စာပေပညာကို အလွန်ဝါသနာပါတဲ့ "ဝန်းယုလီ" ဟာ ဖခင်ဖြစ်သူ နဂါးပျံဂိုဏ်းချုပ် "ဝန်းဆင်ချိ" ရဲ့ အတင်းအကျပ် သိုင်းပညာသင်ပေးမှုကို လက်မခံနိုင်တဲ့အတွက် အိမ်ကခိုးထွက်လာရင်း သိုင်းလောကသားတွေနဲ့ ပတ်သက်မိခဲ့ပါတယ်။
"ဝန်းယုလီ" ဟာ သိုင်းပညာမတတ်ပေမယ့် မတရားမှုကိုတော့ လက်ပိုက်ကြည့်မနေတတ်တာကြောင့် မြွေဓါးဂိုဏ်းချုပ် "ချင်ဟိုးလျှံ"၊ ကင်းမြီးကောက်နက်ဂိုဏ်းချုပ် "လောင်စွန်ကီး"၊ နတ်ခါးကုန်း "တိုက်ပိုး" စတဲ့ အနက်ရောင်သိုင်းရာဇာတွေရဲ့ မတရားအနိုင်ကျင့်မှုတစ်ခုမှာ အားနည်းသူဘက်က ဝင်ရောက်ကူညီရင်း သူပါ ရောယောင် ဒုက္ခရောက်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ကို ငှက်ဘုရင် "ပိုးဆန်ဖု" ရဲ့သမီး "ပိုးယီ" က ကယ်တင်ပေးခဲ့တဲ့အတွက် အသက်ဘေးက လွတ်ခဲ့တဲ့အပြင် ထွက်ပြေးရင်း လိုဏ်ဂူတစ်ခုထဲက "ရွှေရောင်မြွေလေး" ကို စားမိတာကြောင့်လည်း အတွင်းအားမှာ ထိပ်တန်းအဆင့်ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း "ဝန်းယုလီ" ဟာ သိုင်းပညာမတတ်တဲ့အတွက် အနက်ရောင်သိုင်းသမားတွေရဲ့လက်က လွတ်မြောက်အောင် ဆက်လက်ထွက်ပြေးနေခဲ့ရပြီး ဝင်မိရင် ပြန်လမ်းမရှိဘူးလို နာမည်ကြီးတဲ့ "ငရဲဥယျာဥ်" ထဲ ဝင်ရောက်သွားမိခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ "ဝန်းယုလီ" ဟာ ငရဲဥယျာဥ် သခင်မလေး "ဝူဇီဖင်း" ကို ကူညီခဲ့ဖူးတာကြောင့် "ငရဲဥယျာဥ်" မှာ ဧည့်သည်အဖြစ် နေထိုင်ခွင့်ရခဲ့တဲ့အပြင် "ဝူဇီဖင်း" ရဲ့ ဖခင် သံကန့်လန့်ကာ "ဝူကျိုက်လျန်" ရဲ့ "သံကန့်လန့်ကာလက်သိုင်း ၁၈ ကွက်" ကို မမျှော်လင့်ဘဲ သင်ယူမိခဲ့ပါတယ်။
အဲဒီ "လက်သိုင်း ၁၈ ကွက်" ကြောင့် "ဝန်းယုလီ" ဟာ သူတပါးက သူ့ကိုမတိုက်ခိုက်နိုင်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် သူက သူတပါးကိုတော့ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် ဖခင်ဖြစ်သူ "ဝန်းဆင်ချိ" နဲ့ နဂါးပျံဂိုဏ်းသားတွေကို မြွေဓါးဂိုဏ်းချုပ် "ချင်ဟိုးလျှံ"၊ ကင်းမြီးကောက်နက်ဂိုဏ်းချုပ် "လောင်စွန်ကီး" တို့ ဦးဆောင်တဲ့ အနက်ရောင်သိုင်းသမားတွေက တိုက်ခိုက်သတ်ဖြတ်သွားတဲ့အခါမှာတော့ ငြိမ်မနေနိုင်တော့တဲ့ "ဝန်းယုလီ" တစ်ယောက် သိုင်းပညာသင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ "ဂိုဘီ" သဲကန္တာရထဲမှာနေထိုင်တဲ့ သံကန့်လန့်ကာ "ဝူကျိုက်လျန်" ရဲ့ဆရာ ဘိုးသက်ရှည် "ဆုန်ကန်း" ထံ "သံကန့်လန့်ကာခြေသိုင်းပညာ" သွားရောက် သင်ကြားခဲ့ပေမယ့် သိုင်းလောကအန္တရာယ်ကို ကာကွယ်ပြီးတာနဲ့ အဆိပ်သောက်ဖို့ ကတိပြုလိုက်ရတဲ့အခါ ... ။
📚 ၃ အုပ်တွဲ