အမတ်ကြီး "ရှမ်းဝူကျင်း"၊ စစ်သူကြီး "ချန်ဖုန်းလိ" နဲ့ သူဌေးကြီး "ကြူးဝမ်" တို့ဟာ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ဖြစ်ပေမယ့် "ရှမ်းဝူကျင်း" မမျှော်လင့်ဘဲ ရလာခဲ့တဲ့ "အာကာတစ်ခွင် အတွင်းအားသိုင်းကျမ်း" ကို မက်မောမိတဲ့ "ကြူးဝမ်" က မိတ်ဆွေအပေါ် သစ္စာဖောက်ခဲ့ပါတယ်။
"ရှမ်းဝူကျင်း" ရဲ့ အိမ်ထိန်းကြီး "အဖိုးကြီးဟွီ" ကို ငွေပေးပြီး ခိုးယူခိုင်းခဲ့ရာက လူမိသွားခဲ့တဲ့အတွက် အမတ်ကြီး "ရှမ်းဝူကျင်း" အသတ်ခံခဲ့ရသလို နေအိမ်လည်း မီးလောင်သွားခဲ့ပါတယ်။
"ရှမ်းဝူကျင်း"ရဲ့သား "ရှမ်းစု" ကတော့ သိုင်းကျမ်းတွေနဲ့အတူ လွတ်မြောက်သွားပြီး ဟန်ကျူးမြို့မှာ တစ်ကောင်ကြွက်ကလေးငယ်ဘဝနဲ့ ပန်းချီရေးဆွဲ အသက်မွေး နေထိုင်ခဲ့ပါတယ်။
"ရှမ်းစု" ဟာ ငယ်စဥ်ကတည်း မွေးရာပါရောဂါတစ်ခုကြောင့် သိုင်းပညာကို လေ့ကျင့်မရနိုင်ဘဲ "သူခိုးကြီးလွေဖုန်း" ရဲ့ "တစ်ကွက်လျှိုခြေလှမ်း ကိုယ်ဖော့ပညာ" ကိုပဲ သင်ယူ တတ်မြောက်ထားပါတယ်။
"ရှမ်းစု" တစ်ယောက် သူ့ဘဝအေးချမ်းပြီလို့ ထင်နေဆဲမှာပဲ ဟန်ကြူးမြို "သိုင်းလောကမီးအိမ်ရှင်ပြိုင်ပွဲ" ကို ရောက်လာတဲ့ သူဌေးကြီး"ကြူးဝမ်" က သူ့ကို တွေ့ရှိသွားတဲ့အတွက် "ရှမ်းစု"လည်း ထွက်ပြေးရင်း ချောက်ထဲပြုတ်ကျသွားခဲ့ပါတယ်။
ကံကောင်းချင်တော့ ချောက်ထဲက ရွှေငါး၊ အပူစားမြက်နဲ့ ထူးဆန်းတဲ့သစ်သီးကို စားမိခဲ့ရာက သူ့ရဲ့ပိတ်ဆိုနေတဲ့သွေးကြောတွေ ပွင့်ထွက်သွားပြီး "အာကာတစ်ခွင် အတွင်းအားသိုင်းပညာ" ကို စတင်လေ့ကျင့် သင်ယူနိုင်ခဲ့ပါတော့တယ်။
၄ နှစ်ကျော် ကြာမြင့်ပြီးနောက် လူငယ်လေး "ရှမ်းစု" တစ်ယောက် ကွမ်တုံမြို့က စာပေပညာရှင်ကြီး "တုံယိရွှေ" ထံ လာရောက်ပညာသင်ကြားရင်း အတိတ်ကို မေ့ဖျောက်ထားစဥ်မှာ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ စစ်သူကြီး "ချန်ဖုန်းလိ" ရဲ့သား "ချန်ဝေဖုန်း" နဲ့ သူဌေးကြီး "ကြူးဝမ်" ရဲ့သမီး "ကြူးကြူး" တို့က တွေ့ရှိမှတ်မိသွားတဲ့အတွက် ခြေရာဖျောက်ထွက်ပြေးခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ "ရှမ်းစု" တစ်ယောက် လမ်းခရီးမှာ ထိပ်သီးသိုင်းသမားသုံးယောက်ဖြစ်တဲ့ "မင်လင်း"၊ "ကျိယွင်ဖေး"၊ "မုရင်း" တို့နဲ့ ဆုံတွေ့မိပြီး ဆရာသုံးယောက်ရဲ့ တပည့်အဖြစ် "ခရမ်းရောင်ခြံဝန်း"၊ "ပန်းဂေဟာ" နဲ့ "နတ်သမီးစံအိမ်" တို့ရဲ့ အရှင်သခင်ဖြစ်လာပါတယ်။
သူ့ရဲ့သိုင်းပညာကို ပိုပြီးထက်မြက်လာစေတာကတော့ "ရှောင်လင်"၊ "ဝူတန်" စတဲ့ ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်ကြီး ငါးယောက်က သိုင်းလောကကို ဖျက်ဆီးမယ့် "ရွှေငွေဒင်္ဂါးဂိုဏ်း" ကို ဖြိုခွင်းနိုင်မယ့်သူအဖြစ် "ရှမ်းစု" ကို ရွေးချယ်ပြီး သိုင်းပညာသင်ကြားပေးခဲ့ကြတာပါပဲ။
ဒါကြောင့် "ရှမ်းစု" ဟာ "ဒဏ္ဍာရီပလွေသိုင်းသမား" အဖြစ် သိုင်းလောကထဲ ဝင်လာခဲ့သလို တစုန့်ဘုရင်မင်းမြတ်ရဲ့ "သစ္စာရှင်တမန်တော်" အဖြစ် ခန့်အပ်ခြင်း ခံရပြီးနောက် ... ။
📚 ပထမပိုင်း