"စံပိုင်ဆန်း" တောင်မှာ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ မိဘမဲ့သားလေး "ကျိကမ်း" ဟာ စကားတောင် လည်လည်ပတ်ပတ် မပြောတတ်ပေမယ့် ခွန်အားတိုးပွားစေတဲ့ "ဆန်ကျန်" ကောင်ကို စားသုံးခဲ့ရသူဖြစ်တာကြောင့် ကျားမျက်နှာရသေ့ "ဟူလျင့်" က သူ့ရဲ့သွေးကို ဖောက်သောက်ဖို့ ဖမ်းဆီးထားခဲ့ပါတယ်။
ဒါပေမဲ့ "ကျိကမ်း" ဟာ အကျဥ်းခန်းထဲက ထွက်ပြေးလွတ်မြောက်ခဲ့သလို "ဟူလျင့်" ရဲ့ ပြိုင်ဘက်ဖြစ်သူ အမတ်ချုပ်ကြီး "တြိတဆွဲ" ရဲ့ ဖမ်းဆီးမှုကိုလည်း ထပ်မံခံခဲ့ရပေမယ့် "တြိတဆွဲ" ရဲ့သမီးဖြစ်သူ သခင်မလေး "ရှောင်အင်း" ရဲ့ အကူအညီနဲ့ ထပ်မံလွတ်မြောက်ခဲ့ပြီး နောက်ဆုံးမှာတော့ သိုင်းဆရာကြီး "မင်ကျိုချိ" ရဲ့ တပည့်ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် "ကျိကမ်း" ဟာ "မင်စာလေးကောင်" ရဲ့လက်ချက်နဲ့ သေလုမျောပါးဖြစ်နေတဲ့ သိုင်းဆရာကြီး "ထဲဆင်ရှုချိုင်" နဲ့ "တောက်တဲ့ဇရပ်" မှာဆုံဆည်းမိခဲ့တဲ့အတွက် "ကြင်းဆန်စီ" နတ်ဘုရားကျောင်းမှာ ထိန်းသိမ်းထားတဲ့ အဖိုးတန် "နာဂါဓိပတိဗျူဟာ" သိုင်းကျမ်းအကြောင်း သိခွင့်ရခဲ့ပြီး သိုင်းကျမ်းသေတ္တာသော့ ၇ ချောင်း ရှိတဲ့အနက် ၅ ချောင်းကို ရရှိခဲ့သလို "ကြင်းဆန်စီ" နတ်ဘုရားကျောင်း က သိုင်းဆရာကြီး "ပိုင်မေ" ထံက စာပေပညာနဲ့ သိုင်းပညာတွေလည်း သင်ယူတတ်မြောက်ခဲ့ပြန်ပါတယ်။
သိုင်းပညာထက်မြက်လာတဲ့ "ကျိကမ်း" ဟာ မန်ချူးတော်လှန်ရေး အဖွဲတစ်ခုဖြစ်တဲ့ "ဆန်ဝေ" အဖွဲ့က "ခုန်ဖဟွာ"၊ "ခုန်စာဟွာ" ညီအကိုရဲ့ မနာလိုမှုကို ခံရပေမယ့် ညီမဖြစ်သူ "ခုန်ရှုဟွာ" က ကြားဝင်ဖြေရှင်းပေးခဲ့တဲ့အတွက် ပြေလည်သွားခဲ့ပြီး တချိန်က ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးသူ မိန်းကလေး "တုံဖန်ယွန်" ကိုလည်း အာဃာတမထားဘဲ အကြိမ်ကြိမ်ကူညီပေးခဲ့တာကြောင့် သူတို့နှစ်ဦးဟာ မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ "ကျိကမ်း" ဟာ ငယ်စဥ်က သူ့ကို ကူညီခဲ့ဖူးသူ သခင်မလေး "ရှောင်အင်း" နဲ့ ပြန်လည်ဆုံဆည်းခဲ့ပြီး မန်ချူးဘုရင်ကို တော်လှန်နေတဲ့ မျိုးချစ်သိုင်းသမားတွေရဲ့ အမည်စာရင်းကို သိုဝှက်ထားတဲ့ "လက်တစ်ဖက်ပြတ်မယ်တော်" ရုပ်တုကို နေပြည်တော်ကို ပို့ဆောင်ပေးဖို့ ကူညီပေးခဲ့ရာက တော်လှန်ရေးသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရပါတယ်။
စိတ်ထားကောင်းတဲ့ "ကျိကမ်း" ဟာ သိုင်းလောကမှာ ကျင်လည်ရင်း သိုင်းသမားကြီး "ထရံလျှံ" နဲ့ မိတ်ဆွေဖြစ်ခဲ့တာကြောင့် သူ့ရဲ့ငယ်စဥ်ဘဝနဲ့ မိဘတွေရဲ့အကြောင်းကို သိလာခဲ့ရသလို ပင်လယ်ဓါးပြ ဖြစ်နေတဲ့ "ချိုစစ်ယင်" ကိုလည်း ဒုစရိုက်လောကထဲက ဆွဲထုတ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ "ဆန်ဝေ" မန်ချူးတော်လှန်ရေးအဖွဲရဲ့ ခေါင်းဆောင်ဖြစ်လာသူ "ကျိကမ်း" ဟာ နန်းတွင်းရေးမှာပါ ပါဝင်လာခဲ့ရပြီး မန်ချူးဘုရင်က သိမ်းပိုက်ထားတဲ့ တရုတ်မိဖုရားကြီး "ပိုင်" ရဲ့ သားတော် နဲ့ သမီးတော်တို့ကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့သလို "နာဂါဓိပတိဗျူဟာ" သိုင်းကျမ်းကြီးကိုရဖို့အတွက်လည်း "ဟွာရှအစ်ခေ"၊ "တြိတဆွဲ" တို့လို မန်ချူးသစ္စာခံတွေနဲ့ ရင်ဆိုင် ယှဥ်ပြိုင်ရတဲ့အခါမှာတော့ ... ။
📚 ၂ အုပ်တွဲ