"လိပ်ပြာတောင်ကုန်း" မှာ သိုင်းလောကသားတွေနဲ့ ဒေါင်းဖြူဂိုဏ်းချုပ် "ကုပိုကျောက်" တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီးနောက် သိုင်းလောကသားအားလုံးကျဆုံးသွားခဲ့သလို "ကုပိုကျောက်" ကလည်း သိုင်းလောကကို စိုးမိုးနိုင်ခဲ့ပါတယ်။
ထူးဆန်းတဲ့ရောဂါကြောင့် ကလေးငယ်တစ်ယောက်အသွင်ဖြစ်နေရတဲ့ မွန်ဂိုသား "ခိုင်ချန်းဟူး" တစ်ယောက်သာ "လိပ်ပြာတောင်ကုန်းတိုက်ပွဲ" မှာ အသက်ရှင်သန်ခဲ့ပြီး သေဆုံးသွားတဲ့ သိုင်းသမားတွေထံက သိုင်းကျမ်းတွေ၊ ဆေးဝါးတွေကို "ခိုင်ချန်းဟူး" က လိုက်လံသိမ်းဆည်း ရယူသွားခဲ့ပါတယ်။
ဒေါင်းဖြူဂိုဏ်းချုပ် "ကုပိုကျောက်" ရဲ့ အဓမ္မသိမ်းပိုက်ခြင်းကို ခံထားရတဲ့ ဒုတိယဇနီး "ယဲ့ချင်း" ဟာ မီးဖွားဖို့ အကြောင်းပြချက်နဲ့ သေမင်းလက် သမားတော် "ကွေ့မု" ထံလာရောက်ရင်း သူမရဲ့ ချစ်သူဟောင်း လျှပ်တပြက်ဓါး "ရှီကျင်းလု" နဲ့ ဆက်သွယ်ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "လိုရန်မြို့" က မျိုးရိုးအမည်တောင်မသိရတဲ့ လေလွင့်ကလေးငယ်တစ်ယောက်ကို ရောဂါသည်လူပုလေး "ခိုင်ချန်းဟူး" က ကျွေးမွေးစောင့်ရှောက်ပြီး သိုင်းပညာအမွေပေးခဲ့သလို ကလေးငယ်ကလည်း မမျှော်လင့်ဘဲ "ရေမီးနဂါးမြွေ" သွေးကို သောက်ခဲ့ရတဲ့အတွက် အစွမ်းထက်တဲ့ သိုင်းသမားလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ လူငယ်လေးဟာ ကျေးဇူးရှင် "ရောဂါသည်လူပုလေး" ကို မမေ့သောအားဖြင့် သူရဲ့အမည်ကိုလည်း "ခိုင်ချန်းဟူး" လို့ပဲ အမည်မှည့်ကာ သိုင်းလောကထဲမှာ ကျင်လည်ခဲ့ပြီး "ရောဂါသည်လူပုလေး" ကို အသက်ဆုံးရှုံးစေခဲ့တဲ့ "သေမင်းခေါ်သူ" ကိုးယောက်ကို လိုက်လံ လက်စားချေခဲ့ပါတယ်။
ဒီလိုနဲ့ "ခိုင်ချန်းဟူး" တစ်ယောက် "သေမင်းခေါ်သူ" တွေရဲ့နောက်ကို ခြေရာခံလိုက်ရင်း သိုင်းလောကမိတ်ဆွေအချို့ရခဲ့သလို တိမ်မြုပ်နေတဲ့ "အလင်းတန်းဂိုဏ်း" ကိုလည်း ပြန်လည်ထူထောင်ဖို့ ကူညီပေးခဲ့ပါတယ်။
သိုင်းလောကကို စိုးမိုးထားတဲ့ ဒေါင်းဖြူဂိုဏ်းချုပ် "ကုပိုကျောက်" ဟာ "လိပ်ပြာတောင်ကုန်း" တိုက်ပွဲအပြီး သိပ်မကြာခင်မှာ သိုင်းလောကထဲက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာကြောင့် သိုင်းလောကသားတွေ ထင်ကြေးအမျိုးမျိုး ပေးနေကြချိန်မှာပဲ သိုင်းလောကရဲ့ ထိပ်တန်းအင်အားစုတွေဖြစ်တဲ့ "မြွေရိုင်းလွင်ပြင်"၊ "မိုးမြင့်ချောက်ကမ်းပါး" စတဲ့ အဖွဲ့အစည်းတွေဟာ ဖြိုခွဲခြင်း ခံခဲ့ရပါတယ်။
ဒါကြောင့် "မြွေရိုင်းလွင်ပြင်" က သခင်လေး "ဟုစွီးပု"၊ "မိုးမြင့်ချောက်ကမ်းပါး" က သခင်လေး "ရွှင်လိုကျင်း"၊ လျှပ်တပြက်ဓါး "ရှီကျင်းလု" ရဲ့သမီး "ရှီလျန်း"၊ မြောက်ပိုင်းစွန်ရဲ "ဆန်ချီ" ရဲ့သမီး "ဆန်ကျင်းကျင်း"၊ အနောက်ပိုင်းသိမ်းငှက် "ယောင်စွမ်းလု" ရဲ့သား "ယောင်ကွမ်း" စတဲ့ လူငယ်လေးတွေဟာ သိုင်းလောကထဲ အသီးသီးရောက်ရှိလာကြပြီး ... ။
📚 လုံးချင်း