လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သိုင်းဥသျောင်ပြိုင်ပွဲမှာ "စင့်ကျောင်း" အမည်ရှိ သိုင်းလုလင်တစ်ယောက်ဟာ ယှဥ်ပြိုင်အနိုင်ရပြီး သိုင်းဥသျောင် ဘွဲ့ကို ရရှိခဲ့ပါတယ်။
ကျော်ကြားမှုကို မလိုလားတဲ့ "စင့်ကျောင်း" ဟာ ဇနီးဖြစ်သူ "ချင်းလိန်ကူး" နဲ့အတူ တောင်ပင်လယ်ဒေသမှာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပေမယ့် လူယုတ်မာ "ယဲ့ပုဝှာ" က "စင့်ကျောင်း" ကို အဆိပ်နဲ့ လုပ်ကြံပြီး "ချင်းလိန်ကူး" ကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ်ကို အဖြူရောင်သိုင်းသမား နှစ်ဦးဖြစ်တဲ့ "ချောင်" နဲ့ "ဆန်းထျယ်" တို့က မမျှော်လင့်ဘဲ တွေ့မိခဲ့ပေမယ့် သိုင်းပညာအဆင့်ကွာခြားနေသေးတာကြောင့် ဝင်ရောက်မကူညီနိုင်ခဲ့တဲ့အပြင် သူတို့ပါ ထွက်ပြေးခဲ့ရပါတယ်။
နှစ်အတန်ကြာပြီးနောက် သိုင်းလောကရဲ့ အဖြူရောင်ထိပ်သီးဂိုဏ်းကြီးဖြစ်တဲ့ "သမာဓိဂိုဏ်း" ဟာ "စေတန်ဂိုဏ်း" ရဲ့ တိုက်ခိုက်မှုကြောင့် ဂိုဏ်းချုပ် "ချောင်"၊ ဂိုဏ်းချုပ်ကတော် "ဝေကျင်းချင်း" အပါအဝင် တစ်ဂိုဏ်းလုံး အသတ်ခံခဲ့ရပြီး ၃ နှစ်သားအရွယ် သခင်လေး "ချောင်ကျန်းလီ" တစ်ယောက်သာ ဦးရီးတော် "ချန်းဝေ" ရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
"ချောင်ကျန်းလီ" ကို ဖခင်ဖြစ်သူရဲ့ မိတ်ဆွေ၊ ခေါက်ဓါးရှင် နဂါးမင်း "ဆန်းထျယ်" က "နဂါးလက်ဝါးသိုင်း"၊ "ဓါးအသက်သိုင်း"၊ "သေမင်းငို လက်တောက်သိုင်း" စတဲ့ သိုင်းပညာတွေ သင်ကြားပေးခဲ့တဲ့အတွက် ၁၅ နှစ်ခန့်အကြာမှာ "ချောင်ကျန်းလီ" လည်း ထိပ်တန်းသိုင်းသမားတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ပါတယ်။
လက်စားချေရေးတာဝန်နဲ့ သိုင်းလောကထဲဆင်းလာတဲ့ "ချောင်ကျန်းလီ" ဟာ သူ့လိုပဲ "စေတန်ဂိုဏ်း" ကို မုန်းတီးနေတဲ့ မိန်းကလေး "ယီယီ" နဲ့ မိတ်ဆွေဖြစ်ခဲ့ကြပြီး စေတန်ဂိုဏ်းနဲ့ ပတ်သက်တဲ့ အရေးကြီးသတင်းတွေကို "ယီယီ" က ယူဆောင်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ စေတန်ဂိုဏ်းချုပ် "ယဲ့ပုဝါ" က သိုင်းဥသျောင်ရွေးချယ်ပွဲ ကျင်းပကာ သိုင်းလောကကို စိုးမိုးဖို့ကြံစည်နေပြီး "ချောင်ကျန်းလီ" လည်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် အနိုင်မရဘဲ ဒဏ်ရာရသွားတဲ့အခါ ... ။
📚 လုံးချင်း