အသက်အရွယ်ကြီးရင့်လာချိန်မှာ လေးဖက်နာရောဂါကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ အနားယူနေရသူ စုံစမ်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ မြေခွေးကြီး "ဝူလိပ်" ဟာ သူအနားယူပြီးနောက် ၃ နှစ်အတွင်းပေါ်ပေါက်လာတဲ့ ရာနဲ့ချီတဲ့ ရာဇဝတ်မှုတွေကို သူ့ကိုယ်စား ဖော်ထုတ်ဖို့ လူငယ်လေး "လျူချန်ရဲ့" ကို တာဝန်ပေးခဲ့ပါတယ်။
မြေခွေးကြီး "ဝူလိပ်" ရဲ့ သုံးသပ်ချက်အရ ဒီရာဇဝတ်မှုတွေကို ကျူးလွန်သူဟာ သိုင်းလောက ပထမ "လုံဝူ" ဖြစ်တာကြောင့် "လျူချန်ရဲ့" လည်း "လုံဝူ" ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။
သိုင်းလောက ပထမ "လုံဝူ" ဟာလည်း သိုင်းလောကမှာ ထင်ရှားလှသူတစ်ဦးဖြစ်ပေမယ့် ထူးဆန်းတဲ့ရောဂါတစ်မျိုးခံစားနေရသူဖြစ်ပြီး အဲဒီသတင်း သိုင်းလောကထဲ ပျံ့နှံ့မသွားအောင် ကြိုးစားထိန်းချုပ်နေခဲ့ရသလို အဲဒီရောဂါကို ကုသနိုင်မယ့်ဆေးဝါးကို ဇနီးဟောင်းဖြစ်သူ ကျူစွေဒေဝီ "ချူပိုင်မို" က ခိုးယူထွက်ပြေးသွားတဲ့အခါမှာလည်း ဆေးဘူးပြန်ရဖို့ တိုးတိုးတိတ်တိတ်ပဲ ကြိုးစားနေခဲ့ပါတယ်။
ဆေးဘူးပြန်ယူပေးဖို လက်ခုနစ်ချောင်းလူသတ်သမား "ယုချစ်"၊ စောရဝိဇ္ဇာ "ကုန်းစွမ်းရောက်"နဲ့ ဗလကြီး "စုကျုံ" တို့ကို သိုင်းလောက ပထမ "လုံဝူ" က ဖိတ်ခေါ်စေခိုင်းတဲ့အခါ အခွင့်အရေးစောင့်ဆိုင်းနေတဲ့ "လျူချန်ရဲ့" က ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး သူတို ၃ ယောက်အစား အဲဒီတာဝန်ကို လက်လွှဲယူခဲ့ပါတယ်။
အဲဒီနောက် မြေခွေးကြီး "ဝူလိပ်" ရဲ့သမီး "ဝူရွက်အော့" နဲ့ "လျူချန်ရဲ့" တို့ဟာ "လုံဝူ" ရဲ့ ယုံကြည်မှုကိုရဖို့ ကြံစည်ကြိုးစားခဲ့ကြပြီး အခက်အခဲတွေကြားမှာ ကျူစွေဒေဝီ "ချူပိုင်မို" ဆီက ဆေးဘူးကို အရခိုးယူနိုင်ခဲ့ပေမယ့် ဆေးအစား အဆိပ်တွေဖြစ်နေခဲ့သလို မြေခွေးကြီး "ဝူလိပ်"၊ သိုင်းလောက ပထမ "လုံဝူ" နဲ့ ကျူစွေဒေဝီ "ချူပိုင်မို" တို့ကြားက လှည့်ကွက်မျိုးစုံဟာလည်း တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ ... ။
("မိုးကျော်သူ" ရဲ့ "လမ်းမရှည်အမည်ရှိသောလူ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "Hotrod" ရဲ့ "လူသတ်သမားခုနစ်ယောက်" စာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "လမ်းမရှည်အမည်ရှိသောလူ" ကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "လူသတ်သမားခုနစ်ယောက်" ကိုတော့ ၂၀၁၄ ခုနှစ်က Myanmar Cupid မှာ တင်ခဲ့တာဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ