သူတို့ဟာ ဆင်းရဲနွမ်းပါးပေမယ့် ပျော်ရွှင်ကြတယ်။ ဘယ်သူ့ကိုမှ မတရားမလုပ်။ အခက်အခဲကြုံလည်း စိတ်မပျက်။ ကံကိုလည်း အပြစ်ပုံမချ။ ဆင်းရဲပင်ပန်းမှုကိုလည်း မမှု။ မနက်ဖြန်တွေအတွက်လည်း တွေးမပူ။ သူတို့ဟာ ကိုယ်ပိုင်လမ်းကြောင်းရှိသော၊ ဘဝဆန်သော၊ ပျော်ရွှင်မှု အပြည့်ရှိသော သူရဲကောင်း သိုင်းသမားတွေသာ ဖြစ်ကြပါတယ်။
သူတို့ရဲ့ လုပ်ရပ်တွေဟာ တမူထူးခြားပြီး အများစုနဲ့ မတူညီကြပါ။ သူတို့ရဲ့ လုပ်ရပ်တွေဟာ တစ်ခါတစ်ရံမှာ မှန်ပြီး တစ်ခါတစ်ရံမှာ မှားတတ်ပေမယ့် ကောက်ကျစ် ယုတ်မာမှုမပါတဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ သူတို့ကိုယ်တိုင်သာမက အခြားသူတွေကိုပါ ပျော်ရွှင်စေပါတယ်။
လက်ဖွာတဲ့ "ကိုတာလူ"၊ အပျင်းထူတဲ့ "ဝမ်းတုံ"၊ အအိပ်မက်တဲ့ "လင်းငြိမ်းချမ်း" နဲ့ ပဟေဠိဆန်တဲ့ "ယန့်ချစ်" တို့ အစားအစာ၊ ငွေ၊ ပကာသန၊ ဘာတစ်ခုမှ မချမ်းသာတဲ့ "ချမ်းသာဂေဟာ" မှာ ဆုံဆည်းမိကြပြီးနောက် ... ။
("မိုးကျော်သူ" ရဲ့ "ဘဝဆန်သော သိုင်းသမားများ"၊ ၄ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ပဲ ရေးသားခဲ့တဲ့ "လူပေါ် လူဇော် သိုင်းလေးဖော်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဝတ္တုအမည်သာကွဲပြားပြီး ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဇာတ်ကောင်အမည် အတူတူပဲဖြစ်ပါတယ်။ "လူပေါ် လူဇော် သိုင်းလေးဖော်" ကို ၁၉၉၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ဘဝဆန်သော သိုင်းသမားများ" ကိုတော့ ၂၀၀၃ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ