အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"မြောင်ဒေသ" မှာ စော်ဘွားမျိုးနွယ် အချင်းချင်း အာဏာလုပွဲတွေ ဖြစ်ပေါ်လာတဲ့အတွက် သတ်ဖြတ်မှုတွေကို စိတ်ကုန်လာတဲ့ စော်ဘွားကြီးတစ်ယောက်ဟာ နောက်လိုက်တပည့် အနည်းငယ်ခေါ်ဆောင်ပြီး "ကျောက်သံပတ္တမြား" တွေနဲ့အတူ တရုတ်ပြည်မကို ထွက်ခွာလာခဲ့ကြပါတယ်။
လမ်းခရီးမှာ "ကျောက်သံပတ္တမြား" တွေကို ဓါးပြအဖွဲ့တွေက လုယူဖို့ ကြိုးစားကြတာကြောင့် ပြန်လည်ခုခံ သတ်ဖြတ်ခဲ့ရာက လောဘသားတချို့က "မြောင်စော်ဘွားကြီး" တို့လူစုကို "နယ်ခြားဒေသ ကျူးကျော်သူ" တွေအဖြစ် နာမည်ဖျက် သွေးထိုးခဲ့ကြတဲ့အတွက် သိုင်းလောကသားတွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကာ နှစ်ဖက်သေဆုံးထိခိုက်ခဲ့ရပါတယ်။
အဲဒီနောက် "မြောင်စော်ဘွားကြီး" နဲ့ လက်ရုံးတပည့် တချို့ဟာ တောတွင်းတစ်နေရာမှာ ခြေရာဖျောက်ပြီး ဇာတ်မြှုပ်နေထိုင်ခဲ့ကြပေမယ့် စခန်းတည်ဆောက်ရာမှာ ငှားရမ်းခဲ့တဲ့ လက်သမား ၃ ယောက်က စော်ဘွားကြီးရဲ့ "ကျောက်သံပတ္တမြား" တွေကို ခိုးယူထွက်ပြေးသွားခဲ့ကြပါတယ်။
အနှစ် ၂၀ ကျော်ကြာခဲ့ပြီးနောက် သိုင်းသမား "ဝေထင်း" ရဲ့သား "ဝေဖုန်း" ဟာ တောအုပ်ထဲက ခြံဝန်းတစ်ခုထဲ ဝင်ရောက်ပျောက်ဆုံးသွားတဲ့ ဖခင်ကို ခြေရာခံ ရှာဖွေရင်း အမှန်တရားကို မြတ်နိုးသူ နာမည်ကျော်သိုင်းသမား "ဆင့်ဆင့်အိ" နဲ့ ဆုံတွေ့သိကျွမ်းခဲ့ရသလို သူ့လိုပဲ ဖခင်တွေ ပျောက်ဆုံးသွားကြတဲ့ မိန်းကလေး "မေယိုစွမ်း"၊ "ဖန်ကင်း" တို့နဲ့လည်း သိကျွမ်းခင်မင်ခဲ့ပါတယ်။
သူတိုရဲ့ ဖခင်တွေ ပျောက်ဆုံးသွားမှုကို စိတ်ဝင်စားနေတဲ့ "ဆင့်ဆင့်အိ" က ခြံဝန်းထဲ အကြိမ်ကြိမ်ခိုးဝင် စုံစမ်းကြည့်ရာက တချိန်က နာမည်ကြီးခဲ့တဲ့ "သွေးလင်းနိုဂိုဏ်း" က "ထင်မော်"၊ မျက်နှာမဲ့ "ဝူးလျှံ"၊ မျက်လုံးမဲ့ "ဝူးဘူး" တို့ကို တွေ့ရှိခဲ့ရပြီးနောက် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ ... ။
📚၂ အုပ်တွဲ