ငယ်စဥ်ကတည်းက အတွင်းဒဏ်ရာရနေခဲ့တဲ့ ကဗျာဆရာလေး "ရှောင်လိန်" ဟာ အိမ်ထိန်းကြီး "ရှောင်ဟုတ်" နဲ့အတူ နေထိုင်ရင်း ဒဏ်ရာရလာတဲ့ အမျိုးသမီးကြီး "ရင်မေ" ကို ကယ်တင်မိခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် "ရင်မေ" ကို လိုက်ရှာနေတဲ့ သမီးဖြစ်သူ "ဟိုရှောက်ချိုင်း" ကိုလည်း ကယ်တင်မိခဲ့တာကြောင့် "လူထူးဆန်း ၁၀ ယောက်" ရဲ့ ထိပ်တန်းသိုင်းပညာရပ်တွေ သိမ်းဆည်းထားရာ "အပယ်ခံနန်းတော်" နဲ့ ပတ်သက်လာခဲ့ရပြီး သိုင်းပညာမတတ်ပါဘဲ သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ပါဝင်လာခဲ့ရပါတယ်။
"ရင်မေ" သေဆုံးသွားပြီးနောက် "ရှောင်လိန်" နဲ့ "ဟိုရှောက်ချိုင်း" တိုဟာ "ရင်မေ" ရဲ့ အရိုးအိုးကို "စန်းဟူးတောင်ကြား" က ပညာသင်ဘက် အစ်ကို "လူထူးဆန်းဓါးသမား" ဆီ ပို့ဆောင်ပေးနေစဥ် မင်းသားလေး "လန်းယိုထန်း" ဦးဆောင်တဲ့ "ကျွန်းခုနစ်ကျွန်း" အဖွဲ၊ "အိယန်းကျူ" ဦးဆောင်တဲ့ "ဝူတန်ဂိုဏ်း"၊ ကုန်သည်ပွဲစားသိုင်းသမားတွေဖြစ်တဲ့ "ရှမ်းပ" နဲ့ "တုကျူ"၊ "ဇင်ဖုန်းဂိုဏ်း" က "လေးထောင့်" နဲ့ "အဝိုင်း" တို့က "အပယ်ခံနန်းတော်"ကို ဖွင့်နိုင်တဲ့ "သော့" ကို ရယူဖို ကြိုးစားခဲ့ကြပါတယ်။
ဒါကြောင့် သူတိုနှစ်ဦးဟာ ရန်သူတွေရဲ့ရန်က လွတ်အောင်ကြိုးစားရင်း "ရှောင်လိန်" တစ်ယောက် ချောက်ထဲပြုတ်ကျသွားခဲ့သလို "ဟိုရှောက်ချိုင်း" လည်း "ကျွန်းခုနစ်ကျွန်း" က "ကျင်းဝါးဒေဝီ" ရဲ့လက်ချက်နဲ့ မျက်စိကွယ်သွားခဲ့ပါတယ်။
ဒါပေမဲ့ "ရှောင်လိန်" က အသက်မသေခဲ့ဘဲ မှိုတွေစားမိတဲ့အတွက် အတွင်းအားတိုးလာတဲ့အပြင် "မုတ်ဆိတ်ဖြူသိုင်းသမား"၊ "စာပေသိုင်းသမား" နဲ့ "ရိုယင်းကူ" တို့ဆီက သိုင်းပညာအမွေရခဲ့သလို "ဟိုရှောက်ချိုင်း" ဟာလည်း "ကျင်းဝါးဒေဝီ" ရဲ့ ပြန်လည်ကယ်တင်ပေးမှုကြောင့် မျက်စိ ပြန်မြင်လာရပြီး မင်းသားလေး "လန်းယိုထန်း" ရဲ့ ချစ်ကြိုက်မှုကိုပါ ရရှိခဲ့ပါတယ်။
အဲဒီနောက် "ရှောင်လိန်" နဲ့ "ဟိုရှောက်ချိုင်း" တို့ဟာ "အပယ်ခံနန်းတော်သော့" ကိုရှာဖွေဖို့ "နဂါးရေတံခွန်" ကို အသီးသီး ဦးတည်သွားနေကြစဥ် သိုင်းလောကကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ လျှို့ဝှက်အဖွဲက "ဝတ်စုံနီ မျက်နှာဖုံးရှင်" ရဲ့ တိုက်ခိုက်မှုကြောင့် "ရှောင်လိန်" ဒဏ်ရာရရှိပြီး အချုပ်အနှောင် ခံခဲ့ရပေမယ့် သူ့ကို ချစ်နေတဲ့ "မြောက်ပင်လယ်ကျွန်း" က သိုင်းရာဇာ "ပေလီရှောင်" ရဲ့ မြေး "ပေ့လီပင်း" က အကြိမ်ကြိမ် ကယ်တင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ရှောင်လိန်" နဲ့ "ဟိုရှောက်ချိုင်း" တို့ဟာ "သော့" ကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် "အပယ်ခံနန်းတော်" ကို ရှာမတွေ့သေးဘဲရှိနေချိန်မှာ "လျှို့ဝှက်အဖွဲ့" ကလည်း "သော့" ကို လုယူဖို့ ကြိုးပမ်းလာတာကြောင့် သိုင်းလောက မဟာမိတ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး "လျှို့ဝှက်အဖွဲ့" ကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ "ပန်းတစ်ရာတောင်ကုန်း" ပိုင်ရှင် "ဆင်းမုဖုံး" နဲ့ ပူးပေါင်းမိရာက "အပယ်ခံနန်းတော်" ကိုအသုံးချပြီး သိုင်းလောကမှာ အရှုပ်အထွေးတွေဖြစ်လာအောင် အကွက်ချ ကြိုးကိုင် ကြံစည်သူကို သိလာရတဲ့အခါ ... ။
("မိုးကျော်သူ" ရဲ့ "အပယ်ခံနန်းတော်၏ လျှို့ဝှက်ချက်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဘုန်းကြွယ်" ရဲ့ "ကဝိဆယ်ဦး သိုင်းကျမ်းထူး"၊ ၃ အုပ်တွဲ သိုင်းစာစဥ် နဲ့ ဇာတ်ကောင်နာမည်တွေကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။ "ကဝိဆယ်ဦး သိုင်းကျမ်းထူး" ကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "အပယ်ခံနန်းတော်၏ လျှို့ဝှက်ချက်" ကိုတော့ ၁၉၈၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်)
📚 ၄ ပိုင်း (၂ အုပ်တွဲ)