"ချင်ရှီ" ကျေးရွာ မှာနေထိုင်တဲ့ "မေကျင်းလီ" ဦးဆောင်တဲ့ "မေ" အမျိုးအနွယ်မိသားစုကို သိုင်းဂိုဏ်းပေါင်းစုံပါဝင်တဲ့ မဟာမိတ်အဖွဲ က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတဲ့အတွက် မိသားစုဝင်အားလုံးသေဆုံးခဲ့ရပေမယ့် လူမမယ်မိန်းကလေး တစ်ယောက်ကတော့ နေအိမ်မှာ မရှိတာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။
၁၅ နှစ်ခန့်ကြာပြီးနောက် မိန်းကလေး "မေဟောက်စွမ်း" ဟာ သိုင်းထိပ်သီးတွေကို ရှာဖွေပြီး တပည့်ခံ ပညာသင်ကြားဖို့နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့အခါမှ "စုချွမ်း" ပြည်နယ်၊ "ငေါ်မေတောင်" က "ကျင်းယင်း" သီလရှင်ထံ သွားရောက်ပြီး အကြောင်းစုံ ရေးသားထားတဲ့ ဘဝမှတ်တမ်းစာအုပ်ကို ရယူဖတ်ရှုဖို့ မိခင်ဖြစ်သူရဲ့ မသေဆုံးမီ နောက်ဆုံးမှာကြားသွားချက်အရ လမ်းပေါ်မှာ တစ်ဦးတည်း အားကိုးရာမဲ့ ကျင်လည်နေခဲ့ရပါတယ်။
အိမ်ခြေရာမဲ့ဖြစ်နေတဲ့ "မေဟောက်စွမ်း" ကို "ထန်မိသားစု" က ကောက်ယူမွေးစားခဲ့ပြီး အခြေခံ သိုင်းပညာအနည်းငယ် သင်ကြားပေးခဲ့တာကြောင့် တည်ငြိမ်တဲ့ဘဝတစ်ခုကို ရရှိခဲ့ပေမယ့် သိုင်းထိပ်သီးတွေကိုသာ ရှာဖွေ တပည့်ခံရမယ်ဆိုတဲ့ မိခင်ရဲ့မှာကြားချက်အတိုင်း "ထန်မိသားစု" ကို ရန်သူတွေဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ "မေဟောက်စွမ်း" ဟာ "ထန်မိသားစု" စံအိမ်က ထွက်ခွာလာခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ် မပြည့်သေးပေမယ့်လည်း "ကျင်းယင်း" သီလရှင်နဲ့တွေ့ဆုံပြီး ဘဝဇာတ်ကြောင်းကို မေးမြန်းချင်တဲ့ "မေဟောက်စွမ်း" ဟာ "ငေါ်မေတောင်" ကို ခရီးဦးတည်ထွက်လာခဲ့ရင်း လမ်းခရီးမှာ အခက်အခဲကြုံတွေ့သူတွေကို သူမရဲ့ ညာဏ်ပညာနဲ့ တတ်စွမ်းသမျှ ကူညီခဲ့တာကြောင့် မိတ်ဆွေတချို့ တိုးပွားလာခဲ့ပါတယ်။
"ငေါ်မေတောင်" ကို ရောက်ရှိချိန်မှာတော့ "ကျင်းယင်း" သီလရှင်ကျောင်းကို ပြာပုံအဖြစ်သာ တွေ့လိုက်ရတဲ့အတွက် စိတ်ဓါတ်ကျဆင်းသွားတဲ့ "မေဟောက်စွမ်း" ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖိုကြိုးစားခဲ့ပေမယ့် "ရွှင်ပျော်ပျော်ဘွားဘွား" က ကယ်တင်ကာ သိုင်းပညာသင်ကြားပေးခဲ့တဲ့အပြင် မီးလောင်ပြင်က ရခဲ့တဲ့ "မေဟောက်ကျင်း" ရဲ့ ဘဝမှတ်တမ်းကို ပြန်လည်ပြောပြခဲ့ပါတယ်။
"ရွှင်ပျော်ပျော်ဘွားဘွား" ရဲ့ ပြောပြချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က သိုင်းလောကရဲ့ အသက်သခင်လို့ သတ်မှတ်ခံရတဲ့ ဆေးပညာရှင် "စာပေသိုင်းသမား" ဟာ လူတစ်စုရဲ့လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့ရပြီး လက်သည်တရားခံကို ဖော်ထုတ်ဖို့ သိုင်းဂိုဏ်းတွေ စုပေါင်းဖွဲစည်းထားတဲ့ "လက်မရွံအဖွဲ့" ဟာလည်း ထပ်မံ အသတ်ခံခဲ့ရကြောင်း၊ ၁၀ နှစ်ကြာတဲ့အခါ "လက်မရွံအဖွဲ့" ကို သတ်ဖြတ်ပြီး သက်သေခံပစ္စည်းတွေကို "ချင်ရှီ" ကျေးရွာမှာ မြှုပ်နှံထားတယ်ဆိုတဲ့ ပစ်စာတွေ သိုင်းဂိုဏ်းတွေဆီရောက်လာခဲ့တဲ့အတွက် သွားရောက်တူးဖော်ကြတဲ့အခါ ပစ္စည်းတွေကို တွေ့ရကြောင်း၊ အဲဒီနောက် ပစ္စည်းတွေကို ပြန်လည်သယ်ဆောင်လာစဥ် ကြားဖြတ်တိုက်ခိုက်ခံရပြန်ပြီး တိုက်ခိုက်သူတွေရဲ့ သဲလွန်စဟာ "မေမိသားစု" မှာ တွေ့ရတဲ့အတွက် "ယွင်ဝမ်လီ" ဦးဆောင်တဲ့ စုပေါင်းအဖွဲက "ချင်ရှီ" ကျေးရွာ ကို တစ်ယောက်မကျန် သတ်ဖြတ်နှိမ်နင်းခဲ့ကြောင်း၊ စုပေါင်းအဖွဲ့မှာ ပါဝင်တဲ့ "ထန်မိသားစု" ဟာ သက်သေမခိုင်လုံဘဲ ရက်ရက်စက်စက် သတ်ဖြတ်မှုကို သဘောမတူတဲ့အတွက် ပူးပေါင်းအဖွဲ့က နုတ်ထွက်ခဲ့တာကြောင့် သစ္စာဖောက်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ အသက်ရှင်လွတ်မြောက်သွားသူ မိန်းကလေးဟာ "မေဟောက်စွမ်း" ဖြစ်ပြီး သူမ က မိခင်လို့ ထင်မှတ်ထားသူက "နိုထိန်းမိခင်" ဖြစ်ကြောင်း သိရှိလာခဲ့ရပါတော့တယ်။
နှစ်အနည်းငယ်အကြာမှာတော့ "မေဟောက်စွမ်း" ဟာ "ချင်ရှီ" ကျေးရွာတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံချေမှုန်းခဲ့သလို သွေးကြွေးဆပ်ပြီးတဲ့ အခါတိုင်း အနီရောင်ပန်းတစ်ပွင့်ကို ချန်ထားရစ်ခဲ့တာကြောင့် "ပန်းနီမိစ္ဆာမ" အဖြစ် ကျော်ကြားနေစဥ်မှာ "ထန်စံအိမ်" က "ထန်ခက်ထု"၊ "ထန်ခက်ယဲ့" ညီနောင်တို့ကလည်း "မေဟောက်စွမ်း" ကို နောက်ကွယ်က လိုက်လံကူညီပေးခဲ့ကြပါတယ်။
သိုင်းပညာစွမ်းမြင့်မားနေတဲ့ "မေဟောက်စွမ်း" ကို လက်စားချေမှုသံသရာထဲ နစ်မြုပ်ပြီး လမ်းလွဲရောက်မသွားစေဖို့ "ထန်ခက်ယဲ့" နဲ့ သူ့ရဲ့ဆရာဖြစ်သူ "ကြောင်ရသေ့ကြီး" တို့က ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ကြပေမယ့် "မေဟောက်စွမ်း" ကတော့ စုပေါင်းအဖွဲခေါင်းဆောင် "ယွမ်ဝမ်လီ" နောက် တကောက်ကောက် ခြေရာခံလိုက်နေရင်း အဓိက လက်သည်က လင်းယုန်နက် "ဖွမ်ကြွက်" ဆိုသူ ဖြစ်နေတဲ့အခါ ... ။
📚 ၆ အုပ်တွဲ