"ကျင်းလိန်မြို့" က "နေသူရိန်" စံအိမ်ရှင် ငါးမန်းဓါး "ဝမ်ဝူကျောင်း" နဲ့ "လစန္ဒာ" စံအိမ်ရှင် "လျှူချောင်းကျိ" တို့ဟာ အလွန်ရင်းနှီးတဲ့ အိမ်နီးချင်းမိတ်ဆွေတွေဖြစ်တာကြောင့် "ဝမ်ဝူကျောင်း" ရဲ့သား "ဝမ်လုံဖေး" နဲ့ "လျှူချောင်းကျိ" ရဲ့သမီး "လျှူလုံချင်း" တို့ဟာလည်း ငယ်စဥ်ကတည်းက ကစားဖော်၊ ကစားဖက်တွေ ဖြစ်လာကြပါတယ်။
ငါးမန်းဓါး "ဝမ်ဝူကျောင်း" ဟာ နယ်ချဲ့မန်ချူးတွေကို ဆန့်ကျင်တွန်းလှန်နေတဲ့ မျိုးချစ်သိုင်းသမားတစ်ဦးဖြစ်ပြီး "လျှူချောင်းကျိ" ရဲ့ ဇနီး "ကန်းပိုရွေ့" ကတော့ မန်ချူးလူမျိုးတစ်ဦးဖြစ်ပေမယ့် "နေသူရိန်" နဲ့ "လစန္ဒာ" စံအိမ်နှစ်ခုဟာ အခင်အမင်မပျက်ဘဲ "နေလညီနောင်" စံအိမ်အဖြစ် ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြပါတယ်။
တစ်ရက်မှာတော့ "လျှူချောင်းကျိ" ဟာ ဇနီးဖြစ်သူရဲ့ ဖောက်ပြန်မှု၊ လုပ်ကြံအသရေဖျက်မှုတွေကြောင့် အရှက်ရပြီး "ကျင်းလိန်မြို့" မှာ ဆက်လက်မနေထိုင်တော့ဘဲ သမီးဖြစ်သူနဲ့အတူ တစ်နယ်တကျေး ပြောင်းရွှေ့သွားခဲ့သလို "ဝမ်ဝူကျောင်း" ဟာလည်း စစ်သူကြီး "ထုံပဲစီး" ဦးဆောင်တဲ့ မန်ချူးတပ်ဖွဲ့တွေရဲ့ ချေမှုန်းခြင်းကိုခံရကာ လူငယ်လေး "ဝမ်လုံဖေး" တစ်ယောက်သာ အသက်လုထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
အားကိုးရာမဲ့နေတဲ့ "ဝမ်လုံဖေး" ကို တစ်ကိုယ်တော်သိုင်းသမား ခြင်္သေ့ကြီး "စိမ်းဖေချူ" က မွေးမြူစောင့်ရှောက်ကာ သိုင်းပညာသင်ကြားပေးခဲ့ပေမယ့် သူ ၁၇ နှစ်အရွယ်မှာ "စိမ်းဖေချူ" ကွယ်လွန်သွားခဲ့ပြန်တဲ့အတွက် "ဝမ်လုံဖေး" လည်း ခြေဦးတည့်ရာ သွားလာရင်း မန်ချူးတွေရဲ့ လက်ချက်နဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။
ဒဏ်ရာအပြင်းအထန်ရနေတဲ့ "ဝမ်လုံဖေး" ကို မန်ချူးသစ္စာခံ "အဆိပ်ငါးမျိုးဂိုဏ်း" ရဲ့ ဂိုဏ်းခွဲမှူး မြွေနဂါးသခင်မ "ဟွာချင်ချင်" က ကယ်တင်ကုသပေးပြီး ဂိုဏ်းဌာနချုပ်ရှိရာ နယ်ခြားဒေသကို ခေါ်ဆောင်သွားခဲ့ပေမယ့် ဖြစ်ချင်တော့ "ဟွာချင်ချင်" ရဲ့ ဂိုဏ်းကိုသစ္စာဖောက်ပြီး မျိုးချစ်တွေကို ကူညီတဲ့လုပ်ရပ် ပေါ်ပေါက်သွားတာကြောင့် နှစ်ဦးလုံး အပြစ်ပေးခံခဲ့ရပါတယ်။
ဒီလိုနဲ့ "ဝမ်လုံဖေး" တစ်ယောက် "ငရဲပန်းအဆိပ်" တိုက်ကျွေးခံထားရတဲ့ အရူးတွေနေထိုင်ရာ "အဆိပ်ကျွန်း" ကို ပို့ဆောင်အကျဥ်းချခံခဲ့ရပေမယ့် အဆိပ်ကျွန်းအုပ်ချုပ်ရေးမှူး "စီမိန်လိန်" နဲ့ သမီး "စီရှုရှန်" တို့က ဖေးမကူညီပေးခဲ့ကြသလို အရူးတွေထဲမှာ မရူးဘဲ ရူးဟန်ဆောင်နေတဲ့ အဖိုးအို "ရီတုံ" ကလည်း "ကိန္နရီမောင်နှံသိုင်းပညာ" သင်ကြားပေးခဲ့ပါတယ်။
တကယ်တော့ "ငရဲပန်းအဆိပ်" ကို ထိန်းချုပ်ထားနိုင်တဲ့ လျှို့ဝှက်ချက်ဟာ အရက်ဖြစ်မှန်း အဖိုးအို "ရီတုံ" က ပြောပြခဲ့ပြီး ရူးမသွားအောင် နေ့စဥ်အရက်သောက်နေရတာကြောင့် "အဆိပ်ကျွန်း" က ဖောက်ထွက်ကာ "အဆိပ်ငါးမျိုးဂိုဏ်း" ကို ပြန်လည်တွန်းလှန်နိုင်ခဲ့ချိန်အထိ "ဝမ်လုံဖေး" လည်း အရက်သမားလုံးလုံး ဖြစ်နေခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ လက်ကိုးချောင်း "ယဲ့မုဟန်း" ရဲ့ ကုသပေးမှုနဲ့ "ဝမ်လုံဖေး" ငရဲပန်းအဆိပ်ပြေသွားတဲ့အခါ "တိုက်တိုင်းအောင်" အဖွဲ့ကို ထူထောင်ပြီး မန်ချူးတွေကို တိုက်ခိုက်တွန်းလှန်နေစဥ် ဖခင်ကို သတ်သွားသူ စစ်သူကြီး "ထုံပဲစီး" နဲ့ ပြန်ဆုံခဲ့ရာမှာတော့ ... ။
📚 ၂ အုပ်တွဲ