သိုင်းပညာ ထူးချွန်သလို စွန့်စားရတာကိုမှ ဝါသနာပါသူ နာမည်ကျော် ဇာတ်ကောင် ပိုးဟပ်ဖြူ "ချူလျှူရှမ်း" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။
"ခွက်မောက်" ကျေးရွာပိုင်ရှင် "ကျိုကျင်းဟို"၊ "စုမိသားစု" ကျေးရွာပိုင်ရှင် "စုအိရင်း"၊ "စီးမိသားစု" ကျေးရွာပိုင်ရှင် "စီးဟောက်လျှံ" တိုဟာ အချင်းချင်း မသင့်မြတ်သူတွေဖြစ်ပြီး "ကျိုကျင်းဟို" ရဲ့သမီး "ကျိုမိန်ကြူး" နဲ့ "စီးဟောက်လျှံ" ရဲ့သမီး "စီးအင်း" တို့ တပြိုင်နက် နေမကောင်းဖြစ်ကာ သေဆုံးသွားကြပြီးနောက် "စီးအင်း" ရဲ့ ဝိညာဥ်ဟာ "ကျိုမိန်ကြူး" ရဲ့ ရုပ်ခန္ဓာထဲ ရောက်ရှိလာတဲ့အတွက် ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြသနာနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဒါကြောင့် "ကျိုကျင်းဟို" ရဲ့ မိတ်ဆွေဖြစ်တဲ့ "ချူလျှူရှမ်း" တစ်ယောက် ဒီပြသနာကို အဖြေရှာဖို အပြင်းအထန် စုံစမ်းရင်း သင်္ချိုင်းမှာ မြှုပ်နှံထားတဲ့ "ရှုဟုန်း" အမည်ရှိ မိန်းကလေးတစ်ဦးရဲ့ အလောင်းပျောက်ဆုံးသွားမှုကို မသင်္ကာဖြစ်မိတဲ့အတွက် "စီးအင်း" ရဲ့ အလောင်းကို လျှို့ဝှက်စစ်ဆေးကြည့်တဲ့အခါ "စီးအင်း" မဟုတ်ဘဲ ရုပ်ဖျက်ထားတဲ့ "ရှုဟုန်း" ဖြစ်နေတာကို သိလိုက်ရပါတယ်။
ဒီလိုနဲ့ "ချူလျှူရှမ်း" ဟာ သဲလွန်စ ကွင်းဆက်တွေကို စုစည်း ရှာဖွေရင်း တကယ်မသေဘဲ လူစားထိုး တိမ်းရှောင်နေတဲ့ "စီးမိသားစု" သခင်မလေး "စီးအင်း"၊ အညတရ ဇာတ်သမားလေး "ယဲ့စိမ်းလန်"၊ "စုမိသားစု" သခင်လေး "စုဝူး"၊ "ကျိုမိသားစု" သခင်မလေး "ကျိုမိန်ကြူး" တို့ရဲ့ လေးပွင့်ဆိုင် မေတ္တာဇာတ်လမ်းတွေနဲ့ နှစ်ပေါင်းများစွာ ဇာတ်မြှုပ်နေတဲ့ "ကြေးစားလူသတ်အဖွဲ့ ခေါင်းဆောင်" ကို ဖော်ထုတ်နိုင်ခဲ့ပြီး "ကျို၊ စု၊ စီး" မိသားစုတွေရဲ့ ရန်ငြိုးတွေကိုလည်း ပြေပျောက်စေခဲ့ပါတယ်။
အဲဒီနောက် တာဝန်ပြီးဆုံးသွားတဲ့ ပိုးဟပ်ဖြူ "ချူလျှူရှမ်း" တစ်ယောက် သူ့ရဲ့ချစ်သူ "ရှုယင်း" နဲ့ သာသာယာယာ အနားယူဖို့ ကြံရွယ်နေစဥ်မှာပဲ သူငယ်ချင်းဖြစ်သူ အရက်အိုး "ဝူးထိဝါး" ရောက်လာပြီး သိုင်းလောကကို ချုပ်ကိုင်ဖို့ကြိုးစားနေတဲ့ "လင်းနို့သခင်လေး" ကို ဖော်ထုတ် နှိမ်နင်းပေးဖို့ ခေါ်ဆောင်သွားတဲ့အတွက် "ချူလျှူရှမ်း" ဟာ ပြသနာအသစ်တစ်ခုနဲ့ ဆက်လက်ရင်ဆိုင်ရပြန်ပါတယ်။
ပိုးဟပ်ဖြူ "ချူလျှူရှမ်း"၊ အရက်အိုး "ဝူးထိဝါး"၊ ပိုက်ကွန် "ချန်းစန်း"၊ ဝေလငါး ဂိုဏ်းချုပ် "ဟိုက်ခိုးထင်း"၊ သက်တော်ရှည်ဥယျာဥ် သခင်မလေး "ကျင်းလင်ကြည်"၊ လင်းနိုကျွန်းသား "တင်းဖုံး"၊ အနက်ရောင် သေတ္တာပိုင်ရှင် "ကျူချန်း"၊ တကိုယ်တော် ပင်လယ်ဓါးပြ "ရှန့်ထင်းဖေ့"၊ အကျည်းတန်သိုင်းသမား "ကုန်းစွန်းရန်တို" နဲ့ လှေထိုးသား "ဖယောင်းတိုင်" တို့ လူတစ်သိုက်ဟာ ရွက်လှေတစ်စီးနဲ့ "လင်းနို့ကျွန်း" ကို ထွက်ခွာလာရင်း အမည်မသိ လူသတ်ကောင်ရဲ့ လက်ချက်နဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် အငြိမ်မနေနိုင်တဲ့ "ချူလျှူရှမ်း" ဟာ သူ့ရဲ့အကျင့်အတိုင်း လူသတ်ကောင်ကို စုံစမ်းဖော်ထုတ်ခဲ့ရာမှာ ရွက်လှေပေါ်ပါ လူတွေအထဲ "လူသတ်သမား တစ်ယောက်"၊ "ဝရမ်းပြေးဓားပြ တစ်ယောက်" နဲ့ "ထောက်လှမ်းရေးမှူး တစ်ယောက်" ကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ရွက်လှေလည်း ပေါက်ကွဲပျက်စီးသွားတဲ့အတွက် နောက်ဆုံးအသက်ရှင် ကျန်ရစ်သူ ၆ ဦးဟာ ခေါင်းတစ်လုံးစီကို လှေအဖြစ်စီးရင်း ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။
ကံကောင်းထောက်မစွာ "ချူလျှူရှမ်း" တို လူစုကို "ဝူကျင်းကျေးရွာ" သခင်လေး မျက်မမြင် "ဝမ်းဆွေယင်း" က တွေ့ရှိကယ်တင်ခဲ့ပြီးနောက် "ဝမ်းဆွေယင်း" ရဲ့ ရွက်လှေနဲ့ "လင်းနိုကျွန်း" ကို ခရီးဆက်ခဲ့ကြစဥ် ရွက်လှေပေါ် လိုက်ပါလာတဲ့ "ဝါဆန်း" ဂိုဏ်းချုပ် သီလရှင် "ကုမေ" လုပ်ကြံခံခဲ့ရသလို လှေထိုးသား "ဖယောင်းတိုင်" လည်း သေဆုံးသွားခဲ့ပါတယ်။
တကယ်တော့ "လျှို့ဝှက်ကျွန်း" လို ခေါ်ကြတဲ့ "လင်းနို့ကျွန်း" ဟာ သိုင်းလောကသားတွေရဲ့ "အဆင့်မြင့် သိုင်းပညာ"၊ "အထူး လျှို့ဝှက်ချက်"၊ "အဖိုးတန် ပစ္စည်း" စတဲ့အရာတွေကို နှစ်စဥ် လေလံတင်ရောင်းချနေတဲ့ နေရာတစ်ခုဖြစ်ပြီး သီလရှင် "ကုမေ" ရဲ့ မူပိုင်သိုင်းကွက် ၁၃ ကွက်ဟာလည်း လေလံပွဲမှာ ရောင်းချခံခဲ့ရတဲ့အတွက် ရောင်းချသူကို စုံစမ်းဖို့ လာရောက်ရင်း လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ "လင်းနို့ကျွန်း" ပေါ် ရောက်ချိန်မှာ "ချူလျှူရှမ်း" တို့ လူစုဟာ "လင်းနို့သခင်လေး" ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး အဖိုးတန်လူသားတွေအဖြစ် လေလံတင် ရောင်းချခြင်း ခံခဲ့ကြရပေမယ့်လည်း ဉာဏ်ကောင်းလွန်းသူ "ချူလျှူရှမ်း" ရဲ့ လှည့်ကွက်တွေကို "လင်းနို့သခင်လေး" တို့ မယှဥ်နိုင်တဲ့အခါ ... ။
( "မိုးကျော်သူ" ရဲ့ "သေရွာမှပြန်လာသော မိန်းကလေး" သိုင်းစာစဥ်တွဲဟာ စာစဥ်တစ်ပိုင်းချင်းစီမှာ ဇာတ်လမ်းတစ်မျိုးစီပါဝင်တဲ့ သိုင်းစာစဥ်အမျိုးအစားဖြစ်ပြီး အခုစာစဥ်တွဲမှာတော့ စာစဥ် ၃ ပိုင်း၊ ဇာတ်လမ်း ၃ မျိုး ပါဝင်ပါတယ်)
📚 ၃ အုပ်တွဲ