သိုင်းရာဇာ "ချူးကျန့်"၊ မီးအိမ်ဂိုဏ်းချုပ် "ရှောင်စန်းကျိ"၊ ဓါးသမား "ကွမ်းကြုံးရှာ"၊ မြင်းဖြူ "ရှောင်ဖုန်း"၊ ကြယ်ကြွေသိုင်းသမား "မင်းဟုန်"၊ သမားတော် "လင်း"နဲ့ လှံမင်းသား "လူစီး" တို့ဟာ "သွေးသောက်ခုနစ်ယောက်" အဖြစ် သိုင်းလောကမှာ ကျင်လည်ရင်း မကောင်းသူကယ် ကောင်းသူကယ်ခဲ့ကြပေမယ့် လင်းနို့ဘုရင် "မိုးပူးဝါး" အပေါ် အမှားကျူးလွန်မိခဲ့ကြပါတယ်။
လင်းနို့ဘုရင် "မိုးပူးဝါး" ဟာ အနက်ရောင်သိုင်းသမားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ နောင်တရမိတဲ့အတွက် "လင်းနို့ကျောက်တန်း" မှာ ဇာတ်မြှုပ်နေထိုင်ခဲ့သူဖြစ်ပြီး "သွေးသောက်ခုနစ်ယောက်" အဖွဲ့ဟာ "မိုးပူးဝါး" ကို လူကောင်းအဖြစ် အမှားပြင်ဆင်ခွင့် မပေးခဲ့တဲ့အပြင် အိပ်ရာထဲလဲနေတဲ့ "မိုးပူးဝါး" ရဲ့ ဇနီးပါမချန် သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် "သွေးသောက်ခုနစ်ယောက်အဖွဲ့" ဟာ သူတို့ရှာတွေ့ခဲ့တဲ့ အဖိုးတန် "သက်တန့်ဓါး" ကို တစ်ယောက် ၆ လစီ အလှည့်ကျကိုင်ဆောင်ရင်း နှစ်အတန်ကြာ အေးချမ်းစွာ နေထိုင်ခဲ့ကြပေမယ့် အမည်မသိ "ကောင်းကင်နဂါး" သိုင်းသမားရဲ့လက်ချက်နဲ့ မြင်းဖြူ "ရှောင်ဖုန်း"၊ ကြယ်ကြွေသိုင်းသမား "မင်းဟုန်"၊ သမားတော် "လင်း"နဲ့ လှံမင်းသား "လူစီး" တို့ ဆက်တိုက် သေဆုံးသွားခဲ့ကြပြီးနောက် "သွေးသောက်ခုနစ်ယောက်" အဖွဲ့ဝင်တွေအကြားမှာ သံသယပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် အသက်ရှင်ကျန်ရစ်သူတွေအထဲက သိုင်းရာဇာ "ချူးကျန့်"နဲ့ မီးအိမ်ဂိုဏ်းချုပ် "ရှောင်စန်းကျိ" တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး "ကောင်းကင်နဂါး" ဟာ "သက်တန့်ဓါး" ကို အပိုင်စီးလိုတဲ့ သစ္စာဖောက် အဖွဲ့ဝင် တဦးဦးနဲ့ ပတ်သက်နေရမယ်လို့ ကောက်ချက်ချခဲ့သလို သူတို့နှစ်ဦးလည်း မသင့်မမြတ် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် သိုင်းရာဇာ "ချူးကျန့်" ဟာလည်း "ကောင်းကင်နဂါး" ရဲ့ စိန်ခေါ်ချက်ကို ရရှိပြီး တိုက်ပွဲမှာ မယှဥ်နိုင်ဘဲ သေဆုံးသွားခဲ့သလို "သက်တန့်ဓါး" အားကိုးနဲ့ ရန်သူကို ဖော်ထုတ်ရင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့ သိုင်းရာဇာ "ချူးကျန့်" ရဲ့သမီး "ချူးစုဝါး" ဟာလည်း "ကောင်းကင်နဂါး" ကို ထိန်းချုပ်ခိုင်းစေနေတဲ့ "မီးအိမ်နီမြင်းလှည်း" ပိုင်ရှင်ကို ခြေရာခံမိခဲ့ပေမယ့် သိုင်းပညာချင်း မယှဥ်နိုင်ဘဲ အသက်လုပြေးခဲ့ရပါတယ်။
အဲဒီလို ဒဏ်ရာနဲ့ ထွက်ပြေးရာက "နဂါးတောင်ကြား" ကို ရောက်လာတဲ့ "ချူးစုဝါး" ကို သိုင်းသမား "ဆုံးလွေခုံး" က ကယ်တင်ပြုစုပေးရင်း မေတ္တာသက်ဝင်လာတဲ့အတွက် "ချူးစုဝါး" နဲ့အတူ "သက်တန့်ဓါးရဲ့လျှို့ဝှက်ချက်" ကို ရှာဖွေခဲ့ကြပြီး "သွေးသောက်ခုနစ်ယောက်အဖွဲ့" ရဲ့ သစ္စာဖောက်ကို ဖော်ထုတ်ကြတဲ့အခါ ... ။
📚၂ အုပ်တွဲ