"ငွေကြယ်အာမခံဌာန" ဟာ သူဌေးကြီး "ပိုင်ရွန်"၊ သမီးဖြစ်သူ "ပိုင်လင်း" တို့မိသားစုနဲ့ "မြူနှင်းတိုက်ပွဲ" အမည်ရှိ ပန်းချီကားတစ်ချပ်ကို "ကျန့်ကျန်းမြို့" က မြို့စားကြီး "ဟူချိ" စံအိမ်ဆီ အရောက်ပိုဆောင်ပေးဖို့ အလုပ်လက်ခံလိုက်ပြီးကတည်းက လာရောက်လုယက်တဲ့ သိုင်းလောကသားပေါင်းစုံနဲ့ မနားတမ်း ရင်ဆိုင်ရပါတော့တယ်။
ဌာနမှူး "ရွှမ်ကျင်" နဲ့ ဒုဌာနမှူး "ဝမ်စန်း" ဦးဆောင်တဲ့ "ငွေကြယ်အာမခံဌာန" ဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း မြို့စားကြီး "ဟူချိ" ထံ အရောက်ပို့ပေးနိုင်ခဲ့ပေမယ့် "မြူနှင်းတိုက်ပွဲ" ပန်းချီကား ရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ "ရတနာသိုက်မြေပုံ" ကို ဖော်ထုတ်ပေးဖို့ "မြို့စားကြီး" က ဆက်လက်အကူအညီတောင်းတဲ့အတွက် "ရွမ်ကျင်" တို့လည်း အရှုပ်အထွေးတွေကြားမှာ ဆက်လက်ပါဝင်နေခဲ့ရပြန်ပါတယ်။
"ရတနာသိုက်မြေပုံ" အပြင် "လျှို့ဝှက်သိုင်းကွက်" တွေပါ ပါဝင်ကြောင်း သတင်းကြီးနေတဲ့ "မြူနှင်းတိုက်ပွဲ" ပန်းချီကားရဲ့အကြောင်းက သိုင်းလောကထဲ ပျံ့နှံ့နေတာကြောင့် သိုင်းလောဘသားတွေဟာ "ကျန့်ကျန်းမြို့" ကို တဖွဲဖွဲရောက်လာကြပြီး တိုက်ခိုက်လုယက်ဖို့ ကြိုးစားကြပါတယ်။
မြိုစားဂေဟာကိုယ်ရံတော်တပ်မှူး "စုထင်း" နဲ့ ငွေကြယ်အာမခံဌာနမှူး "ရွှမ်ကျင်" တို့ပူးပေါင်းပြီး "မြူနှင်းတိုက်ပွဲ" ပန်းချီကား ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပေမယ့် အနက်ရောင်သိုင်းလောက ထိပ်သီး "ကုရှောင်" ကိုယ်တိုင် နောက်လိုက်အင်အား အများအပြားနဲ့ လာရောက်တိုက်ခိုက်တဲ့အခါ "ရွှမ်ကျင်" တို့ အခက်တွေ့ခဲ့ကြရပါတယ်။
ဒါပေမဲ့ "ဝိဉာဥ်တမန်အမိန့်တော်" ကြေးပြားပိုင်ရှင် ရဲ့ တပည့်တွေဖြစ်ကြတဲ့ လူငယ်လေး "မင်စွမ်း" နဲ့ မိန်းကလေး "ပိုင်လင်း"၊ သိုင်းပညာထက်မြက်သလောက် ဉာဏ်များလွန်းတဲ့ လူငယ်လေး "ရဲ့ဟူ"၊ "မရဏဂိုဏ်းချုပ်" အဖြစ် အတိတ်က နာမည်ဆိုးကို ပြန်အဖတ်ဆည်ဖို့ကြိုးစားနေတဲ့ မိန်းကလေး "နန်းကျူ" တို့က မြို့စားကြီးတို့အဖွဲ့ကို လာရောက်ဝန်းရံပေးခဲ့ကြတာကြောင့် "မြူနှင်းတိုက်ပွဲ" ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ... ။
("မိုးကျော်သူ" ရဲ့ "မြူနှင်းတိုက်ပွဲ"၊ ၄ အုပ်တွဲ စာစဥ်ဟာ "တက္ကသိုလ် နေလင်းအောင်" ရဲ့ "ဓါးတစ်ရာ ကြွေပန်းချီ"၊ ၄ အုပ်တွဲ သိုင်းစာစဥ်၊ မိုးကျော်သူ" ရဲ့ "သိုးပန်းချီနှင့်သိုင်းဒေဝီ"၊ ၆ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အခြေခံဇာတ်လမ်းကျောရိုး အတူတူပဲ ဖြစ်ပါတယ်။ "မြူနှင်းတိုက်ပွဲ" ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဓါးတစ်ရာ ကြွေပန်းချီ" ကို ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ်၊ "သိုးပန်းချီနှင့်သိုင်းဒေဝီ" ကို ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေခဲ့ပါတယ်။)
📚 ၄ အုပ်တွဲ