အနက်ရောင်သိုင်းထိပ်သီး "သွေးဝိညာဥ်" ရဲ့ တပည့်ငှက်ခါးရောင်ဓါးသမား "ထန်လွန်" ဟာ စိတ်ထားကောင်းမွန်တဲ့ အဖြူရောင်သိုင်းသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ချစ်သူ "ပျံလွှားမယ်" ကို ရှားပါးရတနာ "နဝရတ်ကိုးပါး" လက်ဆောင်ပေးဖို့အတွက် "မြောင်နယ်" မှာ သွားရောက်ရှာဖွေရင်း မြွေဆိပ်မိခဲ့ပါတယ်။
မြွေဆိပ်မိသွားတဲ့ "ထန်လွန်" ကို အပြတ်ရှင်းဖို့ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ "တန်ယိုဟုန်" က ကောက်ကျစ်စွာ ကြံစည်ခဲ့ပြီး "ထန်လွန်" သေဆုံးသွားပြီလို့ သိုင်းလောကမှာ သတင်းဖြန့်ရင်း တစ်ဖက်ကလည်း ကြေးစားလူသတ်သမားတွေ ငှားရမ်းကာ "ပျံလွှားမယ်" ကို တိုက်ခိုက်စေခဲ့ပါတယ်။
သူကိုယ်တိုင်ကတော့ "ပျံလွှားမယ်" ကို ရန်သူတွေရဲ့လက်က ကယ်တင်ပေးပြီး "ပျံလွှားမယ်" ရဲ့ ယုံကြည်အားကိုးမှုရအောင် လှည့်စား ဖန်တီးကာ နောက်ဆုံးမှာ "ပျံလွှားမယ်" ကို သိမ်းပိုက်ခဲ့ပါတယ်။
မြွေဆိပ်ကြောင့် သေလုနီးပါးဖြစ်နေတဲ့ "ထန်လွန်" ကို "သေမင်းလက်လျှော့သမားတော်ကြီး" က ကယ်တင်ပေးခဲ့ပေမယ့် အလုံးစုံ ပျောက်ကင်းအောင် မကုသနိုင်ခဲ့ဘဲ အသက်ရှင်သန်နေထိုင်လိုပါက သိုင်းပညာအသုံးမပြုဖို့ တားမြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ "သေမင်းလက်လျှော့သမားတော်ကြီး" ရဲ့ ခြံဝန်းအတွင်း "တိဗက်တိုင်းပြည်" က နန်းကျဘုရင် ရဲ့သမီးတော် "ချူးဖိ" ဟာ နှလုံးအားနည်းရောဂါကို လာရောက်ကုသလျက်ရှိပြီး ရန်သူတွေက လိုက်လံလုပ်ကြံနေတဲ့အတွက် "ထန်လွန်" က ကူညီကယ်တင်ခဲ့ရပါတယ်။
မတတ်သာဘဲ သိုင်းပညာကို ထုတ်သုံးလိုက်ရတာကြောင့် "ထန်လွန်" ရဲ့ ရောဂါအခြေအနေဟာ ပိုဆိုးလာခဲ့သလို ရန်သူတော်ဟောင်း "တန်ယိုဟုန်" ကလည်း အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့အတွက် "ပျံလွှားမယ်" က အသက်စွန့်ပြီး ကယ်တင်ပေးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တစ်စထက်တစ်စ ရောဂါကျွမ်းလာတဲ့ "ထန်လွန်" လည်း အများကောင်းကျိုးဆောင်ရွက်ရင်း တချိန်က ဆရာဖြစ်သူရဲ့ အမှားတွေကို ဖာထေးနိုင်ဖို့ ကြိုးစားတဲ့အခါ ... ။
(ဒီ "သေရွာပြန်ဓါးသမား၏ လွမ်းဝိညာဥ်" စာအုပ်ဟာ စာရေးဆရာ "ဝဏ္ဏအောင်" ရဲ့ မူရင်းလက်ရာမဟုတ်ဘဲ စာရေးဆရာ Hotrod က မှတ်မိသမျှ ပြန်လည်ရေးသားထားတာ ဖြစ်ပါတယ်။)
📚 ၃ အုပ်တွဲ