညာဆက်လက်သင်ကြားခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။
အဲဒီနောက် ချုံကျင်း ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာ ဌာန (Central University of Political Affairs, Chongqing) မှာ တက်ရောက်သင်ကြားခဲ့ပြီး နောက်ပိုင်းမှာ ဆူးကျိုးတက္ကသိုလ် (Soochow University)၊ မဟာဥပဒေသင်တန်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကိန်းဘရစ်ချ် တက္ကသိုလ်က အာရှရေးရာ အထူးပြု ပါရဂူဘွဲ၊ ၂၀၁၃ ခုနှစ်မှာ ပီကင်း တက္ကသိုလ်က တရုတ်စာပေဆိုင်ရာ ပါရဂူဘွဲ့တွေကိုလည်း ရရှိခဲ့ပါတယ်။
"ကျင်းယုံ" ဟာ ၁၉၅၀ ပြည့်နှစ်မှာ စတင်ထုတ်ဝေတဲ့ ဟောင်ကောင်နေ့စဉ်သတင်းစာ "Ming Pao" ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပြီး အဲဒီသတင်းစာရဲ့ ပထမဆုံး အယ်ဒီတာချုပ်လည်း ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်မှာတော့ ဟောင်ကောင် New Evening Post သတင်းစာကို လက်ထောက်အယ်ဒီတာအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပြီး တရုတ်သိုင်းစာရေးဆရာ "လျှံယုစိမ်း" (Liang Yusheng) နဲ့ သိကျွမ်းခင်မင်ခဲ့ပါတယ်။
အဲဒီလို "လျှံယုစိမ်း"နဲ့ သိကျွမ်းခင်မင်ခဲ့တာက "ကျင်းယုံ" ကို ဝူရှစာပေလမ်းကြောင်းပေါ် ရောက်ရှိလာစေခဲ့ပြီး သူ့ရဲ့ ပထမဆုံး သိုင်းဝတ္ထု ဖြစ်တဲ့ "ဓားတစ်ဆုပ် ကျမ်းတစ်အုပ် သူရဲအလုပ်" (The Book and the Sword) ကို ၁၉၅၅ ခုနှစ်မှာ စတင်ရေးသားဖြစ်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာတော့ "ကျင်းယုံ" ဟာ သတင်းစာ ဆရာအလုပ်က နုတ်ထွက်ပြီး ဂရိတ်ဝေါ ရုပ်ရှင်ကုမ္ပဏီနဲ့ ဖီးနစ်ရုပ်ရှင်ကုမ္ပဏီတို့မှာ ရိုက်ကွင်းညွှန်ကြားသူနဲ့ ဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်လွန် ကာလတွေမှာတော့ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့ပြီး တရုတ်ပြည်မကြီးမှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးလာတဲ့ "တိန့်ရှောင်ဖိန်" နဲ့ ဟောင်ကောင်ကို ကိုယ်စားပြု တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ "ကျင်းယုံ" ဟာ သတင်းစာအလုပ်က အနားယူခဲ့ပြီး "မင်ပေါင် သတင်းစာ" က သူ့ရဲ့ အစုရှယ်ယာတွေကိုလည်း ရောင်းချပစ်ခဲ့ပါတယ်။
စာရေးဆရာကြီး "ကျင်းယုံ" ဟာ အိမ်ထောင် ၃ ဆက်ပြုခဲ့ပြီး ၁၉၄၈ ခုနှစ်မှာ "တုကျိဖင်း" (Du Zhifen)၊ ၁၉၅၃ ခုနှစ်မှာ "စူးမေ"(Zhu Mei)၊ ၁၉၇၆ ခုနှစ်မှာ "လင်းလိယိ" (Lin Leyi) တို့နဲ့ လက်ထပ်ခဲ့ပါတယ်။ စာနယ်ဇင်းသမား တစ်ယောက်ဖြစ်သူ ဒုတိယ ဇနီး "စူးမေ" နဲ့ သားနှစ်ဦး၊ သမီး နှစ်ဦး ထွန်းကားခဲ့ပါတယ်။
"ကျင်းယုံ" ဟာ အသက် ၉၄ နှစ် အရွယ်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။
#ကျင်းယုံ
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ