"ကျားမာန်အာမခံဌာန" ဟာ "ပီကင်းမြို့" က မြို့တော်ဝန်ဟောင်း "လျူ"၊ သမီးဖြစ်သူ "လျူဝမ်းအော့" တို့မိသားစုနဲ့ သိုးကျောင်းသားနဲ့ သိုးတွေပုံ ပါဝင်တဲ့ ပန်းချီကားတစ်ချပ်ကို "ခိုင်ဖုန်းမြို့" က နယ်စားကြီး "ချီကေ့ကျုံး" စံအိမ်ဆီ အရောက်ပို့ဆောင်ပေးဖို့ အလုပ်လက်ခံလိုက်ပြီးကတည်းက လာရောက်လုယက်တဲ့ သိုင်းလောကသားပေါင်းစုံနဲ့ မနားတမ်း ရင်ဆိုင်ရပါတော့တယ်။
ဌာနမှူး "ကွမ်းကျုံးရုပ်" နဲ့ ဒုဌာနမှူး "ဖန်းကျင်းရှမ်း"တို့ ဦးဆောင်တဲ့ "ကျားမာန်အာမခံဌာန" ဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း "ခိုင်ဖုန်းမြို့" က နယ်စားကြီး "ချီ" ထံ အရောက်ပို့ပေးနိုင်ခဲ့ပေမယ့် "သိုးပန်းချီ" ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပေးဖို့ "နယ်စားကြီး" က ဆက်လက်အကူအညီတောင်းတဲ့အတွက် "ကွမ်းကျုံးရုပ်" တို့လည်း အရှုပ်အထွေးတွေကြားမှာ ဆက်လက်ပါဝင်နေခဲ့ရပြန်ပါတယ်။
"ရတနာသိုက်မြေပုံ" အပြင် "လျှို့ဝှက်သိုင်းကွက်" တွေပါ ပါဝင်ကြောင်း သတင်းကြီးနေတဲ့ "သိုးပန်းချီ" ရဲ့အကြောင်းက သိုင်းလောကထဲ ပျံ့နှံ့နေတာကြောင့် သိုင်းလောဘသားတွေဟာ "ခိုင်ဖုန်းမြို" ကို တဖွဲဖွဲရောက်လာကြပြီး တိုက်ခိုက်လုယက်ဖို့ ကြိုးစားကြပါတယ်။
နယ်စားဂေဟာ တာဝန်ခံသိုင်းသမား "ဆင်းပေတု" နဲ့ ကျားမာန် အာမခံဌာနမှူး "ကွမ်းကျုံးရုပ်" တို့ ပူးပေါင်းပြီး "သိုးပန်းချီ" ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပေမယ့် အနက်ရောင်သိုင်းလောက ထိပ်သီး "ကျိထင်းကျင်း" ကိုယ်တိုင် နောက်လိုက်အင်အား အများအပြားနဲ့ လာရောက်တိုက်ခိုက်တဲ့အခါ "ကွမ်းကျုံးရုပ်" တို့ အခက်တွေ့ခဲ့ကြရပါတယ်။
ဒါပေမဲ့ "နဂါးပတ်အလံ" ပိုင်ရှင်ရဲ့ တပည့်တွေဖြစ်ကြတဲ့ လူငယ်လေး "ထိမုံချူး" နဲ့ မိန်းကလေး "လျူဝမ်းအော့"၊ သိုင်းပညာထက်မြက်သလောက် ဉာဏ်များလွန်းတဲ့ မင်းသားလေး "ကပ်ဟိုလျန်"၊ "ရှစ်ကွက်အင်းဂိုဏ်းချုပ်" အဖြစ် အတိတ်က နာမည်ဆိုးကို ပြန်အဖတ်ဆည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး "လန်းရှောက်ရွက်" တို့က နယ်စားကြီးတို့အဖွဲ့ကို လာရောက်ဝန်းရံပေးခဲ့ကြတာကြောင့် "သိုးပန်းချီ" လုပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ... ။
("မိုးကျော်သူ" ရဲ့ "သိုးပန်းချီနှင့်သိုင်းဒေဝီ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်ဟာ မိုးကျော်သူပဲ ဘာသာပြန်ဆိုထားတဲ့ "မြူနှင်းတိုက်ပွဲ"၊ ၄ အုပ်တွဲ စာစဥ်၊ "တက္ကသိုလ် နေလင်းအောင်" ရဲ့ "ဓါးတစ်ရာ ကြွေပန်းချီ"၊ ၄ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အခြေခံဇာတ်လမ်းကျောရိုး အတူတူပဲ ဖြစ်ပါတယ်။
"သိုးပန်းချီနှင့်သိုင်းဒေဝီ" ကို ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ်၊ "မြူနှင်းတိုက်ပွဲ" ကို ၂၀၀၃ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး "ဓါးတစ်ရာ ကြွေပန်းချီ" ကိုတော့ ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်။)
📚 ၆ အုပ်တွဲ