ရှောင်လင်ကျောင်း က "တယ်ကျောင်း" ဆရာတော် ဟာ ရန်သူတွေလက်ချက်နဲ့ အပြင်းအထန် ဒဏ်ရာရခဲ့တာကြောင့် သူယူလာတဲ့ "တံဆိပ်ပြား" ကို အနီးမှာတွေ့ရတဲ့ တစ်ကောင်ကြွက် ကလေးငယ် "ကျန်းကျင်းပေါင်" လက်ထဲအပ်ပြီး သူ့ဆရာရင်း "ပုရှိ ဆရာတော်" ထံ ပိုပေးဖို့ အကူအညီတောင်းခဲ့တဲ့အတွက် "ကျန်းကျင်းပေါင်" တစ်ယောက် "ရှောင်လင်ကျောင်း" ကိုရောက်လာခဲ့ပြီးနောက် "ပုရှိဆရာတော်" ရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်တော်မူပြီးတဲ့နောက် "ရတနာမြေပုံသင်္ကန်းစ" ပျောက်ဆုံးသွားမှုကို အကြောင်းပြပြီး သစ္စာဖောက် "ပုကျိဆရာတော်" က ဝါစဥ်ကြီး "ပုရှိဆရာတော်" ကို လုပ်ကြံဖယ်ရှားကာ ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့တဲ့အတွက် "ပုရှိဆရာတော်" ဟာ သူလုပ်ကြံမခံရမီ "ဆပွားလက်ဝါး" သိုင်းပညာနဲ့ ရတနာသိုက်မြေပုံတစ်ခြမ်းကို "ကျန်းကျင်းပေါင်" ကို အလွတ်ကျက်မှတ်စေခဲ့ပြီး "တယ်ကျောင်း"၊ မိဘမဲ့ မိန်းကလေး "ရှောင်လျှံ" တို့နဲ့အတူ ထွက်ပြေးစေခဲ့ပါတယ်။
၁၀ နှစ်ကျော်ကြာလာတဲ့အထိ "ကျန်းကျင်းပေါင်" တိုဟာ "ပုရှိဆရာတော်" ကို လုပ်ကြံသူ တရားခံနဲ့ ပျောက်ဆုံးသွားတဲ့ "ရတနာမြေပုံသင်္ကန်းစ" ကို ရှာမတွေ့သေးဘဲ ရှိနေချိန်မှာ "ကျန်းကျင်းပေါင်" ရဲ့ ကျောင်းနေဖက် သူငယ်ချင်း "ရန်ကွေ့စန်း" ဟာလည်း ရှောင်လင်ကျောင်းထဲ ခိုးဝင်လာသူကို ရှာဖွေဖို သိုင်းလောကထဲဆင်းလာရင်း "ကျန်းကျင်းပေါင်" နဲ့ ပြန်တွေ့ခဲ့သလို "မွေးစုဂေဟာ" က "ကန္တာရစော်ဘွားကြီး" ရဲ့ သမီး "ယန်းကျိ"၊ "ဟွမ်ကျားပေါင်ရဲတိုက်" က သခင်မလေး "ဟွမ်းကျန်းဖိ" တိုနဲ့ "ကျန်းကျင်းပေါင်" တို့အုပ်စု အဖွဲကျခဲ့ပါတယ်။
သူတိုတွေဟာ စုံစမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် "ပုရှိဆရာတော်" ကို လုပ်ကြံပြီး ရတနာသိုက်မြေပုံတစ်ခြမ်း ခိုးယူမှုကို "ဟွမ်ကျားပေါင်" ရဲတိုက်မှူး "ဟွမ်းရှမ်း" နဲ့ ရှောင်လင်ကျောင်းထိုင် "ပုကျိဆရာတော်" တို ပူးပေါင်းကြံစည်ခဲ့မှန်း သိလာရပေမယ့် "ဟွမ်းရှမ်း" က "ဆပွားလက်ဝါး" သိုင်းပညာနဲ့ ရတနာသိုက်မြေပုံကို မရခဲ့တဲ့အတွက် စိတ်နာပြီး ဘက်ပြောင်းလာတဲ့ "တယ်ကျောင်း"၊ "သွေးဓါး" တိုနဲ့ ပူးပေါင်းကာ သဲကန္တာရထဲက ရတနာတွေကို ရှာဖွေဖို ကြိုးစားလာတဲ့အခါ ... ။
(ဒီစာစဥ်ဟာ "ထိုက်ကျိ" သိုင်းပညာကို တီထွင်သူ "ကျန်းစန်းဖုန်း" အကြောင်း ရေးသားထားတဲ့ စာစဥ်တွေထဲက တစ်ခုဖြစ်ပါတယ်။ "ကျန်းစန်းဖုန်း" ရဲ့ ဘဝဖြစ်စဥ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေလည်း အများအပြားရှိပြီး "ထိုက်ကျိမာစတာ"၊ "ဝူတန်သိုင်းဆိုတာ ဒီလို"၊ "ရှောင်လင်မင်းသားလေး"၊ "ထိုက်ကျိသူရဲကောင်း" စတဲ့ ဇာတ်ကားတွေကို သိုင်းလောကသားတွေ ကြည့်ဖူးကြပါလိမ့်မယ်။ "နဂါးနိုင်ဓါး" လို သမိုင်းနောက်ခံဝတ္ထုတွေမှာလည်း "ကျန်းစန်းဖုန်း" ဟာ အနည်းအကျဥ်းပဲဖြစ်ဖြစ် မပါမဖြစ် ပါဝင်ခဲ့ပါတယ်။
"တက္ကသိုလ်သီဟအောင်" ရဲ့ "မိစ္ဆာရိုင်းနှင့် ထိုက်ကျိသိုင်း" စာစဥ်တွဲဟာလည်း "ကျန်းစန်းဖုန်း" အကြောင်း ရေးသားထားတဲ့ စာစဥ်တစ်ခုဖြစ်ပြီး "ဘုန်းကြွယ်" ရဲ့ "ထိုက်ကျိသိုင်းသမား"၊ "နန္ဒကျော်သူ" ရဲ့ "ထိုက်ကျိလက်ဝါး ထိုက်ကျိဓါး" စာစဥ်တွေကတော့ "ကျန်းစန်းဖုန်း" ရဲ့ မျိုးဆက်တွေ ["နဂါးနိုင်ဓါး" စာစဥ်ထဲက "ကျန်းဝူကျိ" တို့ မျိုးဆက်မဟုတ်] အကြောင်း ဖြစ်ပါတယ်။)
📚၆ အုပ်တွဲ